..............................

Saturday, July 17, 2010

အာဇာနည်နေ့မတိုင်မီ လုံခြုံရေးများ စတင်ချထား

မျိုးချစ်သူ
၁၆ ဇူလိုင် ၂၀၁၀

ဇူလိုင် (၁၉) ရက်နေ့တွင် ကျရောက်မည့် (၆၃) နှစ်မြောက် အာဇာနည်နေ့ အတွက် ရန်ကုန်မြို့တွင် လုံခြုံရေးများ ယနေ့မှ စတင် ချထားပြီး ဖြစ်သည်။

ရွှေတိဂုံဘုရားဝန်းကျင်နှင့် ရွှေတိဂုံဘုရားလမ်းတလျှောက်တွင် ရဲအယောက် (၅၀) ကျော်ခန့်ကို နေရာဖြန့်ကာ လုံခြုံရေး ချထားခြင်း ဖြစ်သည်။

“အရင်နှစ်ကတော့ အာဇာနည်နေ့မှာမှ လုံခြုံရေးချတာလေ။ အခုကတော့ ကြိုပြီးတော့ လုံခြုံရေးချတာ ဖြစ်တယ်” ဟု တယကမှ တာဝန်ရှိသူ တဦးက ပြောသည်။

ယခုအခါ ရွှေတိဂုံစေတီတော် အရှေ့မုခ်အနီးရှိ အာဇာနည်ကုန်းကို ပေါင်းရှင်းလင်းခြင်း၊ မြက်များ ခုတ်ထွင်ခြင်းကို ရန်ကုန် စည်ပင်က တာဝန်ယူ ပြုလုပ်နေပြီး ယခုနှစ် အာဇာနည်နေ့တွင် ရန်ကုန် မြို့တော်ဝန်က အရပ်ဝတ်ဖြင့် တက်ရောက်မည် ဖြစ်ကြောင်း စည်ပင်သာယာ သတင်းရပ်ကွက်မှ သိရသည်။

“သူက ဗိုလ်မှူးချုပ်အောင်သိန်းလင်း မဟုတ်တော့တဲ့အတွက် ဦးအောင်သိန်းလင်း အနေနဲ့ အာဇာနည်နေ့ကို တက်မှာလေ” ဟု စည်ပင်မှ တာဝန်ရှိသူတဦးက ပြောသည်။

ယခုနှစ်အာဇာနည်နေ့တွင် နိုင်ငံရေးပါတီများကိုလည်း တက်ရောက် ဂါရ၀ပြုခွင့် ပေးထားသည့် အတွက် လုံခြုံရေးကို ယခင်နှစ်များထက် တင်းကျပ်မည်ဖြစ်ကြောင်း တယကမှ တာဝန်ရှိသူက ဆိုသည်။

ပြည်ထောင်စုဒီမိုကရေစီပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ပါတီ စသည့် ပါတီပေါင်း (၂၀) ခန့်သည် ယခုနှစ် အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်ခွင့် ရမည်ဟု ရန်ကုန် စည်ပင်သာယာမှ ပြုလုပ်ခဲ့သော အာဇာနည်နေ့ အစည်း အဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း အစည်းအဝေး တက်ရောက်သူ စည်ပင်မှ အဆိုပါ တာဝန်ရှိသူက ပြောသည်။

၎င်းက “ပါတီတခုကို (၇) ဦးတက်ရောက်ရမယ်လို့ ဆုံးဖြတ်ထားပြီး လွမ်းသူ့ပန်းခြင်းနဲ့ ပန်းခွေများကိုလည်း ချခွင့် ပြုထားပါတယ်” ဟု ပြောသည်။

ယခင်နှစ်များ၌ အာဇာနည်နေ့ အခမ်းအနားသည် နိုင်ငံတော်အဆင့် အခမ်းအနား ဖြစ်ခဲ့သော်လည်း ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်မှ စ၍ ရန်ကုန် မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်း( ယခု ဦးအောင်သိန်းလင်း) သာ တက်ရောက်ပြီး အခမ်းအနား ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီဝင်တဦးက “ကျနော်တို့ပါတီအနေနဲ့ အခုလို အာဇာနည်နေ့ကို တက်ခွင့်ရမှာ ဖြစ်တဲ့ အတွက် ဂုဏ်ယူ မိပါတယ်။ ကျနော်တို့လိုပဲ အားလုံးကလည်း ဒီအခမ်းအနားကို တက်ခွင့်ရတဲ့ အတွက် ဂုဏ်ယူကြမယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။

လွန်ခဲ့သော ၁၉၄၇ ခု၊ ဇူလိုင် (၁၉) ရက် နေ့ နံနက် (၁၀) နာရီခွဲခန့်အချိန်၌ ရန်ကုန်မြို့ရှိ အတွင်းဝန်များရုံးတွင် ၀န်ကြီးများ အစည်းအဝေး ကျင်းပနေစဉ် ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ မန်းဘခိုင်၊ ဦးရာဇတ်၊ ဦးဘ၀င်း၊ မိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်း၊ ဦးအုန်းမောင်၊ ရဲဘော်ကိုထွေးတို့အား ဂဠုန်ဦးစော၏ နောက်လိုက်များက ၀င်ရောက်ပစ်ခတ် သတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့ရသည်မှာ ယခုနှစ် ဇူလိုင် (၁၉) ရက်တွင် (၆၃) နှစ်တိုင်ပြီဖြစ်သည်။

ဗိုလ်ချုပ်တို့ကျဆုံးသည့်နေ့ကို အာဇာနည်နေ့အဖြစ် သတ်မှတ်ကာ နှစ်စဉ်နှစ်တိုင်း အာဇာနည်ကြီးများအား အမှတ်တရ ဂါရ၀ပြုသည့် အခမ်းအနားကို ကျင်းပ လာခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မှာမူ စစ်အစိုးရ၏ နေအိမ် အကျယ်ချုပ် ချထားခြင်း ခံနေရပြီး အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်နိုင်ခွင့် ရှိမရှိ မသိရှိရပေ။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့