..............................

Monday, November 1, 2010

ရန်ကုန်တွင် မဲမပေးလိုသူ ၇၀ ရာခိုင်နှုန်းရှိ

နရီလင်းလက်
Friday, 29 October 2010

မကြာသေးမီက ကောက်ယူထားသော လူထုစစ်တမ်းအရ ကျင်းပရန် ရက်ပိုင်းမျှသာ လိုတော့သည့် ရွေးကောက်ပွဲတွင် မဲမပေးလိုသူ ၇၀ ရာခိုင်နှုန်းခန့် ရှိသည်ဟု သိရသည်။

ဆန္ဒမဲပေးရန် အမည်စာရင်းကို သက်ဆိုင်ရာမြို့နယ်အလိုက် ရပ်ကွက်ရုံးများတွင် ဖော်ပြပေး ထားသော်လည်း အမည်စာရင်း လာကြည့်သူ ၅ ဦးထက် မပိုကြောင်း အနောက်ပိုင်းခရိုင် ကော်မရှင် အဖွဲ့ဝင် တဦးကပြောသည်။

အဆိုပါ ရလဒ်မှာ မဲမပေးရေး ဆန့်ကျင်မှုလုပ်ရပ်များကြောင့်မဟုတ်ဘဲ နိုဝင်ဘာ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲ အပေါ် ပြည်သူလူထု ကိုယ်တိုင် စိတ်ပါဝင်စားမှု မရှိခြင်းအား ပြသခြင်းသာ ဖြစ်ကြောင်း လေ့လာသူများက ဝေဖန် ပြောဆို နေကြသည်။

“ကျေးလက်တောရွာတွေမှာ မဲပေးမယ့်သူက ရာခိုင်နှုန်း တော်တော်များများရှိတယ်။ အဓိက မြို့ကြီးတွေမှာ ကျတော့ ရွေးကောက်ပွဲ အသိပညာနဲ့ ထိတွေ့မှုရှိနေတော့ ကိုယ်ကြိုက်တဲ့ ပါတီတခုကို မဲထည့်လိုက်လို့ ရွေးကောက်ပွဲ ပြီးသွားလည်း စစ်အစိုးရဖွဲ့တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ပဲ အနိုင်ရမှာ သိနေတော့ သွားထည့်ဖို့ စိတ်မ၀င်စားကြဘူး” ဟုအလုံ မြို့နယ် ရပ်ကွက် ကော်မရှင် အဖွဲ့ဝင်တဦးက ပြောသည်။

မြို့ပြတွင် မဲမပေးလိုသည့် လူထု ၇၀ ရာခိုင်နှုန်းခန့်နှင့် အပြောင်းအလဲဖြစ်လာမလားဟု မျှော်လင့်ကာ မဲပေးလိုသည့် လူထု ၃၀ ရာခိုင်နှုန်းခန့် ရှိကြောင်း သူက ရှင်းပြသည်။

စစ်အစိုးရကျင်းပမည့် ရွေးကောက်ပွဲသည် ပြောင်းလဲမှု တစုံတရာ ဖြစ်လာမည် ဟု မျှော်လင့်ချက်မရှိသောကြောင့် မဲသွား ပေးမည် မဟုတ်ဟု ဆေးဝါး သုတေသနဌာနမှ ဆရာဝန်ဦးက ပြောသည်။

“အခုလောလောဆယ် ကြံ့ဖွံ့က အင်အားအကောင်းဆုံး ဖြစ်နေတာက တပိုင်း၊ တကယ်လို့များ လွှတ်တော်မှာ တခြား ပါတီတခုကလည်း အပြိုင် အနိုင်ရခဲ့ရင်ရော တကယ် အဲဒီပါတီကို အုပ်ချုပ်ခွင့် ပေးမှာလားဆိုတာ ဘယ်သူမှ မယုံဘူး။ ဒါကြောင့်လည်း အပြောင်းအလဲ ဖြစ်မလာမယ့် အရေးကို မဲမထည့်ချင်ဘူး” ဟု သူက ဆိုသည်။

မဲပေးလိုသည့် လူထု ၃၀ ရာခိုင်နှုန်းခန့်တွင် အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီနှင့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ (တစည ပါတီ) တို့အား မဲပေးလိုမှု များကြောင်း သိရသည်။

“ကြံ့ဖွံ့ပါတီကတော့ လုံးဝ မဲမပေးဘူး။ ကျန်တဲ့ ပါတီထဲက စဉ်းစားရမယ်ဆိုရင် ကြံ့ဖွံ့ကို အပြိုင်နိုင်ဆုံးက NDF ပဲရှိတော့ NDF ကို မဲထည့်မယ်။ ရွေးကောက်ပွဲမှာ ကြံ့ဖွံ့နိုင်မယ် ဆိုတာ သိပေမယ့် တမဲ ထည့်လိုက်ရတယ်၊ စစ်အစိုးရပါတီ မဟုတ်ဘူး ဆိုတဲ့ စိတ်နဲ့ ကိုယ့်တမဲက သူတို့အတွက် ဆန့်ကျင်လိုက်ရတယ် ဆိုတာမျိုးနဲ့ ကျေနပ်ရတာပေါ့” ဟု ပညာရေး တက္ကသိုလ် ဘွဲ့လွန် ကျောင်းသားတဦးက ပြောသည်။

၁၉၉၀ ရွေးကောက်ပွဲတွင် ပြည်သူလူထု၏ သဘောထားအမှန်ကောက်ယူမှုအရ NLD ပါတီ အနိုင်ရရှိခဲ့သော်လည်း စစ်အစိုးရက အာဏာကို ဆက်လက် ယူထားခဲ့ခြင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လူထု ထောက်ခံမှု မရှိခဲ့သော်လည်း နည်းလမ်းမျိုးစုံ အသုံးပြု၍ ထောက်ခံမှု ရယူခဲ့သည့် သာဓကများ ရှိခဲ့ခြင်း တို့ကြောင့် ယခုကျင်းပမည့် ရွေးကောက်ပွဲသည် တစုံတရာ ပြောင်းလဲမှု ဖြစ်နိုင်ဖွယ်ရာ မရှိသည့်အတွက် မဲပေးလိုမှု စိတ်ဆန္ဒ မရှိကြောင်း ရန်ကုန်အခြေစိုက် သတင်းဂျာနယ် တစောင်မှ သတင်းထောက်တဦးက ဆိုသည်။

“ပြည်သူလူထု မဲမပေးချင်တဲ့အချက်ထဲမှာ ပါတီတွေကနေ ရွေးကောက်ပွဲကို မထောက်ခံဖို့၊ မဲမပေးဖို့ လှုပ်ရှား မှုတွေကြောင့် မဟုတ်ဘူး။ မြန်မာ ပြည်သူလူထုက နိုင်ငံရေးနဲ့ ပတ်သက်ပြီး အလှမ်းဝေးအောင်၊ စိတ်မ၀င်စားအောင် စစ်အစိုးရက လုပ်ထား တဲ့ အချက်တွေ ကြောင့်လည်း ပါတယ်။ နိုင်ငံရေး အသိပညာ ချို့တဲ့တဲ့ လူတွေကျတော့ နိုင်ငံရေး၊ ပါတီ ဆိုတဲ့ အသံကြားတာနဲ့ ထောင်ကိုပဲ ပြေးမြင်တာ။ နောက်တခုက စီးပွားရေးပေါ့။ တဘက်မှာ ကိုယ့် စားဝတ်နေရေး အတွက် လှုပ်ရှား ရုန်းကန် နေရတော့ စိတ်မ၀င်စား တော့ဘူး” ဟု သူက ဆက်ပြောသည်။

ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်သည့် ပါတီများထဲ၌ ကြိုက်နှစ်သက်သည့် ပါတီတခုမှ မပါဝင်သည့်အပြင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို နှစ်သက်မှုမရှိခြင်းကြောင့် ယခု ကျင်းပသည့် ရွေးကောက်ပွဲကို စိတ်ဝင်စားမှု မရှိကြောင်း ဒဂုံ တက္ကသိုလ် သမိုင်းဌာနမှ နည်းပြဆရာ တဦးက ပြောသည်။

“အခု ကြည့်လိုက်ရင် ကြံ့ဖွံ့ ပါတီက လွဲပြီး သူနဲ့ ယှဉ်မယ့် ပါတီတွေကရော အားကိုးရပါ့မလား ဆိုတာမျိုး မေးစရာ ရှိလာတယ်။ တစည ပါတီကလည်း မဆလ ကနေ ပေါက်ဖွားလာတာ။ NDF ဆိုတာကလည်း ဒေါ်စုက ရွေးကောက်ပွဲ မ၀င်ဘူးလို့ ပြော လိုက်တဲ့အချိန်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကနေ ခွဲထွက်သွားတဲ့ ပါတီတခုလို့ မြင်တယ်။ ဒီတော့ ဘယ်ပါတီကိုမှ မဲမပေးချင်ဘူး” ဟု သူက ရှင်းပြသည်။

အနုပညာအလုပ်နှင့် စီးပွားရေးလုပ်ငန်းကိုသာ အာရုံစိုက်နေရသောကြောင့် ရွေးကောက်ပွဲနှင့် ပါတီများကို စိတ်မ၀င်စား နိုင်ကြောင်း ၀ါရင့် အနုပညာရှင် အမျိုးသမီး တဦးက ပြောသည်။

“ပါတီတွေ ရှိတယ်လို့ ကြားတယ်။ ဒါပေမယ့် အဲဒီဘက်ကို အမှန်အတိုင်းပြောရရင် စိတ်မ၀င်စားဘူး။ ရွေးကောက်ပွဲ လုပ်မယ် မဲထည့်ရမယ် ဆိုတာတော့ သိတယ်။ ဘယ်သူ့ ထည့်ရမယ် မသိဘူး။ ဘယ်သူတက်တက် ကိုယ့်ဘာသာကိုယ်ပဲ ရှာစားရမှာ ဆိုတော့ စိတ်လည်း မ၀င်စားဘူး။ ခု ရုပ်ရှင်ကားတခု အတွက် နိုင်ငံခြားမှာ အသံထည့်တာတို့ အဲဒီလိုမျိုးတွေ လုပ်ဖို့ ကိုယ့်စီးပွားရေး အတွက်ပဲ ခေါင်းထဲမှာရှိတယ်” သူက ဆိုသည်။

လက်ရှိ ကြံ့ဖွံ့ပါတီသည် ပါတီဝင် အင်အား ၁၆ သန်းမှ ၁၈ သန်းကြားတွင်ရှိသည်ဟု ထုတ်ပြန်ထားပြီး၊ ကြံ့ဖွံ့ပါတီကို ထောက်ခံ သည့် မဲဆန္ဒများကိုလည်း နည်းလမ်းမျိုးစုံ အသုံးပြု ရယူနေသော်လည်း အမှန်တကယ်တွင်မူ ရွေးကောက်ပွဲကို စိတ်ပါ ၀င်စားသည့် လူထု နည်းနေကြောင်း ရွေးကောက်ပွဲ လေ့လာသူများက သုံးသပ်ပြောဆိုကြသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့