..............................

Wednesday, October 20, 2010

အချုပ်သားများ ကြိုတင်မဲပေးရမည်ဟု ဦးသိန်းစိုး ပြော

အင်္ဂါနေ့၊ အောက်တိုဘာလ ၁၉ ရက် ၂၀၁၀

ရန်ကုန် (မဇ္ဈိမ) ။ ။ ရွေးကောက်ပွဲတွင် အချုပ်သားများ မဲပေးနိုင်သဖြင့် ၎င်းတို့ကို ကြိုတင်မဲ ကောက်ခံမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက နေပြည်တော်တွင် ယမန်နေ့က ပြည်တွင်းပြည်ပ သတင်းထောက်များ ရှေ့မှောက်တွင် ပြောဆိုခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး အီလက်ထရောနစ် စည်းဝေးခန်းမ၌ ရွေးကောက်ပွဲဆိုင်ရာ အကြောင်း အရာများနှင့် ပတ်သက်၍ ပြုလုပ်သော အစည်းအဝေးတွင် ဦးသိန်းစိုးက သတင်းထောက်များ မေးမြန်းချက်အပေါ် ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ရွေးကောက်ပွဲတွင် မဲပေးနိုင်သူ ၂၉ သန်းကျော်ရှိရာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အချုပ် ကျနေသူများ အနေဖြင့် မဲပေးခွင့် ရခြင်းမှာ ဥပဒေအရ ဖြစ်ကြောင်း သတင်းထောက် တဦး၏ မေးမြန်းချက် တရပ်ကို ဦးသိန်းစိုးက ဖြေကြား ခဲ့သေးသည်။

’’ဒေါ်အောင်ဆန်းစုကြည် မဲပေးခွင့်ရတယ်ဆိုတာလည်း ဥပဒေအရ ဖြစ်တယ်။ အကျဉ်းကျ ခံနေရသူတွေသာ မဲပေးခွင့် မရတာ ဖြစ်တယ်။ အချုပ်ကျနေတဲ့ အချုပ်သားတွေလည်း မဲပေးခွင့်ရတယ်။ သူတို့တွေတော့ ကြိုတင်မဲ ပေးခွင့်ရမယ်’’ ဟု သူက ပြောသည်။

ကြိုတင်မဲပေးခွင့် ရရှိသူများမှာ အရေးပေါ်တာဝန် ထမ်းဆောင်နေသည့် ရဲဝန်ထမ်းများ၊ သင်တန်း တက်နေသူများ၊ ဆေးရုံ တက်နေသူများ၊ ပြည်ပ သွားမည့်သူများနှင့် တပ်မတော် မိသားစုများ ဖြစ်သည်ဟု ကော်မရှင်က ဆိုသည်။

ဦးသိန်းစိုးက ’’ဥပမာပြောရရင် ကင်းလှည့်တာဝန်ကျနေတဲ့ ရဲဝန်ထမ်းတဦးက မဲပေးရမယ့်နေ့မှာ သူ့တာဝန် အတွက်ကို မဲသွားပေးမယ့် အချိန် မရဘူးဆိုရင် ညကပဲ သက်ဆိုင်ရာ ရပ်ကျေး ကော်မရှင်ထံမှာ ကြိုတင်မဲ ပေးရမယ်။ ဒါက အရေးပေါ် အနေအထား ဖြစ်သွားလို့ပေါ့။ မဲပေးမယ့်နေ့မှာ ကိုယ်က မရှိနိုင်ဘူးလို့ ကြိုတင် သိနေသူကတော့ သက်ဆိုင်ရာ မြို့နယ်ကော်မရှင်မှာ ကြိုတင်မဲ ပေးလို့ ရတယ်။ ကြိုတင်မဲပေးပုံက အဲလို ၂ မျိုး ရှိတယ်’’ ဟု ပြောသည်။

ထို့အပြင် မဲပေးရမည့်နေ့တွင် အကျဉ်းထောင်မှ လွတ်လာသူများနှင့် ထိုနေ့တွင် အသက် ၁၈ နှစ် ပြည့်သူ များလည်း မဲပေးနိုင်မည် ဖြစ်သည်။

ယခုအခါ လွတ်ရက်စေ့ အကျဉ်းသားများကို ကြိုတင်မဲကောက်ခံရန် အကျဉ်းထောင်များတွင် ပြင်ဆင်နေကြောင်း ရန်ကုန် အင်းစိန် အကျဉ်းဦးစီး အရာထမ်း တဦးက ဆိုသည်။ ’’ကော်မရှင်နဲ့ ဆွေးနွေးနေတယ်၊ ကြိုတင်မဲကို ယူလို့ ရမရ’’ ဟု သူက ပြောသည်။

သို့သော် ပြည်တွင်းဝါရင့် အယ်ဒီတာတဦးကမူ ယင်းကိစ္စနှင့်ပတ်သက်ပြီး ’’မဆိုင်ဘူး၊ ကြိုတင်မဲကို မဲဆန္ဒရှင်က အခြေအနေ အရသာ ပေးခွင့် ရတာလေ။ ဦးသိန်းစိုး ပြောထားပြီပဲ။ ဘယ်လို လူမျိုးတွေ ကြိုတင်မဲပေးလို့ ရတယ်ဆိုတာ။ အခုဟာက လွတ်ရက်စေ့လို့ လွတ်လာတဲ့ ကိစ္စကို ဘာအကြောင်းကြောင့် ကြိုတင်မဲ ယူရမှာလဲ။ ကျနော်ကတော့ အဲဒါကို မရိုးသားဘူးလို့ ထင်တယ်’’ ဟု မှတ်ချက်ပေးသည်။

နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် အရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်း ၃၁၅၃ ဦး ရှိသည့်အနက် တသီးပုဂ္ဂလ ၈၂ ဦး ပါဝင်သည်။ ထို့အပြင် အမတ်နေရာ ၁၁၅၈ နေရာ ရှိသည့်အနက် မဲဆန္ဒနယ် ၅၄ ခုတွင် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းမှာ တဦးစီသာ ရှိသဖြင့် ၎င်းတို့သည် လွှတ်တော်အမတ် သေချာပေါက် ဖြစ်မည်ဟု ဦးသိန်းစိုးက ဆိုသည်။ မည်သည့် ပါတီမှဖြစ်ကြောင်း မေးမြန်းကြရာ ’’၃၇ ပါတီထဲက ဖြစ်ပါတယ်’’ ဟုသာ ဖြေကြားခဲ့သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့