..............................

Thursday, April 1, 2010

နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကိစ္စ နအဖနှင့် ၀ တပ်ဖွဲ့ မနက်ဖြန် တွေ့ဆုံမည်

ပေါက်ပေါက်/ ၃၁ မတ် ၂ဝ၁ဝ

ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ဝတပ်ဖွဲ့ ကိုယ်စားလှယ်များနှင့် နအဖ စစ်ဖက်ရေးရာ လုံခြုံရေး အရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်တို့ မနက်ဖြန်တွင် ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့၌ တွေ့ဆုံကြမည်။

ဝတပ်ဖွဲ့မှ ဒု-ဥက္ကဋ္ဌ ပေါက်ယိုယိ ဦးဆောင်သည့်အဖွဲ့နှင့် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်တို့ တွေ့ဆုံကြမည်ဖြစ်ပြီး နယ်ခြားစောင့်တပ် အသွင် ပြောင်းရေးအတွက် နောက်ဆုံးရက် သတ်မှတ်ပေးဖွယ် ရှိသည်ဟု အပစ်ရပ် ခေါင်းဆောင်များနှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက “ဒု-ဥက္ကဋ္ဌ ပေါက်ယိုယိနဲ့ ဗဟိုကော်မတီ ကျောက်ဝမ်ကွမ်းတို့ ဦးဆောင်ပြီး မနက်ဖြန် တန့်ယန်းသွားကြမယ်။ ဗိုလ်ရဲမြင့် ပြောမယ့် စကားတော့ ခန့်မှန်းလို့ ရနေပြီပဲ။ မိုင်းလားတပ်ဖွဲ့ကို ရာဇသံ ပေးလိုက်သလို ဧပြီ (၂၈) ရက် နောက်ဆုံးထားပြီး နယ်ခြားစောင့်တပ် လက်ခံဖို့၊ မဟုတ်ရင် မတရားအသင်း ကြေညာမယ်ဆိုတာပဲ ဖြစ်မှာပေါ့” ဟု ပြောသည်။

ယခုလ (၂၈) ရက်က ရှမ်းပြည်အရှေ့ပိုင်း၊ အထူးဒေသ (၄)၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA-ESS) မိုင်းလားတပ်ဖွဲ့မှ ဒု-ဥက္ကဋ္ဌ ဦးစံလူ ဦးဆောင်သည့် အဖွဲ့နှင့် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင်တို့ ကျိုင်းတုံမြို့တွင် တွေ့ဆုံစဉ် ဧပြီ (၂၈) ရက် နောက်ဆုံးထား၍ နယ်ခြားစောင့်တပ် အသွင်ပြောင်းရန်နှင့် ပျက်ကွက်ပါက မတရားအသင်း အဖြစ် ကြေညာသွားမည်ဟု နအဖဘက်က ပြတ်ပြတ်သားသား ပြောဆိုခဲ့သည်ဟု အပစ်ရပ် ခေါင်းဆောင်များနှင့် နီးစပ်သူတဦးက ပြောသည်။

ယမန်နှစ်၊ ဧပြီလ (၂၈) ရက်မှစတင်၍ အပစ်ရပ်အဖွဲ့များအား နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် နအဖဘက်က ပြောဆို ကမ်းလှမ်းခဲ့ပြီး နောက်ဆုံး သတ်မှတ်ရက်အဖြစ် ၂ဝဝ၉ ခုနှစ် အောက်တိုဘာလကုန်ရက်ဟု လည်းကောင်း၊ ၂ဝဝ၉ ခုနှစ် ဒီဇင်ဘာလကုန်ရက်ဟု လည်းကောင်း၊ ၂ဝ၁ဝ ခုနှစ် ဖေဖော်ဝါရီလကုန်ရက်ဟု လည်းကောင်း အကြိမ်ကြိမ် သတ်မှတ်နေခဲ့ရာမှ ယခု တနှစ်တင်းတင်း ပြည့်မြောက်မည့် ဧပြီလ (၂၈) ရက်နေ့ကို နောက်ဆုံးရက် သတ်မှတ်လိုက်ခြင်း ဖြစ်သည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့