..............................

Wednesday, July 14, 2010

ထက်ထက်မိုးဦး တရားရင်ဆိုင်ပြီ

မင်းနိုင်သူ
Tuesday, July 13, 2010

သတင်းထောက် အေးသူစံကို နာကျင်စေမှု၊ ခြိမ်းခြောက်မှု တို့ဖြင့် တရားစွဲခံ ထားရသော ရုပ်ရှင်မင်းသမီး ထက်ထက်မိုးဦးသည် ယနေ့ ရန်ကင်း တရားရုံးသို့ လာရောက် တရား ရင်ဆိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

“ဒီနေ့ မနက်ပိုင်း ရုံးချိန်း ပေးထားတာကို ထက်ထက်မိုးဦး မလာဘဲ သူ့ရှေ့နေ ဦးစိန်မြင့်ပဲ ရောက်လာပြီး နေ့လယ် ၂ နာရီမှာ ထက်ထက်မိုးဦး အရောက် လာပါစေမယ့် အကြောင်း တရားရုံးကို တင်တယ်။ နေ့လယ် ပိုင်းတော့ ရန်ကင်း တရားရုံးကို ထက်ထက်မိုးဦး ရောက်လာ ပါတယ်"ဟု အဆိုပါ တရားခွင်သို့ သွားရောက် ခဲ့သည့် ပြည်တွင်း စာနယ်ဇင်း သမား တဦးက ပြောသည်။

ဇွန် ၃ ရက်တွင် နာကျင်စေမှု ပုဒ်မ ၃၂၃၊ ခြိမ်းခြောက်မှု ပုဒ်မ ၅၀၆ တို့ ဖြင့် ထက်ထက်မိုးဦးကို ရန်ကင်း တရားရုံးက အမှုစွဲတင်ခဲ့ အပြီး တတိယမြောက် ရုံးချိန်းတွင် ရောက်ရှိလာခြင်း ဖြစ်သည်။

ယနေ့တရားခွင်တွင် တရားသူကြီးက ထက်ထက်မိုးဦး၏ ကိုယ်ရေးရာဇ၀င်ကို တောင်းယူခြင်း ၊ အမှုစွဲတင်ထားမှုကို ဖတ်ပြခြင်းတို့ ပြုလုပ်ခဲ့ပြီး ထက်ထက်မိုးဦးဘက်မှ ရှေ့နေပါဝါတင်သွားကာ အာမခံရယူသွားခဲ့ကြောင်း သိရသည်။

တခြားသော ပြည်တွင်းသတင်းထောက်တဦးက“ပြစ်မှုကျင့်ထုံးဥပဒေ ၄၉၆ အရ တရားရုံးက အာမခံပေးလိုက်တယ်။ အာမခံငွေ ကျပ် ၁၀ သိန်း နဲ့ အာမခံပေးလိုက်တယ်လို့ သိရတယ်"ဟု ပြောသည်။

ယနေ့တရားရင်ဆိုင်မှုနှင့်စပ်လျဉ်း၍ ထက်ထက်မိုးဦးကို ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။

လွန်ခဲ့သည့် မေလ ၁၉ ရက်နေ့က ဆီဒိုးနား ဟိုတယ်တွင် ပြုလုပ်သော ကုန်စည်ပြပွဲ တခု၌ ထက်ထက်မိုးဦးနှင့် 7day News ဂျာနယ် သတင်းထောက် မအေးသူစံတို့ အင်တာဗျူး တခု ပြုလုပ်ခဲ့ ပြီးနောက် ထက်ထက်မိုးဦးက သတင်းထောက်ကို ကိုယ်ထိ လက်ရောက် ပြုမူခဲ့သဖြင့် ရန်ကင်း တရားရုံးတွင် တရားရင်ဆိုင် နေရခြင်း ဖြစ်သည်။

အဆိုပါ အမှုကို ရန်ကင်းတရားရုံးက မေလ၂၄ ရက်နေ့က စတင်ကြားနာခဲ့ပြီး ဇွန် ၃ ရက်တွင် နာကျင်စေမှု ပုဒ်မ ၃၂၃၊ ခြိမ်းခြောက်မှု ပုဒ်မ ၅၀၆ တို့ ဖြင့် ထက်ထက်မိုးဦးကို တရားစွဲတင်ခဲ့သည်။

အဆိုပါအမှုနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့သည် အမှုကျေအေး ရုပ်သိမ်းပေးရန် ညှိနှိုင်းပေးလိုသဖြင့် ထက်ထက်မိုးဦးကို ဆင့်ခေါ်ခဲ့သော်လည်း လာရောက်ခဲ့ခြင်းမရှိသောကြောင့် ၎င်းအား ရှုတ်ချသည့် ကြေညာချက်တစောင်ကို မေ ၃၁ ရက်နေ့က ထုတ်ပြန်ခဲ့သေးသည်။

လာမည့် ဇူလိုင် ၂၇ ရက်တွင် တရားလိုထွက်ဆိုချက်များကို ရန်ကင်းတရားရုံးက စတင်ကြားနာတော့မည်ဖြစ်ကြောင်း သိရသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့