..............................

Monday, June 21, 2010

နအဖ တပ် - ၀ တပ် အပြိုင်အဆိုင်နယ်ခြားဂိတ်စခန်းများ စစ်ဆေး

မွေခေါဝ်
Saturday, 19 June 2010 16:48

လားရှိုး - တန့်ယန်း မှ ပန်ဆန်း ခရီးသည်များအား နယ်ခြားစောင့် ဂိတ်စခန်း ၀ တပ် နှင့် နအဖတပ်တို့ နှစ်ဖက်ပြိုင်ဆိုင် တင်းကြပ် စစ်ဆေးလျက် ရှိကြောင်း စုံစမ်း သိရှိရသည်။

“၀ ဘက်ကော နအဖ ဘက်ကော စစ်တယ်။ ဒီလထဲမှာ နအဖ ဘက်က အစစ်အဆေး ပိုထူလာတယ်။ ခရီးသည်တွေကို ည ၆ နာရီ ကနေ မနက် ၆ နာရီထိ ဂိတ်စခန်း ဖြတ်သန်းသွားလာခွင့် မပေးဘူး” - ဟု တန်းယန်းမြို့ခံ ၀ အမျိုးသား တဦးက ပြောပါသည်။

ဝ အာဏာပိုင် ဘက်ကမူ နတလ ၀န်ထမ်းများအား နအဖ အာဏာပိုင်များ ပြန်ခေါ်ချိန်မှစ၍ လူဝင်လူထွက် စာရင်း ကြပ်မတ် စစ်ဆေးခဲ့ကြောင်း၊ နအဖဘက်ကမူ သံလွင်မြစ် တဘက်ကမ်း လွယ်ပန်လုံစောင့် စစ်သားများကိုယ်တိုင် မှတ်ပုံတင်များ စစ်ဆေး နေကြောင်း ၀ နယ်သို့ ခရီးသွားသူ လားရှိုးသား တဦးက ပြောပါသည်။

“ပန်ဆန်းကနေ (3 နာရီကြာ ကားစီးရတဲ့ခရီး) မန်းဆိုင်မြို့မရောက်ခင် နမ့်ပန်ရေအားလျှပ်စစ်/နမ့်ပန် နယ်ခြား စစ်ဆေးရေး ဂိတ်စခန်းမှာ ၀ တပ်ဖွဲ့က စစ်တယ်။ ည 6 နာရီကျော်ရင် ဖြတ်သန်းလို့ မရဘူး။ 2 နာရီ လောက်ဝေးတဲ့ ၀ိန်းကောဝ်ကို ပြန်အိပ်ခိုင်းတယ်။ အဲဒီ့နားမှာလဲ အိပ်ခွင့်မပြုဘူး” ဟု ၎င်းက ဆက်ပြော၏။

ထိုနည်းတူ နအဖစစ်တပ်ဘက်မှလည်း လွယ်ပန်စုံနှင့် မျက်နှာချင်းဆိုင်ရှိ လွယ်ပန်လုံ ဂိတ်တွင် စစ်ဆေးရေး တင်းကြပ်ရာ နမ့်ပန် စစ်ဆေးရေး ဂိတ်ကဲ့သို့ ည ၆ နာရီမှ မနက် ၆ နာရီထိ ဖြတ်သန်းခွင့် မပေးကြောင်း။ ခရီးသွားများအား လ၀က ၀န်ထမ်းများ သာမက စစ်သားများကပါ မှတ်ပုံတင် စစ်ဆေးမှု ပြုလုပ် နေကြောင်းလည်း ပြော၏။

“အရင်တုန်းက လ၀က ဘဲစစ်တာလေ။ အခု ဗမာစစ်သားတွေရောဘဲ။ သူတို့က - ဘယ်သွားမလဲ ဘယ်မှာအိပ်လဲ ဘယ်နှစ်ရက်ကြာ မလဲ ဘာတွေ သွားလုပ်မလို့လဲ စသဖြင့် ခရီးသည်တွေကို မေးခွန်းပေါင်း များစွာနဲ့ စစ်ဆေးမေးမြန်းတယ်။” - အဆိုပါ လားရှိုးသား ခရီးသွားက ပြောပါသည်။

မည်သို့ပင်ဆိုစေ နအဖ နှင့် ၀ အာဏာပိုင်တို့မှ အစစ်အဆေး ထူပြောသော်လည်း ကားများ၊ ခရီးသည်များ ယခင်ကဲ့ သို့ပင် မပြတ် သွားလာနေသေးကြောင်း၊ ပန်ဆန်းတွင်လည်း စည်ကားလျက်ရှိပြီး စီးပွါးရေးလည်း ကောင်းမွန်နေကြောင်း သိရှိရသည်။

“မတ်ခ်ျလတုန်းက နအဖက နတလ ၀န်ထမ်းတွေကို မပြောမဆိုနဲ့ ၀ နယ်မြေကနေ ရုတ်တရက် ထွက်ခိုင်းတော့ ၀ ကို အားချင်း ထိုးစစ်ဆင် တိုက်ခိုက်တော့မလို ထင်ရတော့ ဒေသခံလူထု အပါအ၀င် ခရီးသွားတွေ ကုန်သည်တွေပါ ထိတ်လန့်ကြ ကုန်တာပေါ့။ အခုမှာတော့ နအဖ ဘယ်လိုဘဲ ခြိမ်းခြောက်ခြိမ်းခြောက် ဘယ်သူမှ မကြောက်တော့ဘူး။ ပုံမှန်ပဲ သွားလာ ကူးသန်း ရောင်းဝယ်နေကြတယ်။ နအဖ ခြောက်လှန့်မှုက အရာ မထင်တော့ဘူး။ အခုအခြေအနေ မှာတော့ စီးပွားရေးလဲ ပုံမှန်ဘဲ” ဟု ပန်ဆန်းနေ ကုန်သည်တစ်ယောက်က ပြောပါသည်။

Ref: သျှမ်းသံတော်ဆင့်

0 comments:

အပေါ်သို့