..............................

Thursday, September 10, 2009

တရားဝင် နိုင်ငံရေးပါတီများ စည်းရုံး လှုပ်ရှားခွင့် ပြုရေး အန်အယ်လ်ဒီ က ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံစာပို့

NEJ / ၉ စက်တင်ဘာ ၂၀၀၉

တရားဝင်ရပ်တည်နေသော နိုင်ငံရေးပါတီများအား စည်းရုံး လှုပ်ရှားခွင့်ပြုရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဥက္ကဋ္ဌက နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ စက်တင်ဘာ (၄) ရက်တွင် စာရေးသား ပေးပို့ခဲ့သည့် စာပါ အချက်အလက် များကို အန်အယ်လ်ဒီမှ ယမန်နေ့ ရက်စွဲဖြင့် ကြေညာချက် တစောင် ထုတ်ပြန်သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ စာရေးသားပေးပို့ရခြင်းနှင့် ပတ်သက်၍ အန်အယ်လ်ဒီမှ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက “စာထုတ်ရတဲ့ အကြောင်းက ပါတီ မှတ်ပုံတင်ဥပဒေ မရှိသေးဘဲနဲ့ တရားဝင် မှတ်ပုံတင်လည်း မရှိသော ပါတီတွေကို ပခုက္ကူမှာ ဆိုင်းဘုတ်လည်း တင်ခွင့် ရတယ်၊ အစည်းအဝေးတွေလည်း လုပ်ခွင့်ရတယ်။ အဲဒီ အခြေအနေပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့က ဗိုလ်ချုပ်မှူးကြီး သန်းရွှေဆီကို စာရေးတာ။ တရားဝင် ပါတီဖြစ်သော အန်အယ်လ်ဒီကို ရုံးခန်းတွေ ဖွင့်ပေးဖို့၊ စည်းရုံး လှုပ်ရှားခွင့်ပေးဖို့ အဲဒါ အကြောင်းကြားတာပါ” ဟု ပြောသည်။

အန်အယ်လ်ဒီပါတီသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့် အညီ တရားဝင် ရပ်တည်နေသော နိုင်ငံရေးပါတီ အဖွဲ့အစည်း တခုဖြစ်ကြောင်း၊ ပါတီ၏ အဆင့်ဆင့်သော ရုံးခွဲများကို အာဏာပိုင်တို့က ခေတ္တဟုပြောဆိုကာ ယနေ့တိုင် ချိတ်ပိတ် ထားကြောင်း၊ နိုင်ငံရေး ပါတီတခု၏ လုပ်ပိုင်ခွင့်များဖြစ်သော စုဝေးခြင်း၊ စည်းဝေးခြင်း၊ စည်းရုံးခြင်း၊ ဆိုင်းဘုတ်တင်ခြင်း စသည့် လုပ်ငန်း များကိုလည်း ကန့်သတ် ပိတ်ပင်ထားခြင်း ခံနေရကြောင်း စင်တင်ဘာ (၈) ရက်ထုတ် ကြေညာချက်တွင် ဖော်ပြထားသည်။

သို့သော် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ မှတ်ပုံတင်ထားခြင်း မရှိသော အဖွဲ့အစည်းများ ဥပမာ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ် ဆိုသည့် အဖွဲ့အစည်းက ၁၉-၈-၂၀၀၉ နေ့တွင် ပခုက္ကူမြို့၌ ဆိုင်းဘုတ်တင်ခြင်း၊ အစည်းအဝေး ကျင်းပခြင်းတို့ ပြုလုပ်ခွင့် ရသည့် အတွက် တရား မျှတခြင်း မရှိကြောင်း ထောက်ပြထားသည်။

ထို့အပြင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ် ပြဋ္ဌာန်းထားခြင်း မရှိသေးသည့် အတွက် တရား မ၀င် လုပ်ဆောင်နေခြင်း ဖြစ်သည်ဟုလည်း ကြေညာချက်တွင် ပါရှိသည်။

“ပခုက္ကူမှာ ဆိုင်းဘုတ်တင်တာကိုတော့ ကျနော်တို့ ဓာတ်ပုံ မှတ်တမ်းနဲ့ တကွတွေ့လို့ အဲဒီ ဓာတ်ပုံ မှတ်တမ်းပါ တွဲပြီးတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဆီ စာရေးတာပါ” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

မြန်မာတနိုင်ငံလုံးရှိ အန်အယ်လ်ဒီပါတီရုံးများကို ၂၀၀၃ ခုနှစ် မေလ (၃၁) ရက်မှ စတင် ပိတ်ထားသည်မှာ ယနေ့တိုင် ဖြစ်သည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ထို့ကြောင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ တရားဝင် ရပ်တည် နေသော နိုင်ငံရေး ပါတီများအား ရုံးခန်းများ ပြန်လည် ဖွင့်လှစ်ပေးပြီး စည်းရုံး လှုပ်ရှားခွင့် ပေးရန် အကြောင်းကြားခြင်း ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြပါရှိသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့