..............................

Friday, July 16, 2010

အပစ်ရပ် SSA ‘တပ်အမည်’နှင့် ‘လုပ်ဆောင်ချက်’ မကိုက်ညီဟု မိုင်းလားခေါင်းဆောင် ဝေဖန်

Wednesday, 14 July 2010

နအဖ စစ်အုပ်စု၏ အသွင်ပြောင်းရေးအစီအစဉ် လက်ခံခဲ့သည့် အပစ်ရပ် သျှမ်းပြည် တပ်မတော်အား ‘သျှမ်းပြည် တပ်မတော်’ ဆိုသည့် နာမည်နှင့် မလိုက်ဖက်ဟု မိုင်းလားတပ်ဖွဲ့ ခေါင်းဆောင် စ၀်စိုင်းလင်းက ဝေဖန်ကြောင်း စုံစမ်း သိရှိရပါသည်။

“သျှမ်းပြည်တပ်မတော်ဆိုတဲ့ နာမည်က (သျှမ်းပြည်အတွင်းမှာ နေထိုင်တဲ့ တိုင်းရင်းသားပြည်သူ တရပ်လုံးကို အကာ အကွယ်ပေးဖို့) တပြည်လုံးကို ကိုယ်စားပြုထားတာ။ တခြား တပ်ဖွဲ့တွေနဲ့ မတူဘူး၊ ဥပမာ ၀ တို့ မိုင်းလား တပ်ဖွဲ့တို့ ဆိုတာက ကိုယ်နဲ့ ဆိုင်တဲ့ နယ်မြေကိုယ်ဘဲ ကိုယ်စားပြုတာ။ အခုပြည်သူ့စစ် အသွင်ပြောင်းဖို့ လက်ခံတဲ့ ကိစ္စ သျှမ်းပြည် တခုလုံးအတွက် မကြည့်ဘဲ ကိုယ်နဲ့ ဆိုင်တဲ့ ဆိုင်ကျောဝ့် (စိန်ဂျော့) ဒေသအတွက်ဘဲ လုပ်သွားပုံပေါ်တယ် ”- ဟု စ၀်စိုင်းလင်းက ပြောကြောင်း သတင်းပို့သူက ဆိုသည်။

နအဖ စစ်အုပ်စုဖိအားပေးမှုကြောင့် ပြည်သူ့စစ် အသွင်ပြောင်းရေး လက်ခံထားသော ဦးလွယ်မောဝ်း ခေါင်းဆောင်သော မြောက်ပိုင်း အပစ်ရပ် SSA - ဌာနချုပ်တပ်ဖွဲ့၊ တပ်မဟာ ၃၊ တပ်မဟာ ၇ တို့အား မိုင်းလားခေါင်းဆောင် စ၀်စိုင်းလင်းက အားမလို အားမရဖြင့် ဝေဖန် လိုက်ခြင်းဖြစ်ပြီး အသွင်ပြောင်းရေး လုံးဝ ငြင်းဆန်သည့် ဗိုလ်ချုပ်ပန်ဖှ ဦးဆောင်သည့် တပ်မဟာ ၁ တပ်ဖွဲ့ကိုမူ ထောက်ခံ အားပေးကြောင်း ပြောပါသည်။

ပြည်သူ့စစ်အသွင်ပြောင်းရေး လက်ခံထားသည့် အပစ်ရပ် SSA တပ်မှူးတဦးက - “အပစ်ရပ် သျှမ်းပြည် တပ်မတော်နဲ့ မိုင်းလား တပ်ဖွဲ့တို့၊ ၀ တပ်ဖွဲ့တို့နဲ့ အခြေအနေ မတူဘူး၊ သူတို့က နယ်ခြားစောင့်တပ် အသွင်ပြောင်းရင် တပ်ရင်းတခု ဗမာ အရာရှိ အယောက် ၃၀ ပါဝင်မယ်၊ ကျနော်တို့ ပြည်သူ့စစ်တပ်ဖွဲ့ ကျတော့ နာမည်အားဖြင့်သာ ပြည်သူ့စစ်ဖြစ်တာ၊ တပ်ဖွဲ့အနေအထား ကတော့ နဂိုအတိုင်းဘဲ ဆက်ဖြစ်နေမယ်၊ ဗမာတပ်အရာရှိလဲ ပါဝင်မှာ မဟုတ်ဘူး။ နောက်တခုက ဒေသခံလူထု ဒုက္ခမရောက်အောင်၊ စစ်ဘေး စစ်ဒဏ်ကနေ ကင်းဝေးအောင်သာ လက်ခံ လိုက်ရခြင်းဖြစ်တယ်”- ဟု ပြော၏။

အများလေးစားသည့် သျှမ်းလူကြီးတဦးကလည်း“သျှမ်းပြည်တပ်မတော်သည် အစဉ်အလာရှိသည့် တပ်မတော်၊ ဦးလွယ်မောဝ်း ခေတ်ကျမှ စိန်ဂျော့ ဌာနေပြည်သူ့စစ် ဖြစ်သွားခြင်းသည် လက်ရှိ တာဝန်ထမ်းဆောင်နေသူများ အဖို့ သမိုင်းတာဝန် မကျေပွန်ရာ ရောက်ကြောင်း၊ သျှမ်းပြည်တပ်မတော် ဆက်လက် တည်ရှိရေးသည် ဗိုလ်ချုပ်ပန်ဖှပေါ် မူတည်လာကြောင်း” ပြော၏။

သျှမ်းပြည်တပ်မတော် SSA သည် ညောင်ရွှေစော်ဘွား မဟာဒေ၀ီ စ၀်နန်းဟိန်းခမ်းက တန်းတူ အခွင့်အရေး အတွက် တိုက်ပွဲဝင်ရန် ၁၉၆၄ တွင် တည်ထောင်ခဲ့သည့် သမိုင်းဝင် တပ်မတော် ဖြစ်သည်။

Ref: သျှမ်းသံတော်ဆင့်

0 comments:

အပေါ်သို့