..............................

Saturday, April 3, 2010

ဗကသဇော်ဝင်း

မောင်စွမ်းရည်
မတ် ၂၄၊ ၂၀၁၀

ကျနော် မကြာခဏ သတိရ လွမ်းဆွတ်မိသူတွေထဲမှာ ဗကသဇော်ဝင်းလို့ ကျောင်းသား လှုပ်ရှားမှု သမိုင်းမှာ နာမည်ကျော်တဲ့ ကိုဇော်ဝင်းလဲ ပါဝင်ပါတယ်။ သူက ရန်ကုန်တက္ကသိုလ်၊ ကျနော်က မန္တလေး တက္ကသိုလ် ဆိုတော့ ကျောင်းနေဖက် မဟုတ်ပါဘူး။ “ငယ်ပေါင်း” မဟုတ် “ကြီးဖေါ်” ပဲဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော် တက္ကသိုလ် ရောက်လို့ ကျောင်းသား လှုပ်ရှားမှုတွေနဲ့ ဒွေးရော ယှက်တင် ဖြစ်လာတဲ့အခါ “ဇော်ဝင်း” ဆိုတဲ့ နာမည်က မကြားမဖြစ် ကြားလာရပါတယ်။ ကျနော်က တကသ အမှုဆောင်ထဲသာ ပါဖူးပြီး ဗကသ အမှုဆောင်ထဲမှာ မပါဘူးလို့ သူနဲ့ စောစောစီးစီး မရင်းနှီးခဲ့ရဘူး။

ကိုဇော်ဝင်းက မန္တလေးတို့ မြင်းခြံတို့ကို ဗကသကိစ္စတွေနဲ့ လာဖူးတယ်။ ကျနော့်အပေါင်း အသင်းတွေက ဗကသ၊ တကသ တွေ ဆိုတော့ သူတို့ကတဆင့် ဗကသဇော်ဝင်း ဆိုတဲ့ နာမည်ကို နားယဉ် နေခဲ့ပါတယ်။ ဖြတ်သွား ဖြတ်လာနဲ့ ကြုံဖူးဆုံဖူးကြတယ်။ မိုးတိုးမတ်တတ်ပါပဲ။

တနေ့တော့ သူ မန္တလေးကို လာတယ်လို့ ကြားရတယ်။ ကျနော်တို့ မန္တလေးတက္ကသိုလ် ကျောင်းသား သမဂ္ဂ ဥက္ကဋ္ဌ ကိုစောလွင်အိမ်မှာ တည်းခို နေသတဲ့။
မြင်းခြံသား ဗကသ - တကသ ခေါင်းဆောင် ကိုအောင်သူက ကျနော့်ကို ၀င်ခေါ်တယ်။
“ကိုဇော်ဝင်းဆီ သွားရအောင်” တဲ့။
ကျနော်က “မလိုက်တော့ဘူးဗျာ” လို့ ငြင်းလိုက်တယ်။
“သူက မေးနေတယ် … မြင်းခြံက ကိုဝင်းဖေလေးရော …” လို့။
“တော်ပါဘီဗျာ ရန်ကုန်မှာရော၊ မြင်းခြံမှာရော၊ မန္တလေးမှာရော ဆုံဖူးပါတယ်။ အားလုံးပေါင်း လေးကြိမ်တောင်မှ မိတ်ဆက်ပေးဖူးတယ်၊ သူ့စာအုပ်ကလေးထဲမှာလဲ ရေးတယ်၊ ပြန်တွေ့တိုင်း မမှတ်မိဘူး။ ခုလဲ မလိုက်ချင်တော့ဘူး …” လို့ ပြောပြီး တမင် ငြင်းလိုက်ပါတယ်။

နောက်တော့ သူ ကျနော့်ကို မမေ့တော့ပါဘူး။ တွေ့ရာအရပ်မှာ သူကပဲ ဦးအောင် နှုတ်ဆက်ပါတယ်။ ခု သူ မန္တလေးကို လာတာကလဲ ကျောင်းသားအရေး ဟုတ်ဟန် မတူဘူးလို့ နောက်ကျမှ စဉ်းစားကြည့်မိတယ်။ ကိုယ်တော်ချောက ရွှေမန်းသူတဦးနဲ့ ချိတ်မိနေတာကိုး။ သေချာစုံစမ်းမိတော့ အဲ့ဒီရွှေမန်းသူ ဆိုတာလဲ တခြားမဟုတ် ပန်းချီကိုဝင်းဖေ၊ ကိုပေါ်ဦးသက်နဲ့ ကျနော် တက်ခဲ့တဲ့ မန္တလေး အမှတ် (၁) အစိုးရ အထက်တန်း ကျောင်းသူဟောင်းတဲ့။ ကျနော်တို့ အရင် တက္ကသိုလ် ရောက်သွားသူပါ။ နောက်တော့ အဲ့ဒီရွှေမန်းသူနဲ့ပဲ အိမ်ထောင်ကျပါတယ်။

မခင်ခင်အေး တဲ့။
ပညာရေးတက္ကသိုလ်တက်နေရင်းက ကျောင်းသားသမဂ္ဂထဲ ပါသွားပြီး၊ အိုးဝေမဂ္ဂဇင်းတို့၊ တက္ကသိုလ် နှစ်လည် မဂ္ဂဇင်းတို့မှာ (၁၉၅၉ - ၆၀) တာဝန်ယူ လုပ်ဆောင်ရသူ တဦးဖြစ်လာပါတယ်။ ကျောင်းသား သမဂ္ဂ ခေါင်းဆောင်တွေ အဖြစ် ခုအထိ လူသိများတဲ့ ကိုလှရွှေတို့၊ ကိုဗဆွေတို့နဲ့ ခေတ်ပြိုင်ပေါ့။ ကိုဇော်ဝင်းနဲ့ အိမ်ထောင်ကျတဲ့ အခါ ရန်ကုန်က (ဒဂုန် အထက(၁) မှာပဲ ထင်တယ်) ကျောင်းကြီးတကျောင်းမှာ ဆရာမ အဖြစ်နဲ့ အမှုထမ်းနေပြီး၊ မန္တလေးကို မပြန်တော့ပါဘူး။

နေတဲ့တိုက်ခန်းကတော့ စမ်းချောင်းထဲက ဝေဠုဝန် တိုက်ခန်းမှာပါ။ သူ့သားသမီးတွေ ဆရာဝန်တွေ ဘာတွေဖြစ်ပြီး လူလား မြောက်ကုန်ကြတဲ့ အခါ ကိုဇော်ဝင်း မရှိရှာတော့ပါဘူး။ ရှစ်လေးလုံး အရေးတော်ပုံ မတိုင်ခင်မှာပဲ ကွယ်လွန်ခဲ့ပါပြီ။ အသည်း ကင်ဆာနဲ့ပါ။ ဆေးပြင်းလိပ် သောက်လို့ ထင်ပါတယ်။

ဗကသ ဥက္ကဋ္ဌအဖြစ် သူ့ကို ကျနော်စသိခဲ့ပါတယ်။ ၁၉၅၄ - ၅၅ ဗကသ အတွင်းရေးမှုးတဲ့။ ၁၉၅ ၇ - ၆၀ မှာ ဗကသ ဥက္ကဋ္ဌတဲ့။ ဥက္ကဋ္ဌ အဖြစ် သုံးနှစ်ပါ။ မူလ ဗကသ မဟုတ်တော့ဘဲ နောက်မှပြန်ဖွဲ့တဲ့ “ဗကသများ အဖွဲချုပ်” ရဲ့ ဥက္ကဋ္ဌပါ။ မူလဗကသက ကျောင်းသားတွေ တောခိုလို့ မတရားအသင်း ဖြစ်သွားခဲ့ပါပြီ။ သူ တာဝန်ယူတဲ့ ၁၉၅၄ ခုနှစ်မှာ ကျနော်က မန်းတကသ မှာပါ။ ၀င်လှုပ်ရှားတဲ့ နှစ်တွေပါပဲ။ အဲ့ဒီတုန်းက နှီးနှောဖလှယ်ပေါင်းစုံ … ။ ပညာရေး နှီးနှောဖလှယ်ပွဲ၊ တက္ကသိုလ် ငွေရတုပွဲ၊ မန်းတက္ကသိုလ် အကြိုပွဲ … စသဖြင့် တက္ကသိုလ် သမဂ္ဂချင်း အပြန်အလှန် ဖိတ်ခေါ် တွေ့ဆုံကြတဲ့ပွဲတွေ များပါတယ်။

တကသအမှုဆောင်တွေ အချင်းချင်း တွေ့ဖူး ဆုံဖူးကြပြီး၊ အချင်းချင်း “ရဲဘော်” လို့ ခေါ်ကြပါတယ်။ ကိုဇော်ဝင်းကို ကျနော်တို့က “ရဲဘော်ဇော်ဝင်း” လို့ ခေါ်ရတာပေါ့။

ဗကသအဖွဲ့ချူပ် ဆိုပေမဲ့ တကသမှာပဲ ဆုံကြပါတယ်။ ဒီတကသနဲ့ ဗကသ အမှုဆောင်တွေဟာ တခါတလေ ထပ်နေ တတ်ပါတယ်။ ကိုဇော်ဝင်းတို့ ကျောင်းသားခေါင်းဆောင်ဖြစ်နေတဲ့ အချိန်မှာ အောက်တိုဘာ ကျောင်းတလပိတ်ရေး အရေးတော်ပုံ၊ သုံးခါကျ ကျောင်းထုတ်စနစ် တိုက်ပွဲ၊ သတ္တမတန်း မေးခွန်းပေါက်ကြားလို့ ဆန္ဒပြရာမှာ သတ္တမတန်း ကျောင်းသားလေး ဟယ်ရီတန် ကျဆုံးသည် အထိ ဖြစ်ရတဲ့ ကျောင်းသားလှုပ်ရှားမှု၊ ပြည်တွင်း ငြိမ်းချမ်းရေး လှုပ်ရှာမှု စတဲ့ ကျောင်းသားလှုပ်ရှားမှုတွေ ပြင်းထန်ခဲ့ပါတယ်။

ဖဆပလအစိုးရက နိုင်ငံရေးသမားတွေကို ဖမ်းဆီးတဲ့အခါ ကျောင်းသားတွေကိုပါ ဖမ်းပါတယ်။ ဦးနုက စစ်တပ်လက်ထဲ (ဗိုလ်နေ၀င်းလက်ထဲ) အာဏာ ခေတ္တ အပ်တာကိုလဲ ဆန့်ကျင်ခဲ့ပါတယ်။ ကျောင်းသားကြီး သုံးယောက် ကိုကိုးကျွန်းကို ပို့တဲ့ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပါသွားခဲ့ပါတယ်။ ကိုဇော်ဝင်းလဲ ၀ရမ်းထုတ်ခံရ၊ အဖမ်းခံရတဲ့ အထဲမှာ ပါခဲ့ပါတယ်။ ကိုဇော်ဝင်း၊ ကိုယု၊ ကိုဘကောင်းနဲ့ ကိုခင်အောင်တို့ ထွက်ပြေး တိမ်းရှောင်ခဲ့ပုံ ဓါတ်ပုံတပုံ တွေ့ဖူးပါတယ်။

ကိုဇော်ဝင်းက ဟင်္သာတ ဇလွန်ဘက်က တက္ကသိုလ်ဝင်တန်း အောင်ခဲ့သူ ဖြစ်ပါတယ်။ ဆရာဝန်ကြီး တယောက်ရဲ့သား ထင်ပါရဲ့။ သူ့ဖခင်က နောင်ချိုမှာလဲ အမှုထမ်းဖူးတယ်လို့ ဆိုပါတယ်။ လူပုံကတော့ ခပ်ပုပု ခပ်သေးသေးပါပဲ။ အသား ခပ်လတ်လတ် နှာတံပေါ်ပေါ် မျက်လုံးပြူးပြူးနဲ့ လူချောတဦးပါပဲ။ တိုက်ပုံအင်္ကျီ အမြဲ ၀တ်လေ့ရှိတယ်။ ဆေးပြင်းလိပ်ကို လက်ကြားညှပ် ထားတတ်တယ်။ စကားဝိုင်းထဲမှာ ဆေးပြင်းလိပ် သောက်ရင် ကျနော်က ကန့်ကွက်လေ့ရှိပါတယ်။ သူကဆင်ခြင်ပါတယ် သည်းခံရှာပါတယ်။

ကိုဇော်ဝင်း အဖမ်းခံရပြီးလွတ်လာတော့ မန္တလေးမှာလာနေတယ်။ ၁၉၆၅ လောက်မှာ ထင်ပါတယ်။ မန္တလေး တက္ကသိုလ်မှာတော့ သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်း ရောက်နေပြီ။ ဒေါက်တာသန်းထွန်းက ၁၉၄၇ ခုနှစ် ဗကသ ဥက္ကဋ္ဌပါ။ ဥက္ကဋ္ဌ ကိုသန်းထွန်းနဲ့ တွဲလုပ်ခဲ့တဲ့ ကိုထွန်းညွန့်ဆိုတဲ့ ကျောင်းသားကြီးက ကိုဇော်ဝင်းရဲ့ အကိုလို့ ကြားဖူးပါတယ်။ (မေးမကြည့်ဖူးပါဘူး) ဘာပဲဖြစ်ဖြစ် ကိုဇော်ဝင်းဟာ ကိုသန်းထွန်းတို့ကို ဆက်ခံသူ ဖြစ်လာခဲ့ဖူးတော့ ဒေါက်တာ သန်းထွန်းဖြစ်လာတဲ့ ကိုသန်းထွန်းနဲ့ ကိုဇော်ဝင်းတို့ဟာ ညီအကိုအရင်းလို ရင်းနှီးပါတယ်။

ကျနော်ကလဲ ဒေါက်တာသန်းထွန်းကို ကြည်ညိုရင်းစွဲ ရှိလို့ မြန်မာနိုင်ငံ သမိုင်းဘာသာကို ပြောင်းယူပြီး တက္ကသိုလ်မှာ ညနေသင်တန်းကို ပြန်တက်ပါတယ်။ (ကျနော်အရင်က ယူထားတာက ဘူမိဗေဒ၊ ဓါတုဗေဒ၊ ပထ၀ီဘာသာတွဲပါ) ကျနော် ကျောင်းတက်နေတော့ သူလဲရောက်လာပြီး၊ သူပါ မြန်မာနိုင်ငံ သမိုင်းနဲ့ စာမေးပွဲ ဖြေချင်တယ်လို့ ကျနော်နဲ့ တိုင်ပင်တယ်။ ဒီတော့မှ သူလဲ ဘွဲ့မရသေးတဲ့ သက်တော်ရှည် ကျောင်းသားကြီးမှန်း သိရပါတယ်။

သူက အနည်းဆုံး ကျနော့်အရင် ၃-၄ နှစ်စောပြီး တက္ကသိုလ် ရောက်ခဲ့လို့ပဲ ၁၉၅၄ ခုနှစ် (ကျနော် မန္တလေး အထက(၁) မှာ ကျောင်းတက်နေတဲ့ နှစ်မှာ) ဗကသ အတွင်းရေးမှုးအဖြစ် အရွေးခံခဲ့ရတာ မဟုတ်လား။

ကျနော်တို့ နှစ်ယောက် ၀ိဇ္ဇာ နောက်ဆုံးနှစ်ကို အတူဖြေဖို့အတွက် မန္တလေးကျူံး အနောက်ဖက် ဘုရားနီ ဘုရားအတွင်းမှာ စာအတူ ကျက်ခဲ့ကြပါတယ်။ ၁၉၆၆-၆၇ ခုနှစ်မှာ လူထု သတင်းစာတိုက်ကို အပိတ်ခံရတယ်။ အလွတ်ကျောင်းတွေကို ၁၉၆၅ ခုနှစ်မှာ ပြည်သူသူပိုင် သိမ်းတယ်။ ကျနော်နဲ့ တင်မိုး အလွတ်ကျောင်းဆရာ အတူလုပ်ရင်းက ပြည်သူပိုင်သိမ်း အစိုးရ ကျောင်းဆရာ ဖြစ်ခဲ့ရပါပြီ။ ကျနော်က ရွှေဘိုခရိုင် တန့်ဆည်မြို့ကို အထက်တန်း ဆရာအဖြစ်နဲ့ အပြောင်းခံရတယ်။ တင်မိုးကို ဆရာမင်းသုဝဏ်က ရန်ကုန်တက္ကသိုလ် ဘာသာပြန်နဲ့ စာအုပ် ထုတ်ဝေရေးဌါနမှာ စာပြုအဖြစ် အလုပ်လုပ်ဖို့ ခေါ်သွားပါတယ်။ ကိုဇော်ဝင်းကတော့ ရန်ကုန် အခြေခံ ပညာဦးစီးဌါန ပညာရေး သုတေသနဗျူရိုမှာ သုတေသနအရာရှိ (သမိုင်း) အဖြစ် အမှုထမ်း နေတယ်လို့ ကြားရပါတယ်။ အဲ့ဒီဌါနမှာ တကသ အမှုဆောင်အဖြစ် ထင်ရှားခဲ့တဲ့ ရွှေဘိုဘက်က ရှိန်းမကား ဇာတိ ကိုဘကောင်းလဲ ရှိနေသတဲ့။ ကိုဘကောင်း၊ ကိုဇော်ဝင်း တို့နဲ့ တွဲခဲ့တဲ့ ဆရာဦးသန်းဦး(ကိုစိုးမင်း) က သူတို့ အထက်အရာရှိ ဖြစ်နေပါတယ်။

အဲ့ဒီတုန်းက ပညာရေးဝန်ကြီးဖြစ်သူက ဒေါက်တာညီညီပါ။ ဘူမိဗေဒပါမောက္ခ ဟောင်းပါ။ ဒေါက်တာ ညီညီကလဲ ဒေါက်တာ သန်းထွန်းတို့နဲ့ ပါဝင် ဆက်စပ်ခဲ့သူ ဖြစ်ပါတယ်။ သူ့ခေတ်မှာ ကိုစိုးသိန်း၊ ကိုလှဝင်း၊ ကိုဘကောင်း၊ ကိုဇော်ဝင်း၊ ကိုတင်ထွတ်၊ ကိုခင်မောင်အုန်း အစရှိ ကျောင်းသား ခေါင်းဆောင်တွေ အတော်များများဟာ ပညာရေး ဌါနတွေမှာ အရာရှိတွေ ဖြစ်လာခဲ့ပါတယ်။ ဒေါက်တာညီညီကအစ အားလုံးဟာ လက်ဝဲ၀ါဒစွဲ ရှိတဲ့ ကျောင်းသားကြီးတွေလို့ နာမည် ကြီးခဲ့ပါတယ်။

လွတ်လပ်ရေးမရခင် (၁၉၄၇) မှာ ဒေါက်တာသန်းထွန်း ဗကသ ဥက္ကဋ္ဌဖြစ်တော့ “ငါ ကွန်မြူနစ်” လို့ ဗြောင် ကြေညာ ခဲ့ဖူးသတဲ့။ ကျော်အောင်၊ မြသန်းတင့်၊ အောင်လင်းတို့ တက္ကသိုလ် ရောက်တဲ့နှစ်ကျတော့ ပုခုက္ကူ ကြည်တင်က တကသ ရွေးကောက်ပွဲမှာ “အလံနီကြည်တင်” လို့ အခန်းမှာ စာရေးထားတယ် ဆိုပါတယ်။ ဒေါက်တာ ညီညီကတော့ မတ်က်စ်ဝါဒ လေ့လာရေးအဖွဲ့ ဖွဲ့ခဲ့တယ်လို့ ကြားလိုက်မိဖူးပါတယ် သမိုင်းမှာ ကွန်မြူနစ် ဆိုတာကို “မြေမြှုတ်”နေတဲ့ ခေတ်ဖြစ်နေလို့ ဒါတွေ ဖုံးဖိ ထားခဲ့ရပါတယ်။ တနေ့တော့ ပြန်ပေါ်မှာပါပဲ။

ကိုဇော်ဝင်းတို့ဟာ ၁၉၅၈ အိမ်စောင့် အစိုးရလက်ထက်က စပြီး စစ်အစိုးရကို ဆန့်ကျင်ခဲ့သူ ဖြစ်ပါတယ်။ မဆလခေတ် (စစ်အစိုးရ) မှာ သူတို့ ၀င်လုပ်တော့ ဒီလူတွေ ဖေါက်ကုန်ကြပြီ ပြောတဲ့လူတွေက ပြောကြပါတယ်။ ခုထိပြောဆဲပါ။ ကျနော်ကတော့ အဲဒီလိုမမြင်ရက်ပါ။ လုပ်လို့မရ၊ လုပ်လဲ မလုပ်နိုင်လို့ ရပ်လိုက်တာဖြစ်ပြီး၊ “ပြည်သူ” ကိုတော့ သစ္စဖေါက်မဲ့သူတွေ မဟုတ်ဘူးလို့ပဲ မြင်ပါတယ်။

မဆလစစ်တပ်ပါတီ ၀င်ပြီးဒူးတုတ် အညံ့ခံရင်း အခွင့်ထူး ယူသွားသူများကိုသာ စိတ်ကွက် မိပါတယ်။ တကယ်တော့ ကျနော်တို့လဲ ပြည်သူပိုင်သိမ်းခံ အစိုးရ၀န်ထမ်း ဖြစ်လာတာပဲ မဟုတ်လား။ တခြား ထွက်ပေါက်ကတော့ လက်နက်ကိုင် ပုန်ကန်ဖို့ပဲ ရှိတော့မယ် ထင်ပါတယ်။

ကျနော် “ပြည် ရွှေဘိုမြို့တော်မြောက် ချောင်းပေါက်လို့ မကူးနိုင်” ဆိုတဲ့အရပ်ကို ရောက်နေတော့ “မဆလ အပိုအလုပ်တွေ” မလုပ်ပါဘူး။ ပါတီမ၀င်ဘူး။ သူတို့က ၀န်ထမ်းကို ကျွန်လို့ပဲ အောက်မေ့သူတွေပါ။ စစ်တပ်က ၀ယ်ထားတဲ့ ငွေဝယ်ကျွန်တွေလို ခံယူထားတာပါ။

အထူးသဖြင့် လက်ဝဲပျက် ဆိုရှယ်နီများက ပိုဆိုးပြီး ရှောင်တောင်တောင် လုပ်သူတွေကို သူတို့လိုပဲ အမြီးပြတ်အောင် လိုက်လုပ်တာတွေ တွေ့ရပါတယ်။ “ရဲဘော်တို့ကို စေတနာထားလို့ပါ” တဲ့။

ကျနော်က အားရင် ပေပုရပိုက်ရှာတယ်။ ကောက်စိုက်သီချင်းတွေ စုပါတယ်။ ရန်ကုန်ကို ပညာရေးဌါနရဲ့ သင်တန်း တခုနဲ့ ကြုံတော့ ဆင်းသွားပါတယ်။ ပေပုရပိုက် ကောက်စိုက်သီချင်းတွေ ပိုက်သွားတယ်။

အဲ့ဒီကာလမှာ (၁၉၆ရ-၆၈) မှာ ဆရာမင်းသုဝဏ်ရဲ့ သပြေညိုအိမ်မှာ “ကဗျာဝပ်ရှော့”နဲ့ ကြုံတယ် ကဗျာဆရာ တွေနဲ့ ဆုံရတယ်။ စာရေးဆရာ ကျော်အောင်နဲ့ တင်မိုးတို့က မင်းသုဝဏ်ရဲ့ ဌါနမှာ လူလိုတာဝင်လုပ်ဖို့ခေါ်တော့ ၀မ်းသာတယ်။

ဒါပေမဲ့ ဦးတင်အေး(ရှမ်းပြည်)က
“ခင်ဗျားတို့ နယ်မှာနေတာက ပိုပြီး အကျိုးရှိပါတယ်။ ဘာသာပြန်ဌါနမှာ ၀ါသနာမပါပဲ မလာချင်ပါနဲ့” လို့ ပြောပြီး ငြင်းလိုက်ပါတယ်။ သူက ဆရာ မင်းသုဝဏ်ရဲ့ ဌါနမှာ လက်ထောက်ပါ ဆရာ မင်းသုဝဏ်ကတော့ “ငါက မင်းတို့ကို အဖေါ်ရအောင်လို့ ခေါ်ချင်တာပါကွယ်” လို့ ၀မ်းပန်းတနည်း ပြောရှာပါတယ်။ ဒီတော့ ကိုဇော်ဝင်း ၀င်လာပါတယ်။ သူတို့ဌါနမှာ ကျောင်းသုံး သမိုင်းပြုစုဖို့ အစီအစဉ် လုပ်နေတယ်။ ပညာတန်ဆောင် မဂ္ဂဇင်း အ-သုံးလုံး မဂ္ဂဇင်း ကိစ္စတွေလဲရှိတယ် ခင်ဗျားနဲ့ သိပ်ကိုက်တယ် … တဲ့။ သူက ကိုယ်ဖိရင်ဖိ ကြိုးစားရှာပါတယ်။ ၀န်ကြီး ဒေါက်တာညီညီ အထိ တက်ပြောရပါတယ်။

ကိုဇော်ဝင်းကတော့ သူတို့နေတဲ့ ဝေဠုဝန် တိုက်ခန်းမှာ အခန်းရအောင် အထိ ကြိုးစားပါတယ်။ လူပြောင်းလို့ ရပေမဲ့ အခန်းပြောင်းလို့ မရပါဘူး အမရဆောင်မှာ “သမိုင်းသင်ရိုးအဖွဲ့” အမည်နဲ့ ရုံးခန်း ဖွင့်ထားပေးပါတယ်။ အထက်တန်းပြ ဆရာတဦးရယ် အလယ်တန်းပြ ဆရာတဦးရယ် တွဲထားပါတယ်။ ကိုဇော်ဝင်း အတွင်းရေးမှုးလုပ်ပြီး ကျောင်းသုံး မြန်မာနိုင်ငံ သမိုင်းစာအုပ်ကို ပြုစုရပါတယ်။ မဆလပါတီရဲ့ လက်အောက်ခံ အဖွဲ့အမျိုးမျိုးက ၀င်ပြီး ကြီးကြပ်ပါတယ်။

ဒီအချိန်မှာ ပညာရေး သုတေသနဗျူရိုက ဦးစီးတဲ့ စာမတတ်သူ ပပျောက်ရေး လုပ်ငန်းဟာ အထူး အောင်မြင်လာပြီး ယူနက်စကိုကပေးတဲ့ “မိုဟာမက် ရေဇာပါလဗီ” ဆုကို ရရှိလိုက်ပါတယ်။ ကိုဇော်ဝင်းတို့လို ဗကသ၊ တကသ၊ အတွေ့အကြုံ ရှိသူတွေရဲ့ ဦးဆောင်စည်းရုံးရေး ကောင်းမှုကြောင့် တက္ကသိုလ် ကျောင်းသားတွေ တပြုံလုံး အုံကြွ ပါဝင်လာခဲ့ကြပါတယ်။ ကျောင်းသားတွေဟာ ကျေးလက်က မိဘ ပြည်သူတွေရဲ့ ရင်ခွင်ကို ခိုလှုံခွင့် ရသွားကြပြီး ပြည်သူ့ဘ၀ကို ထိတွေ့ နားလည် လာကြပါတယ်။ လုပ်ငန်းတွေ စခန်းသိမ်းပေမဲ့ ကျောင်းသားတွေရဲ့ စိတ်အား ထက်သန်မှုက စခန်းသိမ်းလို့ မရပါဘူး။ ဒါနဲ့ သုတေသန ဗျူရို (ပြည်လမ်း)ဘေးမှာ တဲထိုးပြီး စခန်းဖွင့်ပေး ထားရပါတယ်။ မဆလက လူထုလှုပ်ရှားမှု တကယ် အောင်မြင်လာတာကို သဘောတွေ့ပုံ မရပါဘူး။

တက္ကသိုလ်ကျောင်းသားတွေရဲ့ အ-သုံးလုံး စခန်းမှာ ကိုဇော်ဝင်း အမြဲရှိပါတယ်။ သူက တယောက်ချင်းကို လေးလေးစားစား ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီး ဆက်ဆံပြောဆို ကူညီပါတယ်။ ဗိုလ်ရဲထွတ်ရဲ့သား ဗိုလ်ကျောဇောရဲ့သား (ချွေးမလောင်း အဲ့ဒီရုံးမှာ ရှိတယ်)။ ပြည်သူရဲဘော် ဗိုလ်ညိုမှိုင်းရဲ့သား၊ လက်သီးပုန်း သခင်ဗတင် သမီးနှစ်ယောက် စသဖြင့် နိုင်ငံကျော်တွေရဲ့ သားသမီးတွေလဲ ရှိပါတယ်။ သူတို့ မိဘတွေရဲ့ “သွေး” ပါလို့ ပြည့်သူ့ “အကျိုး” ဆိုတဲ့ စေတနာ ထက်ထက်သန်သန် ပါဝင်ဟန်ရှိပါတယ်။ နောက်ပြီး သူတို့အားလုံးဟာ စာပေ အနူပညာတွေမှာ အထူး စိတ်ဝင်စားကြ ၀ါသနာပါ ကြပါတယ်။ တင်မိုး၊ မောင်သာနိုး၊ မောင်စွမ်းရည် တို့နဲ့လဲ လုံးလားထွေးလား ဖြစ်လာပါတယ်။

ကိုဇော်ဝင်းရဲ့ “ရဲဘော်” တွေထဲမှာ ကျူရှင်ဆရာတွေ ကျောင်းဆရာတွေလဲ မနည်းဘူး။ ဒါကြောင့် ကျနော်ရော အဲ့ဒီ ကျောင်းသားတွေပါ ကျူရှင်ဆရာ ဖြစ်ကုန်ကြပါတယ်။ သင်ရိုးအဖွဲ့တွေ အခြေခံပညာ ဦးစီးဌါနမှာ တကယ် ဖွဲ့ကြတော့ ကျနော်ကျန်ခဲ့ပြီး၊ ကြာမှ မြန်မာစာ သင်ရိုးအဖွဲ့က ခေါ်ယူလိုက်ပါတယ်။ “သမိုင်း”မှာ မပါရတာ ကျနော် ကံကောင်းပါတယ်။ ကိုဇော်ဝင်းနဲ့တော့ မကွဲမကွာပါပဲ။

သူနဲ့ အသုံးလုံး အဖွဲ့သားတွေနဲ့ တရုန်းရုန်းပါပဲ။ သူကတိုးတိုး တိုးတိုးအေးအေး အေးအေးနဲ့ စကားပြော ကောင်းတယ်။ ဒါ့ကြောင့် စည်းရုံးရေးသမားကောင်း အဖြစ် နယ်က ကျောင်းတွေကို ဘာသာရပ် ဟောပြောပွဲတွေကို ကိုဇော်ဝင်းက စီစဉ်ပါတယ်။ နာမည်ကျော်ပါတယ်။ မင်းသားကိုမြတ်လေး၊ စန္ဒယားချစ်ဆွေ ကိုလေးညွှန့်၊ ကိုမောင်မောင်ကြီး၊ မာမာအေးစတဲ့ တေးဂီတ သမားတွေနဲ့လဲ အထူးရင်းနှီးတယ်။ အ-သုံးလုံး ပို့စကဒ်ပေါ်က ကျနော့်ရဲ့ မဖြစ်စလောက် ကဗျာလေးကို မာမာအေး ဆိုစေပြီး အသံလွှင့်ဖူးတယ်။ မာမာအေးကလဲ တခြားအဆိုတော်လို ကိန်းကြီးခန်းကြီး မလုပ်တတ်ဘူး။ ငြိမ်းချမ်းရေးသီချင်း ကျောင်းသား သီချင်း အ-သုံးလုံး သီချင်း စတဲ့ လူထုစည်းရုံးရေး သီချင်းတွေကို ကိုမြတ်လေး ကိုဇော်ဝင်းတို့ အသိုင်းအ၀ိုင်းက အကူအညီတောင်းရင် မငြင်းရှာဘူး။ ကိုဇော်ဝင်းကလဲ အနုပညာသမားများ စာပေသမား စတာတွေကို အရေးတယူ ကူညီတတ်တယ်။

သူ ဘာတွေ တီးတတ်မှုတ်တတ်သလဲ ကျနော်မသိလိုက်ဘူး။ ဂီတနက်သန်ကိုစောငြိမ်းရဲ့ သီချင်းတွေကိုတော့ အထူး နှစ်သက်ပြီး “သစ္စာရှင်” “စိန်”စတဲ့ သီချင်းတွေကို ကွမ်းဝါးတဲ့ ပါးစပ်နဲ့ မကြာခဏ ဆိုညည်းလေ့ ရှိတာကို ကြားဖူးပါတယ်။ (သူ့သမီးထွေးလေးရဲ့ အမည်“နီနီဇော်” ဆိုတာ တင်မိုးပေးတဲ့ အမည်ပါ)။

သူနဲ့ကျနော်တို့ (တင်မိုးအပါအ၀င်) တွဲလုပ်ခဲ့တဲ့ နောက်ဆုံး အလုပ်ကတော့ “ပဲ့တင်သံ”ခေါ် စာမတတ်သူ ပပျောက်ရေး လှုပ်ရှားမှု အထိမ်းအမှတ် မဂ္ဂဇင်းပါ။ မဂ္ဂဇင်းပါ မဂ္ဂဇင်းအမည်ကို ဆရာ မင်းသုဝဏ်က ပေးခဲ့ပြီး အ-သုံးလုံး ဖတ်စာကိုလဲ ဆရာပဲ ပြုစုပေးပါတယ်။ “၀ ထ က လ သ” နည်းလို့ ခေါ်ပါတယ်။

ကိုဇော်ဝင်း ကျနော့်ကို မန္တလေးက ရန်ကုန်ကိုခေါ်ခဲ့တာက “ပညာလောက” ဆိုတဲ့ ပညာရေး မဂ္ဂဇင်းထုတ်ရာမှာ အယ်ဒီတာချူပ် သို့မဟုတ် အယ်ဒီတာ အဖွဲ့ဝင်လုပ်ဖို့ ၀န်ကြီး ဒေါက်တာညီညီ တို့ကို အကြောင်း ပြခဲ့ပေမဲ့ ကျနော့်အနေနဲ့ တခါပဲ ရေးလိုက်ရဖူးပါတယ်။

သမိုင်းသင်ရိုးအဖွဲ့မှာ လုပ်ဖို့ ဆိုတာလဲပါတယ် “ဆရာစွမ်း က မြန်မာနိုင်ငံသမိုင်း ဘာသာရပ်နဲ့ ဘွဲ့ရသူ။ အမျိုးသား စာပေဆု(၁၉၆၄) ရဖူးသူ”လို့ အကြောင်းပြ ကောင်းခဲ့ပါတယ်၊ ဒါပေမဲ့ နှစ်နေရာလုံးမှာ ကျနော် မပါခဲ့ပါဘူး၊ ကျနော်ကလဲ ဒါတွေကို ၀ါသနာ မပါဘူး။ ရန်ကုန်ရောက်ရင် ပြီးတာပဲလို့ သဘောထားပါတယ်၊ ဘာဖြစ်လို့လဲ ဆိုတာ ကိုဇော်ဝင်းကို ကျနော် မမေးခဲ့ပါဘူး။

အဲ့ဒီကိစ္စတွေနဲ့ မဆိုင်တဲ့ မြန်မာစာသင်ရိုးအဖွဲ့ကိုပဲ ရောက်သွားခဲ့ပါတယ်။ ဒါလဲ ကျနော် မလုပ်ချင်လို့ စာကြည့်တိုက် ဒီပလိုမာယူပြီး စာကြည့်တိုက်မှာပဲ ခိုလှုံ နေလိုက်ပါတယ်။ “ကျွန်ခေတ်မှာ လူရာမ၀င်ချင်” ဆိုတဲ့ ဘကြီးမှိုင်းရဲ့ စကား အတိုင်းပါပဲ။ မဆလတွေ တိုက်ရိုက် ကြီးကြပ်တဲ့အဖွဲ့က ဝေးသွားတာပဲ ၀မ်းသာလှပါပြီ။

ခုတော့ သူအသည်း ကင်ဆာနဲ့ ကွယ်လွန်ခဲ့တာ ကြာပြီ၊ စာပေ၀ါသနာကြီးခဲ့သူ ဖြစ်ပေမဲ့ သူ့လက်ရာ မှတ်မှတ်ရရ မကျန်ရစ်ရှာဘူး၊ ဒါပေမဲ့ ဗကသ လှုပ်ရှားမှု သမိုင်းမှာတော့ သူ့အမည် မပါလို့ မဖြစ်။ ၁၉၅၄-၅၅မှာ ဗကသ အတွင်းရေးမှုး။ ၁၉၅၆-၆၀မှာ ဗကသဥက္ကဋ္ဌပါ။ ကျနော့်အဖို့တော့ ညီအကိုလို ခင်မင်တဲ့ ရဲဘော်ကြီးပါ။ ဘာပဲဖြစ်ဖြစ် ကျနော့် သူငယ်ချင်း ရင်းချာတဦး အဖြစ်နဲ့ အလွမ်း မှတ်တမ်းကိုတော့ ရေးလိုက်ရပါတယ်။ ဗုဒ္ဒဘာသာ ထုံးစံအရ ပြောရရင် ကိုဇော်ဝင်းဟာ သူတပါးကို ကူညီတတ်တဲ့ စိတ်ကောင်း စိတ်မြတ် ရှိသူတဦး အနေနဲ့ ကောင်းရာသုဂတိကို ရောက်ရှိ နေပါလိမ့်မယ်လို့ ယုံကြည်ပါကြောင်း။

၂၀၁၀ ဖေဖေါ်ဝါရီ ၁၀

(မိုးမခ ဖြည့်စာ - ဆရာရဲ့ စာမူကို မိုးမခက လက်ခံရရှိပြီး၊ စာစီစာရိုက်ချိန် ကြန့်ကြာနေခဲ့လို့ ယခုမှ ဒီစာမူကို တင်ဆက်လိုက်ရပါတယ်။ ထို့အတွက် တောင်းပန်ပါတယ်။ ဒါ့အပြင် ဆရာမောင်စွမ်းရည်က ဗကသ ဦးဇော်ဝင်းရဲ့ ဇနီးသည် နာမကျန်း ဖြစ်နေချိန်မှာ သည်စာမူနဲ့ သူ့ခင်ပွန်းအကြောင်း ပြန်လည်ပြောပြပြီး အားပေးချင်တဲ့ အကြောင်း၊ မြန်မြန် တင်ဆက်စေချင်ကြောင်း မိုးမခကို တိုက်တွန်းခဲ့ပါတယ်။ ယခု စာမူကို မိုးမခမှာ တင်ဆက်တဲ့ အချိန်မှာ ဗကသ ဦးဇော်ဝင်းရဲ့ ဇနီး ဒေါ်ခင်ခင်အေး ကွယ်လွန်သွားပြီ ဖြစ်တယ်လို့ ကြားသိရပါတယ်။ ထို့အတွက် မိုးမခက ထပ်မံ တောင်းပန်ပါတယ်။ ဗကသ ဦးဇော်ဝင်းနဲ့ ဇနီး ဒေါ်ခင်ခင်အေးတို့ရဲ့ ကျန်ရစ်သူ မိသားစုအတွက် မိုးမခက ၀မ်းနည်းမှတ်တမ်း အဖြစ် ဆရာမောင်စွမ်းရည်၏ ဆောင်းပါးကို တင်ဆက်လိုက်ပါတယ်။)


Ref: မိုးမခ

0 comments:

အပေါ်သို့