..............................

Friday, October 22, 2010

ရန်ကုန်တိုင်းတွင် လုံခြုံရေး ပိုချထား

တက်လူ
၂၁ အောက်တိုဘာ ၂၀၁၀

ရန်ကုန်တိုင်းဒေသကြီး အတွင်းတွင် လုံခြုံရေး အတွင်းစည်း အပြင်စည်းများ ချထားကြောင်း ပြည်ထဲရေး (ရန်ကုန်ရုံး) မှ ရဲအရာထမ်း တဦးက ပြောသည်။

“အပြင်စည်း အတွင်းစည်း ဆိုတာကတော့ စစ်တပ်သုံးစကားပဲ။ အခုချတဲ့လုံခြုံရေးက ရဲရော၊ စစ်သားရော ချတာ။ အရင်ကဆို နေ့ဘက်မှာ ရဲလုံခြုံရေးချတာ။ အခုက ရွေးကောက်ပွဲ မတိုင်ခင် ပြဿနာတွေ ဖြစ်မှာစိုးလို့ ရဲရော၊ စစ်သားရော လုံခြုံရေးချတာ။ တပ်မ(၇၇) ကလည်းပါတယ်” ဟု ၎င်းက ပြောသည်။

ညဘက်ထွက်သူများအား ယခင်ထက်စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ရက်ပိုင်း အတွင်း၌ မြောက်ဥက္ကလာပ မြို့နယ်တွင် ညမထွက်ရ အမိန့်များ ထုတ်ပြန်ထားပြီး ဧည့်စာရင်းကို တင်းကျပ်စွာ စစ်ဆေးကြောင်း မြောက်ဥက္ကလာပ မြို့နယ် ခေမာသီလမ်းနေ ပြည်သူတဦးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရွှေပေါက္ကံမြို့နယ်၌ ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ရွေးကောက်ပွဲ ဆန့်ကျင်ရေး စာရွက် စာတမ်းများ ဖြန့်ဝေသည့် ကျောင်းသားများ အဖမ်း ခံရပြီးသည့်နောက် မြောက်ဥက္ကလာပ မြို့နယ်ကို ညမထွက်ရ အမိန့် ထုတ်ခဲ့ခြင်း ဖြစ်သည်။

“ရွှေပေါက္ကံက မြောက်ဥက္ကလာပ အပိုင်ဖြစ်တယ်လေ၊ အဲဒါကြောင့် ဆက်စပ်ပြီးတော့ ညမထွက်ရ ဆိုတာ လုပ်လိုက်တာ ဖြစ်မယ်၊ ကျန်တဲ့ မြို့နယ်တွေတော့ ညမထွက်ရဘူး ဆိုတာ မကြားမိဘူး” ဟု မြောက်ဥက္ကလာ (ည)ရပ်ကွက်သား တဦးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက် အဓိက လမ်းမကြီးများတွင် နေ့ဘက်၌ ရဲ အနည်းဆုံး (၂) ဦး မှ (၅) ဦးအထိ အစောင့်ချထားပြီး ညပိုင်း၌ လမ်းဆုံလမ်းခွများ၊ မီးပွိင့်များတွင် ယာဉ်အသွား အလာမှအစ လုံခြုံရေးအရ စစ်ဆေးမှုများ တင်းကျပ်စွာ လုပ်နေကြောင်း တက္ကစီ ယာဉ်မောင်းတဦးက ပြောသည်။

“ စီးပွားရှာရတာ မလွယ်ပါဘူးဗျာ။ မောင်းမကောင်းရတဲ့ကြားထဲ စစ်ဆေးရေးတွေက တမှောင့် ဖြစ်နေတယ်။ လမ်းတွေမှာ သံဆူးကြိုးတွေ ချပြီးတော့ (၄) လမ်းသွားဆိုရင် ဟိုဘက်တလမ်းပိတ် ဒီဘက်တလမ်း ပိတ်ပြီးတော့ စစ်တယ်။ ဒါကြောင့် ယာဉ်ကြော ကြပ်တယ်၊ ကြာတာပေါ့။ ခရီး မတွင်ဘူးလေဗျာ။ စစ်တာတွေကတော့ မီးသတ်ပါတယ်၊ အရပ်ဝတ်နဲ့ ရယက တွေပါတယ်၊ ရဲပါတယ်။ အခုတလော များလာတယ်ဗျ” ဟု တောင်ဥက္ကလာပမှ အငှားယာဉ်မောင်းတဦးက ပြောသည်။

နအဖ သည် ယခုနှစ်ရွေးကောက်ပွဲကို လာမည့်နိုဝင်ဘာ (၇) ရက်နေ့တွင် ကျင်းပမည်ဟု ကြေညာထားပြီး ရွေးကောက်ပွဲ မတိုင်မီ ဆူပူမှုများ ဖြစ်ပေါ်မည်ကို အလွန် စိုးရိမ်နေကြောင်း ရန်ကုန်တိုင်း အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီမှ အရာထမ်း တဦးထံမှ သိရသည်။

၎င်းက “အစိုးရအနေနဲ့ ၂၀၀၈ တုန်းကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုတဲ့အခါ မဖြစ်မနေ လုပ်သွားခဲ့တယ်။ အခုလည်း သူတို့က ရွေးကောက်ပွဲကို မဖြစ်မနေ လုပ်မှာဖြစ်တဲ့ အတွက် သူတို့အတွက် အပျက်ဖြစ်သွားမှာကို မလိုလားဘူး။ ဒါ့ကြောင့် အစစအရာရာ လုံခြုံရေး ချထားတာဖြစ်တယ်။ ဒီလဆန်းက စပြီးတော့ အရင်ထက် လုံခြုံရေး တိုးလိုက်တယ်” ဟု ပြောသည်။


Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့