..............................

Tuesday, July 13, 2010

ထိုင်းရှပ်နီဝတ်များအား မိုင်းလားတပ်ဖွဲ့ စစ်သင်တန်းလျှို့ဝှက်ပေးသည့် သတင်းထွက်

Tuesday, 13 July 2010 08:44

ထိုင်းဝန်ကြီးချုပ်ဟောင်း ထက်ဆင်ရှင်နာဝပ် ထောက်ခံသူ ရှပ်နီဝတ် ဆန္ဒပြသမားများအား မိုင်းလားတပ်ဖွဲ့က စစ်သင်တန်း လျှို့ဝှက် ပေးနေသည် ဆိုသည့် သတင်းကြောင့် ထိုင်းနိုင်ငံ လုံခြုံရေး တပ်ဖွဲ့များ အကြား ဂယက် ရိုက်စေခဲ့သည်ဟု စုံစမ်း သိရှိရပါသည်။

အမည်မဖေါ်လိုသည့် နယ်စပ် ထိုင်းလုံခြုံရေး အရာရှိတဦးက - “၀န်ကြီးချုပ် အဘီဆစ် ဖြုတ်ချရေး ဆန္ဒပြတဲ့ ရှပ်နီဝတ်တွေကို သျှမ်းပြည် အရှေ့ပိုင်း ဦးစိုင်းလင်း ခေါင်းဆောင်တဲ့ မိုင်းလားတပ်ဖွဲ့က လျှို့ဝှက်စစ်သင် တန်းပေးနေတယ် ဆိုတဲ့ သတင်း ဘယ်က ရလာလဲ မသိဘူး။ အထက်ပိုင်းက ရုတ်တရက်ကြီး ကျနော်တို့ကို လာမေးတော့ ခေါင်းနဲနဲခဲသွားတာပေါ့” - ဟု ပြော၏။

ထိုသတင်းနှင့်ပတ်သက်၍ မိုင်းလားတပ်ဖွဲ့ထံ သျှမ်းသံတော်ဆင့်က ဆက်သွယ် မေးမြန်းခဲ့ရာ မိုင်းလားတပ်ဖွဲ့ အရာရှိတစ်ဦးက ဤကဲ့သို့ ပြောသည်။

“နအဖနဲ့ရှင်းနေရတဲ့ နိုင်ငံရေး ပြသနာတင် ကျနော်တို့အတွက် လက်တောင်မလည်ဘူး။ ပြဿနာ မီးထွန်း မရှာအားပါဘူး။ ရှင်းရှင်း ပြောရရင် ထိုင်းဆန္ဒပြသမား/ ရှပ်နီတွေနဲ့ ကျနော်တို့ တပ်ဖွဲ့ ဘာမှ မပါတ်သက်ရပါဘူး”

ထိုင်းနယ်စပ်လုံခြုံရေးအရာရှိတဦးကလည်း နယ်စပ်တလွှား အလုပ်လုပ်ရသည့် အတွေ့အကြုံများ အရ ယခု ပြောဆိုမှု အပေါ် လုံးဝ မဖြစ်နိုင်ကြောင်း၊ လက်တွေ့ စုံစမ်း ထောက်လှမ်းချက် အရလဲ ရှပ်နီနှင့် မိုင်းလားတပ်ဖွဲ့တို့ ပါတ်သက်ခြင်း မရှိကြောင်း သျှမ်းသံတော်ဆင့်သို့ ဆက်၍ ပြောပြပါသည်။

နယ်စပ်ဖြတ်သန်းသွားလာရောင်းဝယ်နေသူတစ်ဦးကလည်း - “စစ်ရေးလေ့ကျင့်ဖို့ အနည်းဆုံး အချိန် တစ်လလောက် ယူရတယ်။ မယ်ဆိုင် - တာချီလိတ်ဂိတ်က နယ်စပ်ဖြတ်သန်းခွင့် (၇) ရက်ဘဲရတာ။ တာ့ပင်း - နမ့်လွေနယ်စပ် ဂိတ်မှာလဲ နအဖ ဘက်က စစ်ဆေးရေး အရမ်းတင်းကြပ်တယ်။ ဒီတော့ စစ်ရေး လေ့ကျင့်ပေးတယ် ဆိုတာ မဖြစ်နိုင်ဘူး” - ဟု ပြောပါသည်။

Ref: သျှမ်းသံတော်ဆင့်

0 comments:

အပေါ်သို့