..............................

Wednesday, March 31, 2010

မိုင်းလားတပ်ဖွဲ့အား ဗိုလ်ချုပ်ရဲမြင့်က ပဉ္စမအကြိမ် နောက်ဆုံးဒက်လိုင်း ရာဇသံ ထပ်ပေး

Tuesday, 30 March 2010

နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး အတွက် မိုင်းလားတပ်ဖွဲ့အား နအဖ၏ စရဖ ညွှန်ချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့် ခေါ်ယူတွေ့ဆုံ၍ ဧပြီလ နောက်ဆုံးပတ် သတ်မှတ်ရက် အဖြေပေးရန်၊ သို့မဟုတ်လျှင် မတရားအသင်း ဖြစ်မည်ဟု ဖိအားပေးခဲ့ကြောင်း ကျိုင်းတုံ - ပန်ဆန်း သတင်းရပ်ကွက်က ဆိုသည်။

“ဗိုလ်ရဲမြင့်က မိုင်းလားခေါင်းဆောင်တွေကို ပြီးခဲ့တဲ့ ၂၈ ရက်က တွေ့ဖို့လှမ်းခေါ်တယ်။ လာမယ့် ဧပြီလ ၂၈ တကယ့် နောက်ဆုံး အချိန် ထပ်ပေးမယ်၊ အသွင်ပြောင်းရင်ပြောင်း မပြောင်းရင် ဘာညာပေါ့၊ မိုင်းလားကိုယ်စားလှယ် အဖွဲ့ကတော့ ဘာဆိုဘာမှ ပြန်မပြောရဘူး”- ဟု အမည်မဖေါ်လိုသည့် ကျိုင်းတုံ စစ်တိုင်းရုံး အသိုင်းအ၀ိုင်းနှင့် ၀င်ဆန့်သူ တဦးက ပြောပါသည်။

ဒုဗိုလ်ချုပ်ကြီးရဲမြင့် ဖိတ်ခေါ်ချက်အရ ဒုဥက္ကဌ (၂) စ၀်ဆန်လူ၊ ဒုစစ်ဦးစီးချုပ် စ၀်ခမ်းမောင်၊ ကျိုင်းတုံရှိ မိုင်းလား အဖွဲ့ရုံးတာဝန်ခံ စိုင်းစိုးဝင်း အပါအ၀င် မိုင်းလား ကိုယ်စားလှယ် ၈ ဦး မတ်ခ်ျ ၂၉ ရက် မနက်ပိုင်းက တြိဂံစစ် တိုင်းရုံးသို့ ရောက်ရှိပြီး စရဖ အရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် တိုင်းမှူး ဗိုလ်ချုပ်ကျော်ဖြိုးတို့အား သွားရောက် တွေ့ဆုံခဲ့သည် ဟုဆို၏။ ထို့အတူ UWSA ပန်ဆန်း ဌာနချုပ်အားလည်း ဧပြီ ၁ ရက် တန်ယန်းသို့ သွားတွေ့ရန် မှာကြားခဲ့သည်ဟု ဆိုသည်။

ရောက်ရောက်ချင်း စရဖ အရာရှိချုပ် က လာမည့် ဧပြီ ၂၈ ရက် တနှစ်ပြည့် နောက်ဆုံးသတ်မှတ်ရက် ယတိပြတ် ကန့်သတ်ပေးကြောင်း၊ တစုံတရာ အကြောင်းမပြန်လျှင် ၁၉၈၉ မတိုင်မီ နှစ်များကဲ့သို့ သတ်မှတ်ယူရမည် ဖြစ်ကြောင်း ပြောရာ မိုင်းလားတပ်ဖွဲ့မှ တစုံတရာ တုန့်ပြန် ဆွေးနွေးခွင့် မပေးဘဲ ထိုင်နားထောင်ရုံ သက်သက်သာ ဖြစ်သည်ဟုဆိုပါသည်။

“ဧပြီ ၂၈ ရက်က တကယ့်နောက်ဆုံး သတ်မှတ်ရက်တဲ့၊ မပြောင်းလို့ အဲဒီ ဒက်လိုင်းကုန်သွားရင်တော့ ၁၉၈၉ မတိုင်ခင် အနေအထားအတိုင်း ပြန်ဖြစ်သွားမယ် ဆိုဘဲ။ ဆိုလိုတာက မတရားအသင်း ဖြစ်သွားမယ်ပေါ့။ ဗိုလ်ရဲမြင့်က တိုတို တုတ်တုတ် ပြောပြီး ခြိမ်းခြောက်တယ်” - ဟု ထိုင်းနယ်စပ်ရောက် ပန်ဆန်းကုန်သည် တဦးက သျှမ်းသံတော်ဆင့်သို့ ပြောပါသည်။

အသွင်ပြောင်းရေးအတွက် မူအားဖြင့် လက်ခံထားသည့် မိုင်းလားတပ်ဖွဲ့၏ တောင်းဆိုချက် ၆ ချက်ကိုလည်း ဒုဗိုလ်ချုပ်ကြီး ရဲမြင့်က ၂၀၀၈ ဖွဲ့စည်းပုံနှင့် အကြုံးမ၀င်ဟု ဆိုကာ ပါယ်ချခဲ့သည်။

ဖေဖေါ်ဝါရီ ၂၅ ရက်က တြိဂံတိုင်းမှူး ဖိတ်ကြားချက်အရ ကျိုင်းတုံ တြိဂံ စစ်တိုင်းရုံးသို့ မိုင်းလားအဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့တဖွဲ့ သွားရောက်သော်လည်း ဥက္ကဌ ဦးစိုင်းလင်း ကိုယ်တိုင် မသွားသဖြင့် တိုင်းမှူး ဗိုလ်ချုပ်ကျော်ဖြိုး အပါအ၀င် ကျိုင်းတုံ ရောက်နေသည့် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်တို့က ရာထူး အဆင့်အတန်းခြင်း မတူဟု ဆိုကာ လက်ခံ တွေ့ဆုံခြင်း မရှိပေ။

နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် မိုင်းလားတပ်ဖွဲ့အား နအဖ မှ ခေါ်ယူတွေ့ဆုံ၍ ယခုအကြိမ် (ဧပြီ ၂၈ ရက် ) နောက်ဆုံး သတ်မှတ်ရက် ပေးခြင်းမှာ ပဉ္စမအကြိမ်မြောက် ဖြစ်၏။ ပထမ အကြိမ်- အောက်တိုဘာ ၂၀၀၉၊ ဒုတိယ အကြိမ် ဒီဇင်ဘာ ၂၀၀၉၊ တတိယအကြိမ် ဖေဖေါ်ဝါရီ ၂၀၁၀၊ စတုတ္ထအကြိမ်က မတ်ခ်ျ ၁၀ ရက်နေ့ ဖြစ်ပြီး ယခု ပဉ္စမအကြိမ် နောက်ဆုံး ဒက်လိုင်းမှာမူ တကယ့် ဒက်လိုင်းဖြစ်သည်ဟု ပြော၏။ အပစ်ရပ်များ ယခုအခြေအနေ အတိုင်း ဆက်လက် ခေါင်းခါ ငြင်းဆန်သွားလျှင် နောက်နောင်လည်း ဒက်လိုင်း အများပြား ရှိဦးမည်ဟု သုံးသပ်သူများ လည်းရှိသည်။

Ref: သျှမ်းသံတော်ဆင့်

0 comments:

အပေါ်သို့