..............................

Thursday, June 24, 2010

ပါတီဝင်များ မဲမထည့်ရန် NLD ခေါင်းဆောင်များ လှုံ့ဆော်

သန်းထိုက်ဦး
Wednesday, June 23, 2010

Share/Save/Bookmark အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင်များကို လာမည့် ရွေးကောက်ပွဲတွင် မဲမထည့်ကြရန် ပါတီ ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင် တဦးဖြစ်သူ ဦးဝင်းတင်က ပြောကြားသည်။

ဦးဝင်းတင်က ယခုလ ၁၉ ရက်နေ့မှ စတင်၍ ကရင်ပြည်နယ် ခရီးစဉ်တွင် NLD ပါတီဝင်များကို သွားရောက် တွေ့ဆုံခဲ့ချိန်၌ ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

NLD ပါတီဝင်များ အနေနှင့် မဲမထည့်ကြရန် ပြောကြားခဲ့ သော်လည်း မဲထည့်ရန် လိုအပ်ပါက တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည) နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီ (USDP) တို့ကို မဲမထည့်ကြရန် ပြောကြားခဲ့ကြောင်းလည်း ဦးဝင်းတင်က ဧရာဝတီသို့ ပြောသည်။

ဦးဝင်းတင် အပါအ၀င် ဖျာပုံနီလုံဦး နှင့် ဦးဟံသာမြင့်တို့ကလည်း လှိုင်းဘွဲ့မြို့နယ်သို့ သွားရောက်ခဲ့ပြီး တောင်ကလေး ဆရာတော်ကို သွားရောက် ဖူးမြော်ခဲ့ကြောင်း သိရသည်။

တောင်ကလေး ဆရာတော်ကို သွားရောက် ဖူးမြော်ရာတွင် ၎င်းတို့က သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေး အတွက် စစ်အစိုးရကို တိုက်တွန်းပေးရန် မတ္တာ ရပ်ခံခဲ့ကြောင်းလည်း သိရသည်။

စစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲကို ပြုလုပ်ကျင်းပမည်ဟု ကြေညာထားသည်။ သို့သော် NLD ပါတီက ပြန်လည် မှတ်ပုံတင်ခြင်း မပြုရန်နှင့် ရွေးကောက်ပွဲ မ၀င်ရန် ဆုံးဖြတ်ထားသည်။

NLDသည် စစ်အစိုးရ ပြဋ္ဌာန်း ထားသည့် ရွေးကောက်ပွဲ ဥပဒေ အရ လွန်ခဲ့သည့် မေလ ၆ ရက်နေ့တွင် တည်ဆဲ တရားဝင်ပါတီ အဖြစ်မှ ပျက်ပြယ်ခဲ့ပြီ ဖြစ်သည်။

NLDက စစ်အစိုးရ ထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲ ဥပဒေတွင် တရားမျှတခြင်း မရှိသဖြင့် တရားစွဲဆိုရန် တရားရုံးသို့ သွားရောက် ခဲ့သော်လည်း တရားရုံးက ယင်းကိစ္စ စီရင်ပိုင်ခွင့် အာဏာ ၎င်းတို့တွင် မရှိကြောင်း ပြောဆိုပြီး အမှုကို လက်ခံခြင်း မရှိ ခဲ့ပေ။

ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်နေ့က စတင်၍ NLDဗဟိုအလုပ် အမှုဆောင် ကော်မတီဝင် ဦးအုန်းကြိုင်နှင့် ဦးကြည်ဝင်းတို့ ကလည်း မန္တလေးတိုင်း မိုးကုတ်၊ သပိတ်ကျင်း၊ ပုသိမ်ကြီး စသည့် ၂၂ မြို့နယ်ရှိ NLD ပါတီဝင်များကို သွားရောက် တွေ့ဆုံခဲ့ပြီး မကွေးတိုင်း သို့လည်း သွားရောက်ခဲ့သည်။

ယင်းခရီးစဉ်သည် ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ ရှေ့နေများနှင့် တွေ့ဆုံခွင့် ရရှိခဲ့စဉ် တိုင်းနှင့်ပြည်နယ်ရှိ NLD ပါတီဝင်များကို သွားရောက် တွေ့ဆုံရန် မှာကြားခဲ့သည်ဟု ဦးအုန်းကြိုင်က ပြောသည်။

“NLD ဟာ တရားဝင် မှတ်ပုံတင်ထားခြင်း မရှိလို့ နိုင်ငံရေး ပါတီအဖြစ်နဲ့ မရပ်တည်တော့ဘူး ဆိုသော်လည်းပဲ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အင်အားထုကြီး အဖြစ်နဲ့ ဆက်လက် ရှိနေကြပါ၊ ယုံယုံကြည်ကြည် ရပ်တည်နေကြပါလို့ မှာကြားခဲ့တယ်”ဟု ၎င်းက ဆိုသည်။

ထို့အပြင် မြို့နယ် အဖွဲ့ဝင်များ အနေနှင့် ရည်ရွယ်ချက် ရှိသော လူမှုရေး လုပ်ငန်းများ ဖြစ်သော အကျဉ်းသား မိသားစုများကို ငွေကြေး ထောက်ပံ့ပေးရေး၊ HIV/AIDS လူနာများအား ထောက်ပံ့ပေးခြင်း၊ နာဂစ်ဒေသတွင် ပြည်သူများ လိုအပ်သော သောက်သုံးရေ ရရှိရေး စသည့် လုပ်ငန်းများကို ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်းလည်း သိရသည်။

ယခု ခရီးစဉ် နှင့် ပတ်သက်ပြီး အစိုးရ အာဏာပိုင်များ၏ နှောင့်ယှက် တားဆီး ပိတ်ပင်ခြင်းများ မရှိကြောင်းလည်း ဦးအုန်းကြိုင်က ပြောသည်။

NLDသည် လွန်ခဲ့သည့် ၂၀၀၂ ခုနှစ်ကတည်းကစပြီး နာဂစ် ဒေသများတွင် ရေတွင်းများ တူးဖော် ပေးခြင်း တို့ကိုလည်း ဆက်လက် လုပ်ဆောင်နေကြောင်း သိရသည်။

ယမန်နေ့ အထိ ပါတီ ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ပါတီပေါင်း ၄၂ ပါတီ၊ မှတ်ပုံတင်ခွင့် ကျသဖြင့် လျှောက်ထားသည့် ပါတီ ၃၆ ပါတီနှင့် မှတ်ပုံတင်ခွင့် ပြုပြီး ပါတီ ၃၃ ပါတီ ရှိပြီဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့