..............................

Tuesday, September 8, 2009

ကိုးကန့်အရေး နဲ့ စစ်အစိုးရ လှည့်ကွက်

06 September 2009

မကြာသေးခင်ကဘဲ စစ်အစိုးရတပ်များရဲ့  ချေမှုန်းခြင်းကို ခံလိုက်ရတဲ့ ဖုန်ကြားရှင် ဦးဆောင်တဲ့ MMDAA (Myanmar National Democratic Alliance Army) ကိုးကန့် တပ်ဖွဲ့တွေဟာ အနီးအနားမှာ ရှိတဲ့ တခြား အပစ်ရပ် အဖွဲ့တွေဖြစ်တဲ့ UWSA (United Wa State Army) 'ဝ' တပ်ဖွဲ့၊ မုန်လာတပ်ဖွဲ့၊ SSA (Shan State Army) သျှမ်းပြည်တပ်မတော် (မြောက်ပိုင်း) စတဲ့ အဖွဲ့တွေနဲ့ PDF (Peace and Democracy Front) လို့ ခေါ်တဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ မဟာမိတ်အဖွဲ့ကို ဖွဲ့စည်း ထားခဲ့ပါတယ်။ မဟာမိတ် သဘောတူညီချက် အရ အဖွဲ့တဖွဲ့ကို ပြည်ပရန်သူက ထိပါးလာရင် ကျန်တဲ့အဖွဲ့တွေက ဝိုင်းပြီး ကာကွယ် ပေးရမယ် ဆိုပေမဲ့ အခု လောလောဆယ် အချိန်အထိတော့ ဖုန်ကြားရှင် နဲ့ တပ်ဖွဲ့ဝင် တချို့ ကို UWSA 'ဝ' နယ်မြေထဲမှာ ခိုလှုံခွင့် ပေးထားတာက လွဲလို့ တခြား တစုံတရာ ထိရောက်တဲ့ ကူညီ ရိုင်းပင်မှုတွေကို မတွေ့ရ သေးပါဘူး။ မြန်မာပြည် အရှေ့ တောင်ပိုင်း ထိုင်းနယ်စပ် ဖက်မှာ ဖွဲ့စည်းထားတဲ့ NDF (National Democratic Front) လို့ ခေါ်တဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေရဲ့  အမျိုးသား ဒီမိုကရက်တစ် တပ်ဦး မဟာမိတ်အဖွဲ့ရဲ့  အတွင်းရေးမှုးဟောင်း ဖြစ်ပြီး အခုလက်ရှိ စစ်ရေး တာဝန်ခံ တဦးဖြစ်တဲ့ ပအိုဝ်း ပြည်သူ့ လွတ်မြောက်ရေး အဖွဲ့ (PPLO - PaO People's Liberation Organization) ခေါင်းဆောင် ဗိုလ်မှုးကြီး ခွန်ဥက္ကာ, ကို ဗွီအိုအေ မြန်မာသတင်း ဌာနမှုး ဦးသန်းလွင်ထွန်း က ဆက်သွယ် မေးမြန်း ဆွေးနွေး တင်ပြ ထားပါတယ်။

ဗိုလ်မှူးကြီးခွန်ဥက္ကာ ။ ။ ပထမအချက်အနေနဲ့တော့ မြောက်ပိုင်းမှာ ရှိတဲ့ အပစ်ရပ် အဖွဲ့တွေ ဖွဲ့ထားတဲ့ လုံခြုံရေး၊ စစ်ရေး မဟာမိတ် သဘောကတော့ စစ်ရေးအရ ကျူးကျော် တိုက်ခိုက်လာရင် စုပေါင်း ခုခံကာကွယ်ဖို့ ဖြစ်တယ်၊ အခြေခံ အဖြစ်တော့ နိုင်ငံရေး အခြေခံနဲ့ ဖြစ်ပါတယ်။ သို့သော် နအဖ တကယ် ကျူးကျော်တဲ့ အခါကြတော့ စစ်ရေး သော်လည်းကောင်း၊ နိုင်ငံရေး သော်လည်းကောင်း မပြောဘဲနဲ့ ရာဇဝတ်အကြောင်း ရဲ အရေးယူ ပိုင်နိုင်တဲ့ ပြစ်မှုတွေရှိတယ်။ ဒါကြောင့် ရာဇဝတ်အကြောင်း၊ တရားဥပဒေ အကြောင်းနဲ့ ပြပြီးတော့ ရဲ ရဲ့  လုပ်နည်း လုပ်ထုံးအရ ဝင်လာပြီးတော့ အဲဒီအပေါ်မှာ တပ်ပေါင်းစုကလည်း ခုခံကာကွယ်ဖို့ ဥပဒေကို လေးစား လိုက်နာရမယ် ဆိုရင် ဒါက လုပ်လို့ မရတော့ဘူး သဘောမျိုး ဖြစ်လာတဲ့ အခါဖြစ်တော့ အခွင့်ကောင်း ယူပြီးတော့ နအဖက ဝင်ရောက် လာတာဖြစ်တယ်လို့ ကျနော် သုံးသပ်တယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒါပေမဲ့လည်း ဒီအထဲမှာ ဥပမာအားဖြင့် တဖက်နဲ့တဖက် အရင်စ ပစ်ခတ်မှုတွေ မလုပ်ဘူးဆိုတဲ့ သဘော တူညီချက်တွေ တချို့ ရှိတာမို့လည်း နည်းနည်းလေး မရှင်းလင်းတဲ့ အချက်တွေ သေချာ သတ်မှတ်ထားတဲ့ မရှင်းလင်းတဲ့ အချက်တွေကြောင့် ဝ, တပ်ဖွဲ့တွေအနေနဲ့ ကူညီနိုင်မှု မရှိတာလို့ ကြားသိရတယ်။ အဲဒါနဲ့ ပတ်သက်လို့ ပြောပြပေးပါ။

ဗိုလ်မှူးကြီးခွန်ဥက္ကာ ။ ။ အဲဒါလည်း မှန်ပါတယ်။ နအဖ က ဝင်လာပြီးတော့ စစ်ရေးအရ ကျူးကျော်တယ်၊ စစ်ရေးအရ တိုက်ခိုက်တယ် ဆိုရင်တော့ ချက်ချင်း ခုခံကြမှာပဲ။ သို့သော် အခုဝင်လာတာက စစ်ရေးမပါဘူး၊ ရဲတွေက ရာဇဝတ် အကြောင်းအရ စစ်ဆေးမယ်၊ ရဲတွေက နေပြီးတော့ ရာဇဝတ်အမှု ထုတ်ပြီးတော့ တရားခံလို့ ယူဆရတဲ့ လူတွေကို ဆင့်ခေါ်မယ်။ အဲဒီပုံစံနဲ့ ဝင်လာတဲ့ အခါကြတော့ ဒီ အလှဲ့အပြောင်း တခုကို ငြိမ်းချမ်းရေး အဖွဲ့ မြောက်ပိုင်းက နားမလည်တဲ့ အခါကြတော့ ဒါကို လှည့်ကွက် လုပ်ပြီးတော့ နအဖ က အင်အားကို သုံးလာတာ ဖြစ်တယ်။ အဲဒီအပေါ်မှာ သူမပစ်ရင် ကိုယ်က စ မပစ်ဘူးလို့ ပြောပေမယ့် ရဲ လုပ်ပိုင်ခွင့်အရ ဝင်ပြီး နယ်မြေ သိမ်းပိုက်ပြီးတော့ အင်အား သုံးတဲ့ အခါကြတော့ အဲဒီမှာ သူတို့ ရှုံးသွားတာလို့ ကျနော်တို့ အကဲခတ်နိုင်တယ်။

ဦးသန်လွင်ထွန်း ။ ။ ဒီနေရာမှာ ရဲလို့ဆိုပေမယ့်လည်း တချို့  အကဲခတ်တွေရဲ့  အဆိုအရ ကတော့ ဒီ နယ်မြေထဲမှာ မူလ အစက မြန်မာနိုင်ငံက ရဲတပ်ဖွဲ့ဝင်တွေ ဒီလောက် အထိ မရှိခဲ့ဘူးလို့ ဆိုပါတယ်။ အထူးသဖြင့် ဖုန်ကြားရှင် ရဲ့  နေအိမ်ကို ဝင်စီးတဲ့ နေရာမှာ မြန်မာ စစ်တပ်က စစ်သားတွေကို ရဲ အသွင်ပြောင်းပြီး ရဲ ယူနီဖောင် ဝတ်ပြီးတော့ ဝင်စီးခိုင်းတယ်လို့ စွပ်စွဲမှုတွေ ရှိနေပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ ဦးခွန်ဥက္ကာတို့ ဘာကြားသလဲ။

ဗိုလ်မှူးကြီးခွန်ဥက္ကာ ။ ။ ဟုတ်ကဲ့ အဲဒါတော့ ကျနော်လည်း သိပါတယ်။ ကြားလည်း ကြားပါတယ်။ နအဖ က တကယ့် ရည်မှန်းချက် တစ် ကတော့ နယ်မြေ ထိန်းချုပ်ဖို့၊ လက်နက် အင်အားသုံးပြီးတော့ ဝင်ဖို့ပါ။ ဒါပေမဲ့ အဲဒါကို အပေါ်ယံ ဖုံးတဲ့ အနေနဲ့ ရာဇဝတ်ကြောင်း ဖြစ်တယ်၊ ဥပဒေကြောင်း ဖြစ်တယ် ဆိုတဲ့ဟာ၊ ဒေါ်အောင်ဆန်းစုကြည် ကို အရေးယူတဲ့ သဘောမျိုးပေါ့။ ဒါ လူ့အခွင့်အရေး မဟုတ်ဘူး၊ ရာဇဝတ်အမှု ဖြစ်တယ်၊ ဥပဒေကိစ္စ ဖြစ်တယ် ဆိုတဲ့ ဖုံးကွယ်ပြီးတော့ ကိုးကန့်ကို ဝင်တာဖြစ်တယ်။ ဒါကြောင့် ဒီလို ဖုံးကွယ်ဝင်တဲ့ နေရာမှာ အလိမ်အလှည့်ကို ခံရပြီးတော့ ဒီ မြောက်ပိုင်း အင်အားစုတွေက အနည်းငယ် အခက်အခဲ ဖြစ်သွားခဲ့တယ်။ တဖက်ကလည်း တရုတ်ပြည်က နယ်စပ် ကပ်နေတော့ တရုတ်ပြည်ရဲ့  အကြံပေးချက်တွေ၊ ရှင်းရှင်း ပြောရရင်တော့ လွမ်းမိုးမှု တွေကိုလည်း အဲဒီက အဖွဲ့အစည်း တွေက နာခံရမယ် ဖြစ်တော့ ဘယ်လိုပဲ လှည့်လှည့် တို့ကိုထိရင် မခံဘူးဆိုပြီး ဝိုင်းတိုက်ကျမယ်လို့ ပြောရင်လည်း တရုတ်ပြည် ကတော့ ဆူဆူပူပူ မလုပ်ကြပါနဲ့ ကချင်လည်းနေပါ၊ ဝ လည်းနေပါ၊ ကိုးကန့် ပြဿနာကတော့ ကျနော်တို့ ကြားကနေ ကြည့်ရှင်းပေးမယ် ဆိုပြီးတော့ တရုတ်ကိုယ်တိုင် ဟန့်တားလို့ ရှိရင်တော့ ဒီ မဟာမိတ်တွေ ကတိကဝတ်နဲ့ ကူညီရမယ့် ကိစ္စမှာ နည်းနည်းတော့ အဟန့်အတား ဖြစ်သွားနိုင်တယ်လို့ ကျနော် သုံးသပ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အစပိုင်းမှာ စွပ်စွဲချက်က ဦးဖုန်ကြားရှင်ရဲ့  နေအိမ် အတွင်းမှာ လက်နက် စက်ရုံ ရှိတယ်၊ လက်နက်တွေ ထုတ်လုပ် နေတယ်၊ တရားမဝင် လက်နက်တွေ သိုလှောင် ထားတယ် ဆိုပြီးတော့ စွပ်စွဲထားတာ ရှိတယ်။ ဒါပေမဲ့လည်း တကယ်တမ်း ကြတော့ ဒီ ကိုးကန့် အဖွဲ့ ကိုယ်တိုင်ကလည်း လက်နက်ကိုင် အဖွဲ့အစည်း တခု အနေနဲ့ သူရဲ့  ရှိနေတဲ့ လက်နက်တွေကို ပြုပြင်ဖို့ မွှမ်းမံဖို့ ထုတ်လုပ်ဖို့ အထူးသဖြင့် စက်ရုံတွေ ပြုပြင် မွှမ်းမံရေး လုပ်ငန်းတွေ ထားပိုင်ခွင့် မရှိဘူးလား။

ဗိုလ်မှူးကြီးခွန်ဥက္ကာ ။ ။ တကယ်တော့ ဒီကိစ္စတွေ ဒီလိုဖြစ်တယ် ဆိုတာ နအဖ သိပါတယ်။ သူတို့ အနှစ် (၂၀) လုံးလုံး ငြိမ်းချမ်းရေး ပထမဦးဆုံး ရတဲ့ အဖွဲ့အနေနဲ့ ဦးစားပေးပြီးတော့ လုပ်ချင်တာလုပ် နေချင်သလိုနေ ထားပြီးသားပါ။ သို့သော် အခုလက်ရှိ အခြေအနေမှာ တစုံတရာ ၂၀၁၀ ရွေးကောက်ပွဲကို ကာတဲ့ အနေနဲ့ ဒီလို မနာခံတဲ့ အမိန့် မနာခံတဲ့ အပစ်ရပ်တွေကို ဆုံးမမယ် အပြင် ဦးဖုန်ကြားရှင် အဖွဲ့ကတော့ တစ်၊ ကိုးကန့်ဆိုတဲ့ နယ်မြေအရ လူမျိုးစုက တရုတ် မျိုးနွယ်စုတွေ ဖြစ်တော့ အမျိုးသားရေး ရှု့ ထောင့်ကနေ ကြည့်ရင် အပျော့ဆုံး ဖြစ်တယ်။ နောက် နိုင်ငံရေး ခံယူချက်ဖက်က ကြည့်ရင်လည်း အပျော့ဆုံးဖြစ်တယ်။ အင်အားဖက်က ကြည့်ရင်လည်း အပျော့ဆုံးဖြစ်တယ်။ ဒါကြောင့် အပျော့ဆုံး နေရာကို အရင်နှိက်တဲ့ သဘောမျိုးနဲ့ နအဖ က ထိုးစစ်ဆင်တာ ဖြစ်တယ်လို့ ကျနော် ပြောနိုင်တယ်။

ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့ အခုနောက်ဆုံး ဒီ ဗမာသတင်းစာတွေရဲ့  ပြောကြားချက် အရဆိုရင် အစောပိုင်း ကတော့ ဒါ တရားမဝင် လက်နက် စက်ရုံ ရှိတယ် ဆိုပြီးတော့ စွပ်စွဲတာမျိုးပဲ ကျနော်တို့ ကြားရတယ်။ ဒါပေမဲ့ အခုတဆင့် တက်လာတာက ဦးဖုန်ကြားရှင် က မှုးယစ် ဆေးဝါး လုပ်ငန်းတွေ ပတ်သက်နေပါတယ် ဆိုပြီးတော့ အခု ပထမဦးဆုံး ထူးထူးခြားခြား ပြန်ပြီး စွပ်စွဲလာတာကို တွေ့ရတယ်။ တကယ်တမ်း ကြတော့ ဦးဖုန်ကြားရှင်ဟာ ပြင်ပနိုင်ငံရေး လေ့လာသူတွေ နဲ့ ပြင်ပ စောင့်ကြည့် နေသူတွေရဲ့  သိရှိထားတာက သူက မှုးယစ်ဆေးဝါးမှာ ပတ်သက်နေတယ် ဆိုပြီး နယူးယော့ (New York) တရားရုံးက သူကို ဆင့်ခေါ်ထားခြင်း ခံနေရသူ တဦးဖြစ်တယ်။ ဒါပေမဲ့လည်း အဲဒါကို တချိန်လုံး မြန်မာ စစ်အစိုးရက ငြင်းပယ်နေခဲ့ပြီး အထူးသဖြင့် ၂၀၀၅ ခုနှစ်က ဦးဖုန်ကြားရှင် နဲ့ ပေါင်းပြီးတော့ ဒီ ကိုးကန့် နယ်မြေမှာ ပထမဦးဆုံး မှုးယစ်ဆေး ကင်းလွတ်နယ်မြေ အဖြစ် တရားဝင် ကြေညာထားခဲ့ပြီးမှ အခုမှ သူတို့ ဘာလို ဒီလို စွပ်စွဲမှုတွေ ထပ်လုပ်လာတာလဲ။ တခြား အဲဒီ ဒေသအတွင်းမှာ အဖွဲ့အစည်းတွေ ဖြစ်တဲ့ အထူးသဖြင့် UWSA, ဝ အဖွဲ့လို အဖွဲ့အစည်း တွေလည်း ဒီလိုမျိုး ရာဇဝတ် ကြောင်းတွေနဲ့ စွပ်စွဲ လာစရာတွေ မရှိလာနိုင်ဘူးလား။

ဗိုလ်မှူးကြီးခွန်ဥက္ကာ ။ ။ သေချာပေါက်ပေါ့ဗျာ။ ရာဇဝတ်မှုနဲ့ စွပ်စွဲနိုင်တယ် အကြောင်းတွေက အများကြီးပါ။ အဲဒီ မြောက်ပိုင်း အဖွဲ့တွေ မပြောခင်မှာ ကျနော်တို့ တောင်ပိုင်းမှာရှိတဲ့ ပအိုဝ်းအနီလို့ ခေါ်တဲ့ ရလဖ ကို ကြည့်လိုက် အင်အား မရှိပါဘူး။ သူတို့ လေးငါးရာ။ သို့သော်လည်းဘဲ ရလဖ ကို အခွင့်အရေး ပေးပြီးတော့ တကယ်တမ်း ချုပ်ကိုင်တော့မယ် အခါကြတော့ ရလဖ အထဲက အဲဒီ မှုးယစ် ဆေးဝါးအမှု၊ အမှုတခုခုပေါ့ ရာဇဝတ်မှု မကင်းသော အမှုတွေကို ကိုင်တွယ်ပြီးတော့ ဖမ်းဆီးထောင်ချ၊ ဖြုတ်ပစ်တယ်ဟာ အများကြီး ပေါ်လာတယ်။ ပေါ်တဲ့ အခါကြတော့ အဲဒီ ခြိမ်းခြောက်မှု အပေါ်မှာ ရလဖ မှာ လေးစုလေးဖွဲ့ ကွဲပြီးတော့ တခါတည်း ပုံပျက်ပန်းပျက် ဖြစ်သွားခဲ့တယ်။ အခုဆိုရင် မရှိတော့ဘူး။ အဲဒီ ပုံစံမျိုးက အခု ကိုးကန့်ကို သွားပြန်သုံးတယ်လို့ ကျနော်တို့ တွေ့ရှိရတယ်။ ကိုးကန့် မှာလည်း တကယ်တော့ ဒီ ဖုန် အမျိုးအနွယ် အုပ်စု နဲ့ ရန် အမျိုးအနွယ်စု တို့က ကြာပါပြီ။ ကိုးကန့်ရဲ့  သမိုင်းကြောင်းအရ။ အဲဒါကို ညီညီညွှတ်ညွှတ် အဖက် တဖက်ကဖြစ်တယ် တဖက်က ညီညီညွှတ်ညွှတ်နဲ့ ပြန်နေကြတယ်။ ဒါကို ပြန်ပြီး အစဖော်ပြီးတော့ နအဖ က ရန် အုပ်စုကို မြှောက်ပေးပြီးတော့ တို့က အာဏာသိမ်းတဲ့ဖက် လိုက်မယ် ဆိုပြီးတော့ ခုတုံး လုပ်လိုက်တဲ့ အပေါ်မှာ ကိုးကန့်ရဲ့  ပထမဦးဆုံး အုပ်စု အကွဲအပြဲ ကို ခုတုံးလုပ်တယ်။ ဒုတိယကတော့ မူလ အနှစ် (၂၀) လုံးလုံး ခွင့်ပြုပြီးတော့ မမြင်ရောင် ဆောင်နေတဲ့ လုပ်ငန်းတွေကို အခုမှ ရာဇဝတ်မြောက်တယ်၊ ရဲ အရေးယူပိုင်ခွင့် ရှိတယ်။ ဒါ ပြည်ထဲရေး ဌာနရဲ့  လုပ်ငန်း ဆိုပြီးတော့ ပြည်ထဲရေး ဌာနရဲ့  ဒု တာဝန်ခံ ကိုယ်စားလှယ် တရုတ်ကို သွားပြီးတော့ အရေးဆို လုပ်တဲ့ဟာကတော့ နအဖရဲ့  တမျိုးတဖုံ လှည့်လိုက်တဲ့ လှည့်ကွက်လို့ ပြောနိုင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အထူးသဖြင့် မှုးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ ရာဇဝတ် အမှုတွေဟာ ပြင်ပ ကမ္ဘာ့ နိုင်ငံတွေရဲ့  စွပ်စွဲမှုတွေ အရ ဆိုရင် မြန်မာ စစ်အစိုးရကလည်း တနည်းတဖုံနဲ့ မျက်နှာလွှဲထားတဲ့ သဘောမျိုး၊ အားပေး အားမြောက် လုပ်ထားတဲ့ သဘောမျိုး ပုံစံမျိုးတွေပါ ရှိနေတာဆိုတော့ အခုလို တဖက်ကို လက်ညိုးထိုးလာရင် တဖက်ကလည်း မြန်မာစစ်အစိုးရ ခေါင်းဆောင်ပိုင်း တချို့ ရဲ့  ပါဝင်ပတ်သက် လာမှုတွေကို ဖော်ထုတ်လာမှာကို သူတို့အနေနဲ့ စိုရိမ်မှု မရှိဘူးလား။

ဗိုလ်မှူးကြီးခွန်ဥက္ကာ ။ ။ အဲဒါလည်း ပါကောင်းပါနိုင်တာပေါ့။ ဒါပေမဲ့ ဒီ ဗမာ အစိုးရ ခေါ်ခေါ် နအဖ အစိုးရ ခေါ်ခေါ် ဒီပုဂ္ဂိုလ်တွေက အပစ်ရပ် ခေါင်းဆောင်တွေ အဖွဲ့အစည်းတွေက လုပ်ပိုင်ခွင့် ရှိတဲ့လူတွေကို သူတို့က မက်လုံးပေးပြီးတော့ စီးပွားရေးတွေလုပ်၊ မှုးယစ်ဆေးဝါးပဲ လုပ်လုပ်၊ မတရား မတော်မတရား ရာဇဝတ်မှု မကင်းတဲ့ အလုပ်ပဲ လုပ်လုပ် ကြည့်ထားတယ်။ မှတ်တမ်း ယူထားတယ်။ တနေ့တချိန်မှာ လက်နက်သဖွယ် အသုံးပြုပြီးတော့ ဒီလူတွေကို ပြန်ပြီးတော့ ရိုက်ချိုးဖို့၊ နှိပ်ကွက်ဖို့ အပြည်ပြည်ဆိုင်ရာရဲ့  အမြင် သဘောထားမှာ တရားနည်းလမ်း ကျတယ်ဆိုတဲ့ အမြင်ကို ကိုင်ဖို့ သူတို့က ပြင်ထားတာပေါ့။ ဒါကြောင့် အခုလို နအဖ က စနစ်တကျ စုဆောင်းပြီးတော့ အချိန် ကျလာတဲ့ အခါကြတော့ ပြင်ဆင်ထားတဲ့ အတိုင်း ကိုင်တွယ်တဲ့ အခါကြတော့ ရာဇဝတ် အမှုတွေ ဖြစ်လာတယ်။ ဒါကို ကျနော်တို့ တိုင်းရင်းသား ခေါင်းဆောင်တွေက ပထမ အခွင့်အရေးရတုန်း မြောပြီးတော့ ယူခဲ့ လိုက်ခဲ့ ပါခဲ့တဲ့ ဟာကို သူတို့က ပြန်ကိုင်တယ် သဘောမျိုးဖြစ်တယ်။ ဒါကတော့ နည်းပရိယာယ် ကောင်းကောင်းနဲ့ အမြစ်ဖြုတ်မယ့် စနစ်လို့ ပြောလို့ရပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒါဆိုလို့ရှိရင် အခု မြောက်ပိုင်းက မဟာမိတ် အဖွဲ့ရဲ့  အခြေအနေ အကြောင်းကို ပြန်မေးရမယ် လို့ဆိုရင် ဒီ မဟာမိတ် အဖွဲ့အနေနဲ့ ဝ နယ်ထဲမှာ ဖုန်ကြားရှင်တို့ကို လက်ခံထားတာကို ဟုတ်ပါတယ်။ ဒါပေမဲ့လည်း အခု ကိုးကန့် နယ်မြေမှာ ပယ်ဆောင့်ချိန်တို့ ဦးဆောင်တဲ့ ဗဟို ကော်မတီ အသစ်လည်း ပေါ်လာပြီဆိုတော့ ဒီ မဟာမိတ်အဖွဲ့ အနေနဲ့ ကိုးကန့်နယ်ထဲမှာ အသစ်ပေါ်လာတဲ့ အဖွဲ့အစည်းကို အသိအမှတ်ပြုပြီး ပြန်ပြီးတော့ ဆက်ဆံသွားဖို့ အလားအလာရှိလား။ ဒီ မဟာမိတ်အဖွဲ့ရဲ့  နောက်ပိုင်း အလားအလာက ဘယ်လိုရှိသလဲ။

ဗိုလ်မှူးကြီးခွန်ဥက္ကာ ။ ။ ကျနော်ထင်တယ် အခု အသစ်ပေါ်တဲ့ အဖွဲ့က ရုပ်သေး ဖြစ်တယ်။ ရုပ်သေး သဘောဆောင်တဲ့ အခါကြတော့ သူမှာ ဘာမှ မှန်ကန်တဲ့ လုပ်ပိုင်ခွင့် မရှိဘဲနဲ့ လောက်ကိုင် အခြေစိုက် တကစ ကပဲ သူ့ကို ကိုင်ထားပြီးတော့ ပြောချင်တာ ခိုင်းချင်တာ ခိုင်းပြီး ကိုးကန့် လူမျိုးကိုလည်း ကိုယ်စားပြုမှာ မဟုတ်သလို၊ တိုင်းရင်းသားတွေရဲ့  အခွင့်အရေးကိုလည်း ကိုယ်စားပြုမှာ မဟုတ်ဘူး။ မဟုတ်တဲ့ အခါကြတော့ ဒီ တကယ့် တိုင်းရင်းသား အခွင့်အရေး၊ ပြည်နယ် အခွင့်အရေးတွေ ကိုယ်ပိုင် အခွင့်အရေးတွေ သို့တည်းမဟုတ် ပြည်ထောင်စု တကယ် တည်ဆောက်ချင်တဲ့ လူတွေ အတွက်ကတော့ အခု ကိုးကန့်မှာရှိတဲ့ ရုပ်သေး နအဖတပ်တွေက ခန့်ထားတဲ့ လူတွေကိုတော့ အယုံအကြည် ရှိမှာမဟုတ်ဘူး။ အသိအမှတ် ပြုမယ်လို့တော့ ကျနော်မထင်ဘူး။ အခု နအဖ ဖွဲ့ပေးတဲ့ ကိုးကန့်အဖွဲ့ က ဥပမာပေးရင်တော့ ကေအန်ယူ ကနေ ခွဲထွက်သွားခဲ့တဲ့ ဒီကေဘီအေ လို ဖြစ်လာမယ်။ ကိုးကန့် အချင်းချင်းကို တိုက်ဖို့ခိုက်ဖို့ သေဖို့ကြေဖို့ လုပ်ထားတဲ့ နအဖ ရဲ့  စီမံချက် ဖြစ်တယ်။

Ref: VOA News

0 comments:

အပေါ်သို့