..............................

Friday, September 11, 2009

လောက်ကိုင်မြို့တွင် စစ်အစိုးရ သတင်းစာရှင်းလင်းပွဲလုပ်

ရန်ပိုင်
Thursday, 10 September 2009 16:43

စစ်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ဘုန်းဆွေ နှင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ် တို့က နိုင်ငံခြား သံရုံးများမှ သံအမတ်များ စစ်သံမှူးများနှင့် သတင်းထောက်များအား ကိုးကန့် ဒေသတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ တခုကို လောက်ကိုင်မြို့တွင် ယမန်နေ့က ပြုလုပ် ခဲ့သည်။

ယင်းသတင်းစာရှင်းလင်းပွဲတွင် ဦးဖုန်ကြားရှင် နှင့် မိသားစုဝင်များ၏ အိမ်မှ သိမ်းဆည်း ရမိသော မူးယစ်ဆေးဝါးများ၊ လက်နက်စက်ရုံ နှင့် ရန်လုံကျိုင်းရှိ ရဲတပ်ဖွဲ့ ၀င်များအား ကိုးကန့် တပ်ဖွဲ့များက သတ်ဖြတ်ခဲ့သည့် နေရာများကို ပြသခဲ့ ကြောင်းသိရသည်။

“မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီးတော့လည်း ပြထားတယ်၊ လက်နက် စက်ရုံကတော့ တော်တော် ကြီးတယ်၊ လက်နက်ကြီး မပါဘူး၊ AK 47 ပုံစံ ပြောင်းတွေ နဲ့ 9.mm ပစ္စတိုတွေပဲ ပါတယ်” ဟု သတင်းထောက်များ နှင့် နီးစပ်သူတဦးက ဧရာဝတီသို့ ပြောသည်။

စက်ရုံအကျယ်အ၀န်းမှာ ပေ၂၀၀ ပတ်လည်ခန့် ရှိကြောင်း၊ စက်ရုံထဲတွင် အဆောင် ၈ ဆောင်ခန့် ရှိပြီး သံရည်ကျိုစက်များ ၊ တွင်ခုံများ ၊ သေနတ်ဒင် လုပ်သော စက်ရုံများ ရှိကြောင်းသိရသည်။

ကြီးမားပြီး လက်နက်များစွာ ထုတ်လုပ်သော စက်ရုံတရုံကို နေ့ချင်းညချင်း တည်ဆောက်၍ မရနိုင်ကြောင်း ၊ ဤကဲ့သို့ စက်ရုံမျိုး တည်ရှိနေမှုနှင့် မူးယစ်ဆေးဝါးများ ထုတ်လုပ်နေသည်ကို အစိုးရအနေဖြင့် မသိရှိခြင်းအပေါ် သံတမန် တဦးက မေးခွန်း ထုတ်ကြောင်း၊ “ အစိုးရအနေဖြင့် မသိပါဘူး၊ တရုတ်နိုင်ငံမှ သတင်း ပေးသောကြောင့်သာ သိရကြောင်း” ဟု ပြည်ထဲရေး ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ဘုန်းဆွေ က ဖြေကြားကြောင်း ၎င်းကပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၃ ရက်နေ့တွင် အာဏာပိုင်တို့က ကိုးကန့် ခေါင်းဆောင် ဦးဖုန်ကြားရှင်၏ အိမ်တွင် လက်နက်စက်ရုံ ရှိသည်ဟု အကြောင်းပြပြီး ၀င်ရောက် စီးနင်းခဲ့သည်။

ထို့နောက် ကိုးကန့် အပစ်ရပ်အဖွဲ့ အတွင်း စစ်အစိုးရ အကူအညီဖြင့် ဒု ဥက္ကဋ္ဌ တာဝန် ယူခဲ့သူ ပယ်စောက်ချိန် ဦးဆောင်၍ အာဏာသိမ်းခဲ့ပြီး ယာယီ ဦးစီးကော်မတီကို အသစ် ဖွဲ့စည်းခဲ့သည်။

ခေါင်းဆောင်ဟောင်း ဦးဖုန်ကြားရှင်သည် ၎င်း၏ တပ်ဖွဲ့များနှင့် အတူ ၀ နယ်ဘက်သို့ ရှောင်တိမ်းသွားကြောင်း သိရသည်။

ထို ကိုးကန့်ဒေသ ယာယီဦးစီးကော်မတီ ခေါင်းဆောင် ဦးပယ်စောက်ချိန်က စစ်အစိုး၏ နယ်ခြားစောင့်တပ် အသွင် ပြောင်းရေးကို သဘောတူပြီး၊ ၂၀၁၀ ခုနှစ်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ ကိုလည်း စစ်အစိုးရ စီစဉ်မှုဖြင့် ၀င်ရောက်မည် ဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြောဆိုခဲ့သည်။

“ဦးပယ်စောက်ချိန်က မြန်မာစကား သိပ်မပြောတတ်တော့ ပြန် မဖြေနိုင်ဘူး၊ အစိုးရရဲ့ အစီအမံ အတိုင်းပဲလို့ ပြောတယ်၊ ဒု ၀န်ကြီးတို့ တိုင်းမှူးတို့ကလည်း မေးတာကို သိပ်မကြိုက်ဘူး” ဟု ပြောဆိုကြောင်း သတင်းစာ ရှင်းလင်းပွဲ သွားရောက်ခဲ့သည့် သတင်းထောက် အသိုင်းအဝိုင်းက ပြောသည်။

သံတမန်များနှင့် သတင်းထောက်များကို လောက်ကိုင်မြို့အား လှည့်လည် ပြသရာတွင် လက်နက်စက်ရုံ ၊ မူးယစ်ဆေး ထုတ်လုပ်သော စက်ရုံ၊ ဖုန်ကြားဖူးအိမ် နှင့် ရဲတပ်ဖွဲ့ ၀င်များအား အသတ် ခံရသော အချုပ်ခန်း နေရာများကိုသာ ပြသကြောင်း သိရသည်။

“အဲ့ဒီ နေရာတွေကိုပဲ ပြတယ်၊ ကျန်တာကတော့ ကားပေါ်ကနေပြီး အမြန်ပြသွားတယ်၊ ခရီးစဉ်တခုလုံးမှ ၃ နာရီ ကျော်ကျော် ကြာတယ်တဲ့” ဟု သတင်းထောက် တဦးက ပြောသည်။

ယနေ့ထုတ် အစိုးရသတင်းစာတွင် ကိုးကန့်ဒေသ နယ်မြေ တည်ငြိမ်လာပြီး ဒေသခံပြည်သူ ၁၇၁၁၄ ဦး ပြန်လည် ၀င်ရောက် လာသည်ဟု ဖော်ပြထားသော်လည်း၊ စီးပွားရေး လုပ်ငန်းများဖြစ်သည့် ဈေးဆိုင်များ၊ စတိုးဆိုင်များနှင့် ကာစီနို လောင်းကစားဝိုင်းများ ဖွင့်လှစ် ထားသည်ကို မတွေ့ရသေးကြောင်း လောက်ကိုင်မြို့သို့ ရောက်ရှိခဲ့သည့် ၎င်း က ပြောပြသည်။

သတင်းစာ ရှင်းလင်းပွဲ၌ ဗိုလ်မှူးချုပ်ဘုန်းဆွေက ဤဖြစ်စဉ်များနှင့် ပတ်သက်ပြီး သတင်းစာများနှင့် ရေဒီယိုများတွင် ဖော်ပြထားပြီး ဖြစ်သည်ဟု ပြောဆိုကြောင်း၊ ဖြစ်စဉ် အသေးစိတ်ကို မြန်မာအင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးထားသော စာရွက်များအား တခြားသော အစိုးရ တာဝန်ရှိသူများက လိုက်လံ ဝေငှခဲ့ ကြောင်း၊ အသေးစိတ် မေးမြန်း၍ မရကြောင်းလည်း ဆိုသည်။

ဤသတင်းစာရှင်းလင်းပွဲသို့ သံတမန်များနှင့် ပြည်တွင်းပြည်ပ သတင်းထောက်များ စုစုပေါင်းဦးရေ ၆၀ ခန့် လိုက်ပါတက် ရောက်ခဲ့ပြီး ပြည်တွင်း စာနယ်ဇင်း များမှာ လျှပ်တပြက်ဂျာနယ်၊ မြန်မာတိုင်းမ် ဂျာနယ်၊ ရန်ကုန်တိုင်းမ်ဂျာနယ်၊ Weekly Eleven ဂျာနယ် နှင့် ဖလားဝါးနယူးစ် ဂျာနယ်တို့ ပါဝင်သည် ဟုသိရသည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့