..............................

Tuesday, June 22, 2010

ကြံ့ဖွံ့ပါတီ အဓမ္မ လူသစ် စုဆောင်း

Monday, 21 June 2010

ဝန်ကြီးချုပ် ဦးသိန်းစိန်၏ ကြံ့ဖွံ့ပါတီသည် ဇွန်လ ၂၀ ရက်နေ့ နံနက်ပိုင်းက ကချင်ပြည်နယ် ဗန်းမော်မြို့နယ် ဟန်းတဲ ကျေးရွာသား ၂၀ ကျော်ကို ၄င်းပါတီဝင်အဖြစ် အတင်းအဓမ္မ စုဆောင်းခဲ့ကြောင်း ဒေသခံများ အဆိုအရ သိရသည်။

ဗန်းမော်ဒေသအတွင်း ကြံ့ဖွံ့ပါတီဝင် စုဆောင်းနေရာတွင် မြို့နယ်နှင့်ကျေးရွာ အာဏာပိုင်များ ပူးပေါင်း၍ ပါတီဝင်လက်ခံ လျှောက်လွာတွင် ဖိအားပေး လက်မှတ်ထိုး စေခဲ့ကာ စုဆောင်းခဲ့ခြင်း ဖြစ်ကြောင်း ဟန်းတဲ ရွာသားတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ဗန်းမော်မြို့နယ် မယကအဖွဲ့တွေရွာထဲ ရောက်လာပြီးတော့ ဟန်းတဲရွာအုပ်စု ဥက္ကဋ္ဌ ဦးသန်းထွန်း အတင်းအဓမ္မ ပေါ့နော် သူတို့ ကြံ့ဖွံ့ပါတီထဲ ၀င်ခိုင်းတယ် ဖေါင်ဖြည့် ခိုင်းတာပေါ့ လူ ၂၀ ကျော် ၃၀ လောက်ကို ပါတီဝင် ဖေါင်ဖြည့် ခိုင်းသွားတယ်” ဟု သူက ဆိုသည်။

ယခုကြံ့ဖွံ့ပါတီဝင် အဖြစ်စုဆောင်းခံရသည့် သူများအနေဖြင့် လျှောက်လွာ ဖေါင်ဖြည့်လိုက်ရသော်လည်း အခြေအနေကို ဘာမျှ မသိရှိရကြောင်း ကိုယ်တိုင် ဖေါင်ဖြည့်ခဲ့သူ တစ်ဦးက ပြောသည်။

“ကျွန်တော်တို့ဘာမှ မသိရပါဘူး သူတို့ဖေါင်ဖြည့်ခိုင်းလို့ဖြည့်လိုက်တာပဲ ရှိတယ် မ၀င်ချင်ဘူးလို့လည်း မပြောရဲကြတော့ ဒီအတိုင်းပဲ လက်ခံ လိုက်တယ် ” ဟု သူကဆိုသည်။

ထို့အပြင် အဆိုပါရွာနီးချုပ်စပ် ကျေးရွာများဖြစ်သော သစ်စက်ရပ်ကွက်နှင့် ရွာမကြီး ဘက်တွင်လည်း ကြံ့ဖွံ့ပါတီက ထိုကဲ့ သို့ ပါတီဝင် စုဆောင်းမှုများ ပြုလုပ်နေကြောင်း သိရသည်။

“ဟန်းတဲပြီးတော့ အုပ်စုထဲမှာပါတဲ့ သစ်စက်ရပ်ကွက်ဘက်လည်း ပါတီဝင် ကောက်မယ်လို့ ပြောတယ်လေ မနက်ဖြန် ကြရင်လည်း ရွာမကြီးဘက် သွားမယ်လို့ ပြောတယ် ” ဟု စောစောက ဒေသခံက ပြောသည်။

နအဖကကျင်းပမည့် ရွေးကောက်ပွဲဝင်ရန် ဆိုင်းပြင်းနေသည့် နိုင်ငံရေးပါတီများအား စည်းရုံးရေး လုပ်ငန်းများ တရားဝင် ခွင့် မပြုသေးခင် ကြံ့ဖွံ့ပါတီ အနေဖြင့် ပါတီဝင် အဓမ္မ စုဆောင်းမှုများကို သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ် အတွင်း၌လည်း လွန်ခဲ့သည့် လပိုင်းက ပြုလုပ် ခဲ့သေးသည်။

ကချင်ပြည်နယ်တွင် ကြံ့ဖွံ့ပါတီ၏ ပါတီဝင်စုဆောင်းမှုများကို အာဏာပိုင်များ ကိုယ်တိုင် ကူညီ ပံ့ပိုးနေသော်လည်း ရွေးကောက်ပွဲ ၀င်ရန် ပါတီ မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ကချင်ပါတီ ၃ ခုမှာ ယနေ့ထက်တိုင် ပါတီ မှတ်ပုံတင်ခွင့် မရရှိသေးပဲ ဖြစ်နေသည်။

Ref: သျှမ်းသံတော်ဆင့်

0 comments:

အပေါ်သို့