..............................

Thursday, June 24, 2010

တပ်အသွင်ပြောင်းရေးကိစ္စ နအဖနှင့် ထပ်မတွေ့တော့ဟု မွန်ပြည်သစ် ပြော

ဝီရ / ၂၃ ဇွန် ၂၀၁၀

နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအတွက် စစ်အစိုးရ ခေါင်းဆောင်များနှင့် ထပ်မံ တွေ့ဆုံဆွေးနွေးရန် မလိုအပ်တော့ကြောင်း မွန်ပြည်သစ် ပါတီက ပြောကြားလိုက်သည်။

“BGF (နယ်ခြားစောင့်တပ်) ပြောင်းဖို့ ပါတီက လက်မခံဘူးလို့ နအဖဆီကို အကြောင်းကြားထား ပြီးသားပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး နအဖ ခေါင်းဆောင်တွေနဲ့ ထပ်တွေ့စရာ မလိုတော့ဘူးလို့ ကျနော်တို့ပါတီရဲ့ နောက်ဆုံး အစည်းအဝေးမှာ အခုလို ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်” ဟု မွန်ပြည်သစ်ပါတီ ဗဟို အလုပ်မှုဆောင်တဦးက ခေတ်ပြိုင်သို့ ပြောကြားသည်။

ပြီးခဲ့သည့်သီတင်းပတ်အတွင်း ကျင်းပပြီးစီးသွားသော ပါတီ၏ ဗဟို အလုပ်မှုဆောင် အစည်းအဝေး၌ အဆိုပါ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်း ဖြစ်ပြီး နအဖစစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီ အကြား ဆက်ဆံရေး အတွက် ဗဟိုကော်မတီဝင် တဦးအား ပြည်တွင်း ဆက်ဆံရေး တာဝန်ခံအဖြစ် မော်လမြိုင်မြို့၌ ထားရှိကြောင်း ၎င်းက ပြောသည်။

“နအဖနဲ့ ဆက်ဆံဖို့ ပါတီရဲ့ ဗဟိုကော်မတီဝင်တဦးကို တာဝန်ပေးထားပါတယ်။ ပြောစရာ ရှိရင်ပဲဖြစ်ဖြစ်၊ မေးစရာ ရှိရင်ပဲဖြစ်ဖြစ် နအဖ အနေနဲ့ အဲဒီလူနဲ့ ဆက်သွယ်လို့ ရပါတယ်” ဟု အဆိုပါ ဗဟို အလုပ်မှုဆောင် တဦးက ပြောသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်သုံးသပ်ပြင်ဆင်ရေးအတွက် တွေ့ဆုံဆွေးနွေးခြင်း မပြုလျှင် ၂၀၁၀ ရွေးကောက်ပွဲ ပါဝင် ယှဉ်ပြိုင်မည် မဟုတ်ကြောင်း၊ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို စဉ်းစားပေးမည် မဟုတ်ကြောင်း မွန်ပြည်သစ် ခေါင်းဆောင်တို့က ပြီးခဲ့သည့် ဧပြီလ (၇) ရက်၌ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် နောက်ဆုံး တွေ့ဆုံစဉ်တွင် အတိအလင်း ပြောဆိုခဲ့ပြီး ဖြစ်သည်။

“တွေ့ဆုံဆွေးနွေးပြီး နိုင်ငံရေးပြဿနာတွေအတွက် အဖြေရှာသွားဖို့ နအဖကိုရော၊ နောင်တက်လာမည့် အစိုးရကိုပါ မွန်ပြည်သစ်က ဆက်လက် တောင်းဆိုသွားမှာပါ။ မွန်အမျိုးသားတွေ အတွက် အာမခံချက် တစုံတရာ မရှိဘဲနဲ့ လက်နက်စွန့်ခိုင်းတာ၊ တပ်အသွင် ပြောင်းတာတို့၊ တပ်နဲ့ ပါတီကို ခွဲခြားတာတို့ ပါတီက လက်ခံမှာ မဟုတ်ဘူး။ ဒါက မွန်ပြည်သစ်ရဲ့ ရှေ့ရပ်တည်ချက်တွေပါ” ဟု အဆိုပါ ဗဟို အလုပ်မှုဆောင်က ဆက်လက်ပြောသည်။

ထိုသို့ တပ်အသွင်ပြောင်းရေး လက်မခံကြောင်း မွန်ပြည်သစ်မှ ပြောဆိုခဲ့ပြီးသည့်နောက် နှစ်ဦးနှစ်ဖက် အခြေအနေ တင်းမာ လာနေသော အနေအထားများကြောင့် ဧပြီလကုန်ပိုင်း၌ မွန်ပြည်သစ်ပါတီက ပြည်တွင်းရှိ ပါတီရုံးများနှင့် ပါတီဝင်များကို ၎င်းတို့၏ ထိန်းချုပ်နယ်မြေများသို့ ပြောင်းရွှေ့မှုများ ရှိခဲ့ပြီး မွန်ပြည်သစ် ဗဟိုဌာနချုပ် တည်ရှိရာ ရေးချောင်းဖျားနှင့် နယ်စပ်ဒေသရှိ ရွာသား (၁,၀၀၀) ကျော်တို့သည် ဘေးလွတ်ရာ နယ်စပ်သို့ ခေတ္တ တိမ်းရှောင်ခဲ့ကြသည်။

ယခုအချိန်၌ မွန်ပြည်သစ်ပါတီ ခေါင်းဆောင်တို့က ပါတီထိန်းချုပ်ရာ ဒေသများမှလွဲ၍ အခြားနယ်မြေများသို့ သွားလာ လှုပ်ရှားခြင်း မပြုကြတော့ကြောင်း သိရသည်။

မွန်ပြည်သစ် ခေါင်းဆောင်တို့နှင့် နီးစပ်သူတဦးက “ပြည်တွင်းကို ပါတီခေါင်းဆောင်တွေ မသွားလာတော့တာ အချက် (၂) ချက် ရှိတယ်။ အခြေအနေ တင်းမာတဲ့ နောက်ပိုင်းမှာ နှစ်ဦးနှစ်ဖက် အယုံအကြည် ပိုပြီးမဲ့လာကြတယ်။ အချိန်မရွေး အဖမ်းအဆီး ခံရနိုင်တယ်။ နောက်တချက်က ပါတီက ကန့်သတ်လိုက်တာလည်း ဖြစ်နိုင်တယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

မွန်ပြည်သစ်ပါတီသည် နအဖစစ်အစိုးရနှင့် ၁၉၉၅ ခုနှစ်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့သည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့