..............................

Wednesday, October 20, 2010

KIA နှင့် နအဖ စစ်ရေး တင်းမာ

စိုင်းဇွမ်ဆိုင်း
Tuesday, October 19, 2010

ကချင်ပြည်နယ် မိုးညှင်းမြို့နှင့် ဟိုပင်မြို့များရှိ ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) ၏ ဆက်ဆံရေးရုံးများကို ယမန်နေ့ ညတွင် နအဖတပ်များက ဝိုင်းထားပြီး ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင် ၃ ဦးကိုလည်း ဖမ်းဆီးလိုက် ကြောင်း သိရှိရသည်။

KIO ၏ လက်ထောက် အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးဆင်ဝါက“မိုးညှင်းနဲ့ ဟိုပင်မှာရှိတဲ့ KIO ဆက်ဆံရေးရုံး ဝန်ထမ်း ၃ ယောက် ဖမ်းသွားပါတယ်၊ ဘာဖြစ်လို့ဖမ်းလဲ ဆိုတဲ့အကြောင်းအရင်းသိရဖို့ ကျနော်တို့ဘက်က စုံစမ်းနေပါ တယ်”ဟု ဧရာဝတီသို့ ပြောသည်။

KIA ၏ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်ကလည်း နအဖတပ်များ ဝိုင်းထားခြင်း၊ ဆက်ဆံရေးရုံးဝန်ထမ်းများအား ဖမ်းဆီး ထားခြင်းတို့၏ အကြောင်းအရင်းများကို သိရှိရန် ကချင်ပြည်နယ် လဂျားယံ ဒေသရှိ နအဖတပ်များမှတဆင့် ဖြေရှင်းချက် တောင်းခံထားကြောင်း BBC သတင်းဌာနသို့ ပြောသည်။

ယမန်နေ့ ညနေပိုင်းတွင် ဟိုပင်မြို့ရှိ KIO ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်လွန်းခေါင်နှင့် အဖွဲ့က ပြီးခဲ့သည့် သောကြာနေ့က မိုင်းနင်းမိ၍ မိုးညှင်းဆေးရုံတွင် ဆေးကုသမှု ခံနေရသူအား KIO ဌာနချုပ် ညွှန်ကြားချက်အရ သွားရောက်ကြည့်ရှု၍ အားပေးစကား ပြောချိန်တွင် ဒေသခံ နအဖ တပ်မှ ၎င်းတို့အား ဖမ်းဆီး ထားလိုက်ခြင်းဖြင့် ပြဿနာ စတင်သည်ဟု ကချင် သတင်းဌာန အယ်ဒီတာ ကိုနော်ဒင်းက ဧရာဝတီသို့ ပြောသည်။

“ဗိုလ်လွန်းခေါင်တို့ကို ဖမ်းထားပြီးတော့ ည ၈ နာရီလောက်မှာ မိုးညှင်းနဲ့ ဟိုပင်မှာရှိတဲ့ ဆက်ဆံရေး ရုံးတွေကို လာဝိုင်း ကြတယ်၊ အဲဒီမှာ ရဲလည်း ပါတယ်၊ စစ်တပ်လည်း ပါတယ်။ ပြီးတော့ ရုံးထဲကို ထိုးဖောက် ဝင်ရောက်တဲ့ အဆင့်ထိ ဖြစ်သွား တယ်၊ အပစ်အခတ်တော့ မရှိဘူး” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ယင်းကိစ္စကို KIA ဌာနချုပ်က သိရှိပြီးနောက် ယမန်နေ့ည သန်းခေါင်ယံ အချိန်ခန့်တွင် လိုင်ဇာ အနီး လဂျားယံ စုပေါင်း ဂိတ်ရှိ နအဖ တပ်များကို ဝိုင်းထားရန် KIA ဌာနချုပ်မှ ညွှန်ကြားခဲ့ကြောင်း၊ စစ်ဘက်ရေးရာ လုံခြုံရေး (စရဖ) နှင့် KIA ထိပ်တန်း ခေါင်းဆောင်များ တွေ့ဆုံ၍ ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း ကိုနော်ဒင်းက ဆိုသည်။

လဂျားယံ ဒေသရှိ နအဖ တပ်များအား KIA တပ်များ က ဝိုင်းထားသည် ဟူသောသတင်းကို ဗိုလ်မှူးကြီး ဆင်ဝါက မဟုတ်မှန် ကြောင်း ငြင်းဆိုသည်။

“ဒီထက် အခြေအနေ ပိုဆိုးလာမလား ဆိုတာကတော့ အစိုးရအပေါ်မှာပဲ မူတည်တယ်လေ၊ ကျနော်တို့က ပိုဆိုး စေချင်တဲ့ ရည်ရွယ်ချက်မှ မရှိတာ၊ ကိုယ့်ကိုယ်ကိုယ်တော့ စစ်ရေးအရ ကြိုတင် ကာကွယ်မှုတွေကို ပြင်ဆင် ထားတာမျိုးတော့ ရှိတာပေါ့” ဟုလည်း ဗိုလ်မှူးကြီး ဆင်ဝါက ပြောသည်။

KIA သည် အင်အား ၈ ထောင်ခန့် ရှိပြီး ၁၉၉၄ ခုနှစ်မှ စတင်ကာ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည်။ နယ်ခြားစောင့် တပ် ဖွဲ့စည်းရေးကို ငြင်းဆန် ခြင်း၊ စက်တင်ဘာလ ၂၃ ရက်နေ့က နအဖ၏ ရဟတ်ယာဉ်အား သတိပေး ပစ်ခတ်ခဲ့ခြင်း တို့ကြောင့် နှစ်ဘက် ဆက်ဆံရေးများ ပိုမို တင်းမာလာသည်ဟု စစ်ရေး လေ့လာသူများက ဆိုသည်။

အပစ်အခတ်ရပ်သည့် ၁၆ နှစ်တာကာလအတွင်း KIA ကို သောင်းကျန်းသူ ဟု ပြီးခဲ့သည့် သောကြာနေ့တွင် အစိုးရထုတ် မြန်မာ့အလင်း သတင်းစာမှတဆင့် ခေါ်ဆိုလိုက်သည်။

ယမန်နှစ် သြဂုတ်လအတွင်း အပစ်ရပ် ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) အား နအဖတပ်မှ ဖြိုခွဲခဲ့ပြီးနောက် KIA ကလည်း စစ်ရေးအရ ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့ကြောင်း ကိုနော်ဒင်းက ဆိုသည်။

နအဖ တပ်များသည် KIA အပါအဝင် နယ်ခြားစောင့်တပ်ဖွဲ့စည်းရန် ငြင်းဆန်နေဆဲ ဖြစ်သည့် “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ၊ ရှမ်းပြည်တပ်မတော်- မြောက်ပိုင်း (SSA- N) ၏ တပ်မဟာ (၁) တို့နှင့်လည်း စစ်ရေး တင်းမာမှုများ ရှိနေကြောင်း သိရှိရသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့