..............................

Thursday, September 10, 2009

ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် ၀တပ်ဖွဲ့ခေါင်းဆောင်များ တွေ့ဆုံမည်

ခိုင်လင်း / ၉ စက်တင်ဘာ ၂၀၀၉


စစ်ဖက်ရေးရာအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် ၀ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် ခေါင်းဆောင်များ မကြာမီရက်ပိုင်း အတွင်း ၀တပ်ဖွဲ့ ဌာနချုပ်ရှိရာ ပန်ဆန်းမြို့တွင် တွေ့ဆုံ ဆွေးနွေးရန်ရှိသည်။

ဒေသအတွင်း စစ်မက်ဖြစ်ပွားပြီး တရုတ်နယ်စပ်တွင် မတည်မငြိမ် ဖြစ်လာမည်ကို စိုးရိမ်သည့် တရုတ် အစိုးရ၏ ကြားဝင်စေ့စပ် ပေးမှုဖြင့် နှစ်ဖက် တွေ့ဆုံမည် ဖြစ်သည်ဟု ၀အရာရှိ တဦးက ပြောသည်။

၎င်းက “ဗိုလ်ချုပ်ရဲမြင့် အခုရက်ပိုင်းလာမယ်ဆိုပြီး သိထားတယ်လေ။ ရက် အတိအကျတော့ မသိဘူး။ ကျနော်တို့ ခေါင်းဆောင်တွေနဲ့ ဒီပန်ဆန်းမှာ ဆွေးနွေးကြမှာ။ တရုတ် အာဏာပိုင်တွေက ကြားက စေ့စပ်ပေးတယ်လို့ ကြားရတယ်။ စစ်ပွဲဖြစ်ရင်၊ ဒေသ မတည် မငြိမ်ဖြစ်ရင် တရုတ်ပြည်ဘက်ကိုလည်း ထိခိုက်တာတွေ ရှိတော့ သူတို့လည်း စိုးရိမ်နေပုံရတယ်” ဟု ပြောသည်။

ပြီးခဲ့သည့်လကုန်ပိုင်းက ရှမ်းပြည်နယ် အထူးဒေသ (၁) ကိုးကန့် နယ်မြေအတွင်း ကိုးကန့် တပ်ဖွဲ့နှင့် နအဖ တပ်အကြား တိုက်ပွဲများကြောင့် တရုတ်ပြည်ဘက်သို့ စစ်ပြေး ဒုက္ခသည် (၃၇,၀၀၀) ကျော် ထွက်ပြေးလာခဲ့ကြောင်း၊ တရုတ်ပြည်အတွင်း အမြောက်ကျည် (၃) လုံးပေါက်ကွဲခဲ့ရာ တရုတ်နိုင်ငံသား တဦး သေဆုံးခဲ့ပြီး (၂) ဦး ဒဏ်ရာရရှိခဲ့ကာ မြန်မာဘက်ခြမ်းတွင် တရုတ်နိုင်ငံသား (၁) ဦးသေဆုံးပြီး (၁၃) ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ယူနန် ပြည်နယ်ရဲချုပ် Meng Sutie က သြဂုတ် (၃၀) ရက် သတင်းစာ ရှင်းလင်းပွဲတွင် တရားဝင် ထုတ်ဖော်ပြောကြားခဲ့သည်။

ယခုလ (၆) ရက်၌ စစ်ဖက်ရေးရာအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (ကေအိုင်အို) ကိုယ်စားလှယ်တို့ တွေ့ဆုံရန် စီစဉ်ခဲ့သော်လည်း နအဖဘက်က ရက်ရွှေ့ဆိုင်းခဲ့ပြီး ယနေ့တွင် မြစ်ကြီးနား၌ နှစ်ဖက် တွေ့ဆုံမှုများ လုပ်နေသည်ဟု ကေအိုင်အို အဖွဲ့နှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။

ယခုတွေ့ဆုံမှု ကိစ္စနှင့် ပတ်သက်၍ အတည်ပြုချက် ရယူရန် ကေအိုင်အိုသို့ ဆက်သွယ်၍ မရခဲ့ပါ။

အပစ်ခတ်ရပ်အဖွဲ့များနှင့် နအဖတပ်များအကြား တဖက်နှင့်တဖက် စစ်ရေး အသင့်ပြင်ကာ စစ် လှုပ်ရှားမှုများ ရှိနေချိန်တွင် ယခုကဲ့သို့ နှစ်ဖက် တွေ့ဆုံမှုသတင်းများ ပေါ်ထွက်လာခြင်းဖြစ်သည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့