..............................

Wednesday, October 20, 2010

ဖမ်းထားသည့် ကချင်အရာရှိ နှစ်ဦး ထွက်ပြေးဟု မပခ ပြော

ဖနိဒါ
အင်္ဂါနေ့၊ အောက်တိုဘာလ ၁၉ ရက် ၂၀၁၀


ချင်းမိုင် (မဇ္စျိမ) ။ ။ ကချင်လွတ်မြောက်ရေးအဖွဲ့ ဟိုပင်မြို့ ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်ကြီးခေါင်လွမ်းနှင့် ဒုအရာခံ ဗိုလ်တဦး ဖမ်းဆီးထားရာမှ ယနေ့မနက် ထွက်ပြေးသွားကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) က ပြောသည်ဟု ကေအိုင်အိုဘက်က သိရသည်။

ယမန်နေ့ မနက် ၁ဝ နာရီခန့်က ဟိုပင်မှ မိုးညှင်းအသွား လမ်းတွင် ဒုရဲအုပ်နှင့် အဖွဲ့က ဗိုလ်ကြီးခေါင်လွမ်းကို စီးလာသော ဗင်ကားနှင့်အတူ ခေါ်သွားကာ ဟိုပင်မှ ဒုအရာခံဗိုလ်နှင့် တပ်သား တဦးကိုလည်း ထိုနေ့ မနက်ကပင် အာဏာပိုင်များက ဖမ်းဆီး သွားခဲ့သည်။ ယနေ့မနက်တွင် ၎င်းတို့ ထွက်ပြေး လွတ်မြောက်သွားသည်ဟု မပခ က ကေအိုင်အိုကို ဖုန်းဖြင့် အကြောင်းကြားခဲ့သည်။

“ဒီမနက်ကျတော့ ထွက်ပြေးသွားပြီလို့ ပြောတယ်။ လိမ်ညာနေတာ။ သူတို့ ခေါ်ထားတုန်း ပျောက်သွားတယ် ဆိုတော့ ပျောက်သွားလဲ သူတို့တာဝန်၊ ထွက်ပြေးလဲ သူတို့တာဝန်ပဲ” ဟု ကေအိုင်အို ဆက်ဆံရေးရုံး အရာရှိတဦးက မဇ္ဈိမကို ပြောသည်။ ၎င်းတို့နှင့် ဆက်သွယ် မရသေးကြောင်းလည်း ဆိုသည်။

မိုင်းနင်းမိသူများကို အကူအညီပေးရင်း မိုးညှင်းဆေးရုံတွင် ဆေးကုနေသူကို တွေ့ရန်အသွား လမ်းတွင် ဗိုလ်ကြီးခေါင်လွမ်း အဖမ်းခံရကာ ဟိုပင်ရုံးမှ နှစ်ဦးကိုမူ ရဲနှင့် စစ်ဖက်ဆိုင်ရာ လုံခြုံရေးတပ်က ဖမ်းသွားခဲ့သည်။

ယခုလ ၁၇ ရက်က မိုးညှင်းမြို့နယ် ကေအိုင်အို နယ်မြေတွင်းက နွားလပို့တောင်ထိပ်၌ မိုင်းနင်း၍ သေဆုံး ဒဏ်ရာရသူများ ရှိခဲ့ရာ လူလူချင်း စာနာမှုအရ ထောက်ပံ့ငွေ ပေးရန် လူနာများထံ သွားကြည့်ရန် ဗိုလ်ကြီးခေါင်လွမ်း ဟိုပင်မြို့ စစ်ဖက်ရေးရာ လုံခြုံရေး တပ်ဖွဲ့သို့ သတင်း ပို့ခဲ့သေးသည်။

ယနေ့နံနက် ၁ နာရီတွင် ဒုရဲမှူးကြီးဝင်းဦး၊ စရဖ တပ်ဖွဲ့မှ ဗိုလ်ကြီးကျော်စိုးမိုးစသည့် လူ ၃ဝ ကျော် ကေအိုင်အို ဟိုပင်ရုံးတွင်း ဝင်လာကာ ၄ နာရီကြာ စစ်ဆေးပြီး Icom အမျိုးအစား ဆက်သွယ်ရေး စက်တလုံး ယူသွားကြသည်။

“ဟိုပင်က ရဲနဲ့ စရဖ တွေ အားလုံး ၁ဝ ယောက်လောက် ပါတယ်။ ရပ်ကွက်လူကြီးတွေလဲ ပါတယ်” ဟု ကေအိုင်အို အရာရှိက ပြောသည်။ ထို့ပြင် ကေအိုင်အို၏ ဟိုပင်နှင့် မိုးညှင်း ဆက်ဆံရေးရုံးဖုန်း ၂ ခုစလုံး လိုင်း ဖြတ်ခံ ထားရသည်ဟု ဆိုသည်။

မနေ့ညကပင် ကေအိုင်အိုက မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက် လဂျားယန်တပ်ရင်း ခလရ ၁၄၂ ရှိ စရဖ ခေါင်းဆောင်များကို ကေအိုင်အို အရာရှိများ ဖမ်းဆီးမှုနှင့်ပတ်သက်၍ ဖြေရှင်းရန် ပြောခဲ့သေးသည်။

မိုးညှင်းရှိ ကေအိုင်အို ဆက်ဆံရေးအရာရှိ ဒုအရာခံဗိုလ်တန်ဂွန်းသည် မိုးညှင်းရဲစခန်း လိုက်သွားပြီး မည်သည့် အတွက် ဖမ်းဆီးရသည်ကို မေးမြန်းစဉ် ရဲအရာရှိများက အထက်ညွန်ကြားချက် ရမှ လွှတ်ပေးမည်ဟု တုံ့ပြန် ပြောဆိုခဲ့သည်။

သို့သော် မနေ့ ညနေ ၄ နာရီခန့်က မိုးညှင်းမြို့ ရပ်ကွက်လူကြီးများကို ခေါ်၍ ဗင်ကားကို စစ်ဆေးရာ ကားနောက်တွင် ဘိန်း ၄ တောင့် တွေ့သဖြင့် မူးယစ်ဆေးဝါးမှုဖြင့် တရားစွဲရန် စီစဉ်နေစဉ် ဗိုလ်ကြီးခေါင်လွမ်းနှင့် ဒုအရာခံဗိုလ်တို့ ကိုယ်လွတ် ထွက်ပြေး သွားခဲ့သည်ဟု မပခ က ဖုန်းဖြင့် ပြောသည်။

ဗိုလ်ကြီးခေါင်လွမ်းသည် မူးယစ်ဆေးသုံးသူ မဟုတ်သဖြင့် အာဏာပိုင်များက တမင်ဖန်တီးကာ ဖမ်းရန် ကြံစည်ခဲ့ကြောင်း ကေအိုင်အို အရာရှိက ဆိုသည်။

“အဲဒီဗိုလ်ကြီးက ဘိန်းသောက်တဲ့ လူတွေကို လုံးဝ မကြိုက်ဘူး။ ဆေးလိပ်လဲ မသောက်ဘူး။ သူ့ကားမှာ ဘိန်းတွေ့တယ် ဆိုတော့ အံ့သြစရာပဲ။ အစိုးရက ဒီလို မမှန်မကန်လုပ်တာ အခုမှ မဟုတ်ပါဘူး” ဟု သူက ပြောသည်။

ကေအိုင်အိုကို စစ်ရေးအရ တိုက်ခိုက်ရန် ဖွဲ့စည်းထားခြင်း မဟုတ်ဘဲ ရသင့်ရထိုက်သော အခွင့်အရေး ရရှိရန် ဖွဲ့စည်း ထားခြင်းဖြစ်၍ စတင် ပစ်ခတ်မည် မဟုတ်ဟု ကေအိုင်အိုက ပြောဆိုထားသည်။

နယ်ခြားစောင့်တပ် အသွင်မပြောင်းသဖြင့် ကေအိုင်အိုကို စစ်ရေးအရ တိုက်ခိုက်ရန် အကြောင်းပြချက် အဖြစ် ယခုလို သွေးတိုး စမ်းကြောင်း ထိုင်းနိုင်ငံရှိ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး အင်အားစု သုတေသနဌာနမှ မြန်မာ့အရေးလေ့လာသူ ဦးဌေးအောင်က သုံးသပ်သည်။

“အပစ်ရပ်အဖွဲ့တွေထဲက ကေအိုင်အိုကို အငြိုးတကြီးနဲ့ လုပ်နေတာပဲ။ မြစ်ဆုံဗုံးပေါက်ကွဲတဲ့ ကိစ္စ၊ အခုကိစ္စတွေကို အစိုးရ အနေနဲ့ ဒီလို အကြောင်းပြစရာ ကောင်းကောင်း ပေါ်လာရင် စစ်ရေးအရ နှိမ်နင်းဖို့၊ အရေးယူဖို့ လုပ်နေတယ်လို့ ယူဆရတယ်။ လတ်တလော ဖြစ်နေတဲ့ ဗုံးခွဲတဲ့ ကိစ္စဆိုတာက သူတို့အတွက် အကြောင်းပြဖို့ ရှိတယ်။ ဒါကြောင့် တိုက်တယ်ဆိုပြီး နိုင်ငံတကာကို အကြောင်းပြလို့ ရမယ်လေ။ ရွေးကောက်ပွဲပြီးရင် အရပ်သား အစိုးရ အဖွဲ့ အမိန့်ပေးလို့ တိုက်ရပါတယ် ဆိုတာမျိုး ဖြစ်လာမယ်လို့ ယူဆတယ်” ဟု သူက မဇ္စျိမကို ပြောသည်။


Ref: မဇ္ဈိမ

0 comments:

အပေါ်သို့