..............................

Sunday, March 28, 2010

ကျီးလန့်စာစား မဖြစ်ကြရန် ပန်ဆန်း ဒေသခံလူထုအား ၀ အာဏာပိုင်ဟောပြော

Friday, 26 March 2010

ပန်ဆန်းနှင့် အခြား ၀ ပြည်နယ် မြို့များရှိ ၀န်ထမ်း နှင့် NGO, UN လုပ်သားများအား နအဖ အာဏာပိုင်များ ၂-၃ ရက်အတွင်း နေရပ်သို့ပြန်ရန် ညွှန်ကြားလိုက်သည့် ကိစ္စအပေါ် ကျီးလန့်စာစား တုံလှုပ် ခြောက်ခြားခြင်း မရှိကြရန် ၀ ဒေသခံ အာဏာပိုင်များက ပန်ဆန်း လူထုအား ရှင်းလင်း ဟောပြောခဲ့သည်ဟု စုံစမ်း သိရှိရပါသည်။

“ဗမာအာဏာပိုင်တွေက သူတို့ရဲ့ဝန်ထမ်းတွေ၊ NGO လုပ်သားတွေကို ၂ ရက်အတွင်း နေရပ် အသီးသီးအပြီး ထွက်ခိုင်းတော့ ဒေသခံတချို့ ထိတ်လန့်ကုန်တာပေါ့။ ကွန်လုံဘက်က အခုဘဲ တိုက်ပွဲ ဖြစ်တော့မလိုလို ကြားလို့ ဒီနေ့လူတွေ ရုပ်ရုပ်သဲသဲ ဖြစ်နေသေးတယ်” - ဟု မြောက်ပိုင်း ၀ နယ် ဒေသခံ တဦးက ပြောပါသည်။

မတ်ခ်ျ ၂၅ ရက်နေ့ ပန်ဆန်း ၀ အာဏာပိုင်များက ကျေးရွာ၊ အုပ်စု၊ ရပ်ကွက် အဆင့် အကြီးအကဲများနှင့် ဒေသခံ လူထုအား ပန်ဆန်း အုပ်ချုပ်ရေးရုံးသို့ အစည်းအဝေး ဆင့်ခေါ်ပြီး ထိုကဲ့သို့ တားမြစ် ပြောဆိုခဲ့ခြင်း ဖြစ်၏။

နယ်စပ်ဒေသတိုင်းရင်းသားဖွံ့ဖြိုး တိုးတက်ရေး နှင့် စည်ပင်သာယာရေး အာဏာပိုင်များက နအဖ ၏ နတလ ဌာဆိုင်ရာ ၀န်ထမ်းများ နှင့် NGO လုပ်သားများ နေရပ် ပြန်ကြရန် ညွှန်ကြားခြင်းသည် ရွေးကောက်ပွဲ အတွက် ခွင့်ရက်ရှည်ပေး ပြန်ခိုင်းခြင်း ဖြစ်ကြောင်း၊ တိုက်ပွဲဖြစ်မည့် အလားအလာ တစုံတရာ မတွေ့မမြင် ရသေးကြောင်း၊ ဖြစ်ခဲ့ပါကလည်း ၀ တပ်မတော်က မိမိနယ်မြေ လူထုအတွက် အကာအကွယ်ပေးရန် ကြိုတင် သတိပေးအကြောင်း ကြားမည်ဖြစ်ကြောင်း - အားပေး ရှင်းလင်းခဲ့သည်ဟု ဆိုသည်။

“၀ အာဏာပိုင်တွေရှင်းပြတာက တရုတ်လို၊ သျှမ်းလို၊ ၀ လို သုံးဘာသာစလုံး ပြောသွားတယ်။ မစိုးရိမ်နဲ့ နားမယောင်နဲ့ မကြောက်နဲ့၊ တိုက်ပွဲဖြစ်ဖို့ အလားအလာ မရှိဘူးတဲ့”- ဟု တက်ရောက်နားထောင် ရသည့် ဒေသခံ တဦးက ပြောပြပါသည်။

ဝ နယ်ထဲသို့ သွားရောက် တာဝန်ထမ်းဆောင်သည့် နတလ ၀န်ထမ်းများ၊ NGO ၀န်ထမ်းများ အပါအ၀င် ကျဘမ်း ရွှေ့ပြောင်း ဗမာ အလုပ်သမားများ ၈၀% ခန့် နေရပ်ပြန်သွားပြီး ဖြစ်၏။ သို့သော် ပန်ဆန်းမြို့လယ် တောင်ကုန်းပေါ်ရှိ နအဖတပ် အင်အား ( ၀ ဘက်က ခွင့်ပြုထားသည့် စာရင်းအတိုင်း) လက်နက်ကိုင် အင်အား ၂၇ ယောက်ရှိ တပ်ခွဲမှာမူ တပ်ရုပ်ပြန်ခြင်း မရှိသေးပေ။

“အခုမပြန်သေးတာက ၂၀ % လောက်ဘဲ ကျန်တယ်။ လူဦးရေ ဆယ်ဂဏန်းလောက်ပေါ့၊ သူတို့တွေက ခရီး စရိတ် မလုံလောက်တဲ့ သူတွေ၊ နောက်တခုက ပြန်သွားပြီးရင် ပြန်မလာဖို့ ၀ က နှုတ်မိန့် ပေးထားတယ် ဆိုလို့ ပြန်မလာရမှာ စိုးရိမ်သူတွေ၊ အလုပ်ကိုင် မရှိမှာကို စိတ်ပူနေကြသူတွေပေါ့” - ဟု အမည်မဖေါ်လိုသည့် ၀ ဌာနချုပ် ၀န်ထမ်း တဦးက ပြောပါသည်။

ဝ အာဏာပိုင်တဦးက နတလ ၀န်ထမ်းများအား ယခုကဲ့သို့ ပြန်ခေါ်ခြင်းသည် နအဖ ဘက် တဘက်သတ် စီစဉ်ခြင်း ဖြစ်ကြောင်း၊ ၀ အာဏာပိုင်များနှင့် တွေ့ဆုံ ဆွေးနွေးခြင်း မရှိသည့်အတွက် နောက်နောင် ပြန်လာမည် ဆိုပါက ၀ နယ်ထဲ ၀င်ခွင့်ပြုမည် မဟုတ်တော့ကြောင်း၊ ထိုဝန်ထမ်းအဖွဲ့နှင့် ဗမာ အလုပ်သမားများ ထဲမှ နအဖ ထောက်လှမ်းရေး သူလျှိုအများ အပြား ပါဝင်နိုင်သောကြောင့် ပြန်မလာလျှင် ပို၍ကောင်းကြောင်း - သျှမ်းသံတော်ဆင့်သို့ ပြောပြ၏။

သီးခြားအတည်မပြုနိုင်သေးသည့် သတင်းအရ နအဖ ၀န်ထမ်း တပ်ရုပ်ပြန်ခြင်းမှာ နယ်စပ် လုံခြုံရေးအရ စိုးရိမ် ထိတ်လန့်မှု ဖြစ်စေကြောင်း၊ နတလ နှင့် NGO ၀န်ထမ်းများ တာဝန် အသီးသီး ပြန်လည်ထမ်းဆောင်ရန် ၀ နယ်သို့ ပြန်ပို့သင့်ကြောင်း တရုတ် အာဏာပိုင်များက နအဖထံ တိုက်တွန်းထားသည်ဟု ဆိုသည်။

ဒါ့အပြင် တရုတ်တိုက်တွန်းချက်ကြောင့် လာမည့် ၂၈-၂၉ ရက်နေ့တွင်လည်း နအဖ နှင့် ၀ တပ်ဖွဲ့ နှစ်ဖက် ကိုယ်စားလှယ်များ ထပ်မံ တွေ့ဆုံ ဆွေးနွေးကြဦးမည်ဟု ဆို၏။ သို့သော် မည်သူမည်ဝါ ပါဝင်၍ မည်သည့် နေရာ၌ တွေ့ဆုံကြမည်ကိုမူ မသိရသေးပေ။

Ref: သျှမ်းသံတော်ဆင့်

0 comments:

အပေါ်သို့