..............................

Thursday, July 15, 2010

သင်္ဘောမီးလောင် ဒဏ်ရာရသူကို စင်္ကာပူဆေးရုံပြောင်း

မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၁၄ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမ) ။ ။ တောင်တရုတ်ပင်လယ်အတွင်း သင်္ဘောမီးလောင်၍ ဒဏ်ရာ ရသဖြင့် မလေးရှား ဆေးရုံတွင် ကုသမှု ခံယူနေရသော မြန်မာနိုင်ငံသား သင်္ဘောသား တဦးမှာ စင်္ကာပူဆေးရုံသို့ ယမန်နေ့က အရေးပေါ် ပြောင်းရွှေ့ ကုသမှု ခံယူရသည်။

ဗီယက်နမ်နိုင်ငံမှ မလေးရှားနိုင်ငံ ပါဟမ်း Pahang ပြည်နယ်ရှိ ကွန်တန် Kuantan ဆိပ်ကမ်းသို့ ခုတ်မောင်း လာသည့် ပနားမား မှတ်ပုံတင် တန်ချိန် ၈ ထောင်ရှိ Eastern Honesty သင်္ဘောတွင် မီးလောင်မှု ဖြစ်ပွားသဖြင့် ကိုထွန်းထွန်းဝင်း (အသက် ၃၉ နှစ်) နှင့် ကိုဝဏ္ဏထွန်း ( အသက် ၃ဝ နှစ် )တို့ ဒဏ်ရာ ပြင်းထန်စွာရပြီး ကိုဝေဖြိုးစံ (အသက် ၂၂ နှစ် )မှာ ပျောက်ဆုံးလျှက် ရှိသည်။

မလေးရှားရှိ Tengku Ampuan Afzan ဆေးရုံတွင် တရက်ခန့် အကြာ ဆေးကုသမှု ခံယူနေစဉ် ကိုထွန်းထွန်းဝင်းမှာ အခြေအနေ ဆိုးရွား လာသဖြင့် စင်္ကာပူ ပြည်သူ့ ဆေးရုံကြီးသို့ အင်္ဂါနေ့ညနေက ပို့ဆောင်လိုက်ရခြင်း ဖြစ်သည်။

“မလေးဆေးရုံက မီးဒဏ်နဲ့ ပတ်သက်ရင် လိုအပ်နေတယ်။ အခြေအနေက ဆိုးရွားနေလို့ပါ။ နောက်တယောက် ကိုလည်း အခြေအနေ စောင့်ကြည့် နေတယ်။ ဆိုးလာရင်တော့ သူလည်း ဒီဘက်ကို ပြောင်းဖို့ အစီအစဉ် ရှိတယ်” ဟု မီးလောင် ခံခဲ့ရသည့် သင်္ဘောကို ပိုင်ဆိုင်သည့် စင်္ကာပူနိုင်ငံရှိ Unix Line Pte Ltd မှ ညွှန်ကြားရေးမှူး ကပ္ပတိန် Amit Jain က မဇ္ဈိမကို ပြောသည်။

ဒဏ်ရာရသူ ၂ ဦးမှာ လက်၊ ခြေထောက်နှင့် ကိုယ်လုံး တဝက်ခန့် မီးဒဏ်ရာရခဲ့ကြောင်း ကွန်တန်မြို့ရှိ Tengku Ampuan Afzan ဆေးရုံ တာဝန်ကျ သူနာပြု ဆရာမ Aadah Yaakob က မဇ္ဈိမကို ပြောသည်။

ပျောက်ဆုံးနေသူအတွက်လည်း မလေးရှားရေတပ်က လိုက်လံ ရှာဖွေဆဲ ဖြစ်သည်။

“ဒီနေ့ထိ ရှာဖွေပေမယ့် မတွေ့သေးဘူး။ ဒီနေ့ကို ရှာဖွေရေး ရပ်နားနိုင်တယ်။ ရပ်နားရင်လည်း ပျောက်နေတဲ့ သင်္ဘောသားအတွက် ဘာတွေ လုပ်ပေးမလဲ ဆိုတာ မလေးရှား အရာရှိတွေနဲ့ ဆွေးနွေးမယ်။ သူ့အတွက် လိုအပ်တာကို စီစဉ်ပေးမယ်။ ကျနော်တို့က လိုအပ်တာကို အကုန်တာဝန်ယူမယ်။ ပျောက်ဆုံးသူရဲ့ မိသားစုကို ဖြေသိမ့်တဲ့ အနေနဲ့ ငွေကြေး ထောက်ပံရေး လုပ်မယ်” ဟု ကပ္ဗတိန် Amit Jain က မဇ္ဈိမကို ပြောသည်။

Eastern Honesty သင်္ဘောတွင် မြန်မာသင်္ဘောသား ၂၂ ဦး လုပ်ကိုင်လျှက်ရှိပြီး မလေးရှား၊ စင်္ကာပူ၊ အင်းဒိုနီးရှား၊ တရုတ်၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံ စသည့် အရှေ့တောင်အာရှ နိုင်ငံများတွင် ပြေးဆွဲနေသည့် သင်္ဘောဖြစ်သည်။


Ref: မဇ္ဈိမ

0 comments:

အပေါ်သို့