..............................

Wednesday, September 9, 2009

သံဃာတော်များနှင့် မွန်လူငယ်များက ၂၀၁၀ ရွေးကောက် ပွဲကို ကန့်ကွက်သည့် မီးပုံးပျံလွှတ် ပွဲတော် ပြုလုပ်

မင်းအာသံ
Tue 08 Sep 2009,

မွန်ပြည်နယ်အတွင်းရှိ မွန်ကျေးရွာအချို့သည် မြန်မာ စစ်အစိုးရ ပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲကို မလိုလားသောကြောင့် ကျေးရွာ သံဃာတော်များနှင့် မွန်လူငယ်များ စုပေါင်းကာ မီးပုံးပျံလွှတ် ပွဲတော် ကျင်းပခဲ့သည်ဟု သိရပါသည်။

မြန်မာစစ်အစိုးရ စိတ်တိုင်းကျ ရေးဆွဲထားသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် အရေးပါသည့် အခန်းကဏ္ဍ ၂၅ ရာခိုင်နှုန်းကို စစ်အစိုးရမှ အလို အလျောက် နေရာယူထားပြီး ဖြစ်သောကြောင့် တရားမျှတမှု မရှိသည့် လာမည့် ၂၀၁၀ ရွေးကောက်ပွဲကို ကျေးရွာ ဒေသခံတို့က ဆန့်ကျင် ကန့်ကွက် သွားရန်အတွက် သံဃာတော်များ နှင့် မွန်လူငယ်များက ယခုကဲ့သို့ စုပေါင်းပြီး မီးပုံးပျံ လွှတ်ရခြင်း ဖြစ်သည်ဟု မွန်ပြည်နယ်မှ သံဃာတော် တစ်ပါးက မိန့်ကြားခဲ့သည်။

“ဦးဇင်းတို့မှာလည်း မီးပုံးပျံ လွှတ်တယ်။ မီးပုံမှာတော့ စာပါ ရေးထားတယ်။ စာထဲမှာတော့ ‘နယ်ခြားစောင့်တပ် အလိုမရှိ၊ ကျွန်ဘဝ အဖြစ် မခံနိုင်’ ၊ ‘ရက်စစ် ကြမ်းကြုတ်သော စစ်ဖိနပ်အောက် ကျဉ်းကြပ် လွန်းလှတယ်’ ဆိုတဲ့ အဓိပ္ပာယ်ကို မွန်လို ရေးထားတယ်။ မွန်အမျိုးသားတို့ အတွက် မိမိကံကြမ္မာ မိမိဖန်တီးပိုင်ခွင့် မရသရွေ့ သံဃာတော်များနှင့် မွန်လူငယ်များတို့က စစ်အစိုးရကို ဆက်လက် အတိုက်အခံ ပြုလုပ် နေဦးမယ်” ဟု အထက်ပါ သံဃာတော်က ဆက်ပြီ မိန့်ကြားသည်။

မြန်မာစစ်အစိုးရ၏ လုပ်ရပ်မှာ မွန်အမျိုးသား လွတ်မြောက်ရေး အတွက် အကျိုး မရှိကြောင်း မွန်လူငယ် အသီးသီးက ပြောကြသည်။

မွန်လူငယ်တစ်ဦး၏ ပြောပြချက်အရ “ကျနော်တို့အခုလို မီးပုံးကြီးကြီး ထဲမှာ စာတွေရေးပြီး လွှတ်တယ် ဆိုတာ အာဏာရှင် စနစ် လက်အောက်က လွတ်မြောက် သွားအောင်ရယ်။ ဒီလာမည့် ၂၀၁၀ ရွေးကောက်ပွဲက တရားဝင် မဟုတ်ကြောင်းနဲ့ ရွေးကောက်ပွဲက သူတို့ဘာသာ သူတို့လုပ်ယူတဲ့ ရွေးကောက်ပွဲ တစ်ရပ်ဖြစ်တယ် ဆိုတာကို ထည့်ရေးထားတယ်။ နောက်ပြီး ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အကြောင်းကို မသိသေးတဲ့ ကျေးရွာ ဒေသခံတွေကို သိသွားစေလိုတဲ့ ဆန္ဒနဲ့ လုပ်တာပါ” ဟု ၄င်းက ဆက်ပြောသည်။

ပြုလုပ်ကျင်းပခဲ့သော တော်သလင်းလပြည့် မီးပုံးပျံလွှတ် ပွဲတော်သည် မွန်လူမျိုးတို့၏ ရိုးရာဓလေ့ အထိမ်းအမှတ် တရပ်ပင် ဖြစ်သော်လည်း သံဃာတော်များ နှင့် မွန်လူငယ်တို့က ၂၀၁၀ ရွေးကောက်ပွဲ နှင့်ပတ်သက်သော ဖြစ်ရပ်ကို ထင်ဟပ်စေလို၍ ယခုကဲ့သို့ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် မွန်လူငယ် အများစု၏ ပြောပြချက်အရ သိရပါသည်။

Ref: မွန်သတင်းအေဂျင်စီ

0 comments:

အပေါ်သို့