..............................

Thursday, September 10, 2009

၂၀၁၀ ရွေးကောက်ပွဲဝင်ရန် မွန်နိုင်ငံရေး ပါတီသစ်ဖွဲ့

Wednesday, 09 September 2009 18:13

စစ်အစိုးရ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲကို မွန်ပြည်သစ် ပါတီ ခေါင်းဆောင် ဟောင်းများက ပါတီထောင်၍ ၀င်ရောက် ယှဉ်ပြိုင်မည်ဟု သိရသည်။

၂၀၁၀ ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ရန် မွန်ပြည်သစ်ပါတီ ဗဟို ကော်မတီဝင် ဟောင်းများဖြစ်သော နိုင်မြင့်ဆွေ၊ နိုင်လ ရီဂါကောင်၊ နိင်တင်အောင် နှင့် နိုင်စိုးမြင့် အပါအ၀င် အခြားသော မွန်လူမှုရေး အဖွဲ့ခေါင်းဆောင် ၁၀ ဦး ခန့်ပါဝင်သည့် ရွေးကောက်ပွဲ လုပ်ငန်း ကော်မတီ ကို ဖွဲ့စည်းထားသည် ဟု နီးစပ်သူများက ဧရာဝတီကို ပြောသည်။

ပြီးခဲ့သည့် ဇွန်လအတွင်းက မော်လမြိုင်မြို့ရှိ မွန်ပြည်သစ် ပါတီရုံးတွင် အဆိုပါ မွန်ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး စစ်အစိုးရ၏ နိုင်ငံရေး ပါတီများ တရားဝင် မှတ်ပုံတင်ခွင့်နှင့် ရွေးကောက်ပွဲ ဥပဒေ ထုတ်ပြန်လာပါက ပါတီ မှတ်ပုံတင် မည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ၀င်မည့် ခေါင်းဆောင်များလည်း မွန်ပြည်သစ် ပါတီမှ နုတ်ထွက်ရန် ပြင်ဆင်ထားကြောင်း သိရသည်။

စစ်အစိုးရကပြုလုပ်သည့် ရွေးကောက်ပွဲအား ပါဝင်ယှဉ်ပြိုင်မည် မဟုတ်ဟု ယခုနှစ် စောစောပိုင်းက ကြေညာ ထားသော်လည်း ပါတီ ခေါင်းဆောင် တချို့ကို အဖွဲ့ဝင် အဖြစ်မှ နုတ်ထွက်ပြီး ရွေးကောက်ပွဲ ၀င်ရန် ခွင့်ပြုထားသည် ဟု မွန်ပြည်သစ် ပါတီ နှင့်နီးစပ်သည့် အသိုင်းအ၀ိုင်းက ပြောဆိုသည်။

ရွေးကောက်ပွဲလုပ်ငန်းကော်မတီနှင့် မွန်ပြည်သစ်ပါတီ ခေါင်းဆောင် တချို့သည် လာမည့် ရွေးကောက်ပွဲ အတွက် ပူးပေါင်း ဆောင်ရွက်မှုများ ရှိသည်ဟုလည်း ဆိုသည်။

“မွန်လူထုကလာမေးတယ်၊ ရှေ့ဆက်ပြီး ဘာလုပ်ဖို့ အစီအစဉ်ရှိလဲ၊ ရှေ့လုပ်ငန်းစဉ် ဘာလဲလို့ လာလာပြီး မေးကြတယ်၊ လူထုက တော်တော်လေး စိတ်ဝင်စားတယ်”ဟု အဆိုပါ ရွေးကောက်ပွဲ လုပ်ငန်း ကော်မတီဝင် တဦးက ပြောသည်။

သို့ရာတွင် ရွေးကောက်ပွဲ လုပ်ငန်းကော်မတီ အနေဖြင့် အသေးစိတ် မပြောနိုင် သေးကြောင်း ၊ရွေးကောက်ပွဲ ဥပဒေကို စောင့်နေကြကြောင်း သိရသည်။

“မွန်ပြည်သစ်ပါတီက ဆက်ပြီး လက်နက် ကိုင်ထားမယ်၊ ကျနော်တို့ ကတော့ ရွေးကောက်ပွဲ ၀င်မယ်လို့ ဗျူဟာ ချထားတယ်၊ ဒီလမ်းကြောင်းက အမှန်ဆုံးပဲ”ဟု နိုင်တင်အောင်က ပြောသည်။

ယခုကဲ့သို့ လာမည့် ၂၀၁၀ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ပြင်ဆင်မှု များသည် မွန်ပြည်သစ် ပါတီ ခေါင်းဆောင်ပိုင်းတွင် အမြင် မတူမှုများ ရှိလာနေပြီ ဖြစ်ကြောင်း နိုင်ငံရေး အကဲခတ်များက သုံးသပ်သည်။

၂၀၁၀ ရွေးကောက်ပွဲသည် သန့်ရှင်းပြီး တရားမျှတသော ရွေးကောက်ပွဲ ဖြစ်လာလိမ့်မည် မဟုတ်ဟုလည်း မွန်ပြည်သစ် ပါတီအတွင်းရှိ တချို့သော ခေါင်းဆောင်များက ယူဆနေကြသည်။

မွန်ပြည်သစ်ပါတီ အတွင်ရေးမှူး နိုင်ဟံသာကမူ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်သည် တိုင်းရင်းသား လူမျိုးစုများ၏ အခြေခံ အခွင့်အရေးများ မပါရှိကြောင်း၊ စစ်တပ် အုပ်စိုးမှုကိုသာ ဆက်လက် ခွင့်ပြုထားခြင်းသာ ဖြစ်ကြောင်း ပြောသည်။

အရှေ့တောင်တိုင်းမှူး ဗိုလ်ချုပ် သက်နိုင်ဝင်းက မွန်ပြည်သစ် ပါတီကို နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးနှင့် ပတ်သက်ပြီး ဇွန်လ နောက်ပိုင်းတွင် ပြန်လည် အကြောင်းပြန်ရန် ပြောဆိုပြီးချိန်မှ စ၍ မွန်ပြည်သစ် ပါတီက ၎င်းတို့ ၏ တရားရုံးများကို ထိန်းချုပ်ရာ ပိုင်နက် ဒေသများသို့ ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။

ပါတီဝင် အများစုအနေဖြင့် ၁၉၉၅ ခုနှစ်က စစ်အစိုးရနှင့် သဘော တူညီခဲ့သည့် အပစ်အခတ် ရပ်စဲရေး သဘော တူညီချက်ကိုလည်း မပျက်ပြား စေချင်သကဲ့သို့ မွန်ပြည်သစ် ပါတီ ၏ တပ်ဖွဲ့ဝင်များအား စစ်အစိုးရ၏ နယ်ခြားစောင့်တပ် အဖြစ် အသွင် ပြောင်းရေးကိုလည်း သဘောမတူ ဟုသိရသည်။

မွန်ပြည်သစ်ပါတီတွင် အင်အား ၇၀၀ခန့် ရှိသည်ဟု သိရသည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့