..............................

Thursday, October 21, 2010

မွန်ငြိမ်းချမ်းရေးနဲ့ ကာကွယ်ရေး တပ်ဖွဲ့ဝင် အားလုံး တနေရာထဲ ပြောင်းရွှေ့ရန် စစ်အစိုးရမှ ညွှန်ကြား

စန္ဒာဦး

သီတင်းကျွတ်လဆန်း၁၂ရက်။အောက်တိုဘာ ၂၁၊၂၀၁၀။

စန္ဒာဦး(အောက်တိုဘာ-၂၁)။ ။မွန်ပြည်သစ်ပါတီမှ ခွဲထွက်အဖွဲ့တစ်ခုဖြစ်သည့် မွန်ငြိမ်းချမ်းရေးနဲ့ ကာကွယ်ရေး တပ်ဖွဲ့ ဝင်များကို စစ်အစိုးရမှ တနေရာထဲမှာ စုစည်း နေဖို့ ညွှန်ကြားချက် တွေပေးလာခဲ့သည်ဟု အဖွဲ့နှင့် နီးစပ်သူ တစ်ဦးမှ ပြောပါသည်။

မွန်ငြိမ်းချမ်းရေးနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေအားလုံးကို တပ်တည်နေရာ အဖြစ်သတ် မှတ်ပေးထားသော ဖါးအံမြို့နယ်၊ ကော့ယက္ခ အမှတ်(၁) အထူးဒေသကို အောက်တိုဘာလ(၁၁)ရက်နေ့ နောက်ဆုံးထားပြီး တပ်အားလုံး ပြောင်းရွှေ့ကြရန် အရှေ့တောင်တိုင်း စစ်ဌာနချုပ် စစ်ဦးစီးမှူး ပထမတန်း၊ စစ်ဘက်ဆိုင်ရာ လုံခြုံရေး ဌာနကနေ ညွှန်ကြားချက် ပေးလာခဲ့သည်။

အဆိုပါ ညွှန်ကြားချက်အပေါ် မွန်ငြိမ်းချမ်းရေးနဲ့ကာကွယ်ရေးတပ်ဖွဲအနေနှင့် လက်ရှိအနေအထား အရ ပြောင်းရွှေ့ရန် အခက်အခဲ ရှိနေကြောင်း အရှေ့တောင်တိုင်း စစ်ဌာနချုပ်ကို တင်ပြထားသည်ဟု အဖွဲ့နှင့် နီးစပ်သူ စီးပွါးရေး လုပ်ငန်းရှင် တစ်ဦးကို ဆက်သွယ်မေးမြန်းရာတွင် ယခုလို ပြောပါသည်။

“(၁၁)ရက်နေ့ကို ကော့ယက္ခအထူးဒေသကို ပြောင်းရွှေ့ဖို့ ညွှန်ကြားထားတာ ရှိတယ်။ အဲတာ သူတို့က အချိန်တိုတို အတွင်း(၄)ရက် အတွင်းမှာ ဆိုရင် ပြောင်းဖို့ အချိန် မလုံလောက်ဘူး။ ဒီကော့ယက္ခ ဒေသဟာလဲ လမ်းပန်း ဆက်သွယ်ရေး ဟာခက်တယ်။ နောက်နယ်မြေက ကျဉ်းတယ်။ နောက်ရွာတွေ ငယ်ပြီးတော့ ဒီစားဝတ်နေရေးတွေ အဆင်မပြေဘူး။ အကောက်အခွန်လဲ ကောက်လို့ မရတဲ့ အခါကျတော့ စားဝတ်နေရေးတွေ အခက်အခဲရှိတယ်။ အဲဒီလို တင်ပြထားတာ ရှိတယ်။”

ထို့အပြင် နောက်ထပ်နေရာဒေသသစ်များဖြစ်သော နောက်ကျိုက်မရောမြို့နယ် ကော့ဒွန်းကော့ပနော ဒေသ ရေးမြို့နယ် တောင်ပိုင်း မြောက်ပိုင်း နယ်မြေဒေသ သံဖြူဇရပ်မြို့နယ် ရသေ့တောင်ဒေသ၊ မုဒုံမြို့နယ်၊ သထုံခရိုင် ဒေသအချို့ ကိုလည်း ထပ်မံ တောင်းဆိုမှု ပြုခဲ့သည်ဟု အဖွဲ့နှင့် နီးစပ်သူ တစ်ဦးမှပြောပါသည်။

ဤတောင်းဆိုချက်အပေါ် စစ်အစိုးရမှ အကြောင်းပြန်ခြင်းမရှိသေးဟု အဖွဲ့နဲ့နီးစပ်သူ တစ်ဦးမှ ပြောပါသည်။

စစ်အစိုးရကနေသတ်မှတ်ပေးထားသော ကော့ယက္ခအထူးဒေသသည် ယခင်ကမွန်ပြည်သစ် ပါတီနှင့် စစ်အစိုးတို့ အပစ်ခတ် ရပ်ဆဲရေး စတင် ဆွေးနွေးစဉ်က မွန်ပြည်သစ် ပါတီကို ယာယီ တပ်တည်နေရာ အဖြစ် သတ်မှတ် ပေးထားသည့် နယ်မြေဖြစ်ပါသည်။

မွန်ငြိမ်းချမ်းရေးနဲ့ကာကွယ်ရေးအဖွဲ့ကို (၂ဝဝ၈)ခုနှစ်တွင် မွန်ပြည်သစ်ပါတီမှ အနားယူ ထားသော စစ်ဦးစီး ချုပ်ဟောင်း ဗိုလ်ချုပ်အောင်နိုင်မှ နေပြည်တော် စစ်အာဏာပိုင်များနှင့် နားလည်မှု ရယူပြီး ဖွဲ့စည်းတည် ထောင်ခဲ့ပါသည်။

တပ်အသွင်ပြောင်းရေးကိုလက်မခံသည့် မွန်ပြည်သစ်ပါတီအပေါ် စစ်အစိုးရကနေ စစ်ရေးအရ ထိုးနှက် လာမည် ဆိုလျှင် မွန်ပြည်သစ် ပါတီ လှုပ်ရှားရာ နယ်မြေ ဒေသများကို ပြန်လည်ချုပ်ကိုင်ရန် အစီအစဉ်ရှိရှိနဲ့ လုပ်ဆောင်နေသည်ဟု စစ်အာဏာပိုင်များနှင့် နီးစပ်သူ တစ်ဦးမှ ပြောပါသည်။

မွန်ငြိမ်းချမ်းရေးနှင့်ကာကွယ်ရေးအဖွဲ့ကို မွန်ပြည်သစ်ပါတီက စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်အောင်နိုင် ကွယ်လွန်ပြီး နောက်ပိုင်း ဒုတိယ ဥက္ကဌဖြစ်သူ ဗိုလ်ချုပ် နိုင်ရှောင်မှ ဥက္ကဌအဖြစ် ဆက်လက် ဦးဆောင်ခဲ့ပါသည်။

မွန်ငြိမ်းချမ်းရေးနဲ့ ကာကွယ်ရေး အဖွဲ့သည် စစ်အစိုးရအလိုကျ ဌာနေပြည်သူ့စစ် တပ်ဖွဲ့ ဖွဲ့စည်းရန် သဘော တူညီချက် ရရှိပြီး ဖြစ်သော်လည်း လိုအပ်သော တပ်ဖွဲ့ဝင်ဦးရေ မပြည့်သော ပြဿနာကြောင့် ယနေ့ထိတိုင် ဖွဲ့စည်းနိုင်ခြင်း မရှိသေးပေ။


Ref: ကောင်းဝါ

0 comments:

အပေါ်သို့