..............................

Thursday, July 15, 2010

ဒေါ်စုနှင့် ရှေ့နေများတွေ့ဆုံမှု ကန့်သတ်ချက်တိုး

ဖနိဒါ
ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၁၄ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ) ။ ။ နေအိမ်အချုပ် ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ပါတီဝင် ရှေ့နေများ တွေ့ဆုံခွင့်ရရေး ကြန့်ကြာ သွားမှာဖြစ်သော ကန့်သတ်မှုတခုကို စစ်အစိုးရက ထပ်မံ တိုးမြှင့်လိုက်ရာတွင် ရဲ၏ ခွင့်ပြုချက် သာမက ဒေါ်အောင်ဆန်းစုကြည်၏ သဘောတူညီချက်လည်း လိုသည်ဟု ပြဌာန်းလိုက်ခြင်း ဖြစ်သည်။

ယခင်က ဒေါ်အောင်ဆန်းစုကြည် နေအိမ်တည်ရှိရာ ဗဟန်းမြို့နယ် တာဝန်ခံ အက်စ်ဘီခေါ် သတင်းရဲ တပ်ဖွဲ့ထံ တွေ့ဆုံခွင့် လျှောက်လွာ တင်၍ ခွင့်ပြုချက် တောင်းခံရန်သာ လိုအပ်သော်လည်း ဇူလိုင် ၁ဝ ရက်နေ့မှစပြီး ဒေါ်အောင်ဆန်းစုကြည် ကလည်း တွေ့ဆုံရန် သဘောတူကြောင်း ရေးသားထားသော စာကို တင်ပြရန် လိုသည်ဟု ရဲက ညွှန်ကြားလိုက်သည်။

ညွန်ကြားချက် အသစ်အရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးနှင့် တွေ့ဆုံခွင့်ရရန် ယခင်က ၂-၃ ရက်ကြာ စောင့်ဆိုင်း ရခြင်းမှ ရက်သတ္တပတ် တပတ်ခန့် ဖြစ်သွားနိုင်သည်ဟု ပါတီ ပြောရေးဆိုခွင့် ရှိသူလည်းဖြစ်သော ရှေ့နေ ဦးဥာဏ်ဝင်းက ပြောသည်။

ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်တွင် လက်ရှိ အမှုကိစ္စ သုံးခုရှိနေရာ သူမကို အပြစ်ဒဏ် ချထားခြင်း အပေါ် ပြန်သုံးသပ်ရန် တရားရုံးသို့ အထူးအယူခံ တင်ခြင်းနှင့် စစ်အစိုးရကို တရားစွဲဆိုခြင်း နှစ်ခုတို့ ဖြစ်သည်။

“ဒေါ်စု သဘောတူ လက်မှတ်ထိုးမဲ့စာကို ကျနော် ရိုက်ပါတယ်။ ဒီလို တွေ့ဆုံမှု တောင်းထားတာကို သဘောတူပါတယ် လို့ပဲ ရေးတာ။ အဲဒါကို ရဲတပ်ဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ကို ပို့ပြီးတော့ ဒေါ်စု သဘောတူပါတယ် ဆိုတဲ့ လက်မှတ် ထိုးပေးလိုက်တဲ့ စာကို ကျနော်က လက်မှတ်ထိုးပါတယ်” ဟု ဦးဥာဏ်ဝင်းက ပြောသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ရှေ့နေများ တွေ့ဆုံရာတွင် အမှုကိစ္စမှအပ အခြား အကြောင်းအရာများကို ပြောဆိုခြင်း မပြုရန် ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့က သတင်းရဲတပ်ဖွဲ့က နှုတ်ဖြင့် ညွန်ကြားထားသည်ဟု ရှေ့နေများက ပြောသည်။

ရဲ၏ ကန့်သတ်မှုကို မကျေနပ်၍ ဒေါ်အောင်ဆန်းစုကြည်က ကန့်ကွက်ရန် ပြင်ဆင်လျှက် ရှိသည်ဟုလည်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေ ဦးကြည်ဝင်း၊ ဦးဥာဏ်ဝင်းတို့ ယမန်နေ့က ၂ နာရီခန့် တွေ့ဆုံစဉ် သူမအပေါ် ချမှတ်ထားသော ပြစ်ဒဏ်အတွက် အထူးအယူခံ လျှောက်လဲရန် ဆွေးနွေးခဲ့သည်။

အင်လျားကန်အတွင်း ရေကူး၍ နေအိမ်သို့ ခိုးဝင်လာသော အမေရိကန် နိုင်ငံသား ဂျွန်ယက်တောကို ဧည့်ခံမှုဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် ထောင်ဒဏ် ၁၈ လကို နေအိမ်တွင် နေရမှာဖြစ်ပြီး ကျန် ၁၈ လကို ဆိုင်းငံ့အဖြစ် ချမှတ်ထားသည်။

ရန်ကုန်ရှိ တရားသူကြီး ၃ ဦးထိုင် ဗဟိုတရားရုံးချုပ်တွင် အထူးအယူခံခွင့်ရရန် ဒေါ်အောင်ဆန်းစုကြည် ဘက်က လျှောက်လဲထားပြီး ခွင့်ပြုချက် ရလျှင် နေပြည်တော်ရှိ တရားရုံးချုပ်သို့ ဆက်လက် လျှောက်ထားရမှာ ဖြစ်သည်။

တိုင်းပြည်နှင့် လူမျိုးအတွက် ထမ်းဆောင်ရမည့် တာဝန်ဝတ္တရားများကို ကျေပွန်အောင် မဆောင်ရွက်သဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်သော စစ်အစိုးရ တဖွဲ့လုံးကို ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်ဒီက တရားစွဲဆိုနိုင်ရေး ပြင်ဆင်လျှက်ရှိသည်။

နိုင်ငံဝန်ထမ်းသည် ဥပဒေ ပြဌာန်းချက်အရ လုပ်ရမည့်တာဝန်များကို မလုပ်ဆောင်၍ တရားရုံးတော်က ဆောင်ရွက်ရန် အမိန့် ချမှတ်နိုင်ရေး လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ဆိုသည်။ နစ်နာသူ ဘက်က လျှောက်ထားသော သီးခြား သက်သာခွင့် အက်ဥပဒေပုဒ်မ ၄၅ နှင့် ၅၄ တို့အရ တရားစွဲဆိုရန် ကြိုးစားခြင်းဖြစ်သည်ဟု သိရသည်။

ဧပြီလက တရားစွဲခဲ့သော်လည်း တရားရုံးက လက်မခံဘဲ ပယ်ချခဲ့သဖြင့် နောက်တကြိမ် တရားထပ်စွဲရန် ပြင်ဆင်ခြင်း ဖြစ်သည်။

စစ်အစိုးရကို တရားစွဲဆိုမှု နောက်တခုမှာ အန်အယ်ဒီပါတီဝင် လွှတ်တော် ကိုယ်စားလှယ်များသည် တရား ဥပဒေအရ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့် ရှိကြောင်းနှင့် ၂ဝ၁ဝ ရွေးကောက်ပွဲ ဥပဒေများက အလိုအလျောက် ပျက်ပြယ်အောင် ပြုလိုက်ခြင်း အတွက် မကျေနပ်သော အန်အယ်ဒီ အမတ် ၂၆ ဦးက ပုဒ်မ ၄၂ နှင့်စွဲဆိုခြင်း ဖြစ်သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့