..............................

Saturday, September 12, 2009

“တစ်ခုတည်းသောတပ်မတော် (သို့မဟုတ်) တစ်ဦးတည်း ပိုင် တပ်မတော်”

အပိုင်း(၁)

09 September 2009
ဝေဟင် ( ပြည်တွင်းမှ တပ်မတော် (လေ) အရာရှိတစ်ဦး)

လောကကြီးမှာ လူတိုင်းဟာ ပြီးပြည့်စုံတဲ့ အတတ်ပညာကို သိရှိသူရယ်လို့ မရှိပါဘူး၊ အထူးသဖြင့် ကျွန်တော်တို့ နိုင်ငံလိုမျိုး နည်းပညာ ခေတ်မှာ မျက်ခြေပြတ် ကျန်နေခဲ့တဲ့ နိုင်ငံမှာ ပိုလို့တောင် မဖြစ်နိုင်ပါဘူး။

ဒါပေမယ့်လည်း “အရာရှိဟူသည် အရာရာတွင် တာဝန်ရှိသည်” “အကြပ်ကောင်းမှ တပ်ကောင်းမည်” ဟူသော မှတ်ချက်များ၊ “မီးနာမှ သံကောင်းမည်” ၊ “အရှေ့တောင် အာရှတွင် အကောင်းဆုံး တပ်မတော် ဖြစ်ရမည်” ဟူသော လေ့ကျင့်ရေး ကျောင်းများ၏ ဦးတည် ချက်များကို ချမှတ်ကာ အလောင်းမင်းတရား ဦးအောင်ဇေယျ သည်ပင် ယိုးဒယားအား ၀ါးရင်းတုတ်ဖြင့် အောင်နိုင်ခဲ့သည် ဟူသော အတွေးများဖြင့် အင်အား (၅၀) ခန့်နှင့် တပ်ရင်းသစ်များ ဖွဲ့ခြင်း၊ ဗိုလ်လောင်းများ အဆမတန် ခေါ်ကာ လက်ညှိးထိုး မလွဲသော Master ဘွဲ့၊ Ph. D ဘွဲ့ရများ ဖန်တီးခြင်း၊ တစ်ခုတည်းသော တပ်မတော်ဟု ကြားကောင်းအောင် ပြောကာ လေ၊ ရေနှင့် အခြား တပ်ဖွဲ့များ၏ လုပ်ပိုင်ခွင့် များကို ကန့်သတ်ခြင်းများကို ဆောင်ရွက် နေကြသော နအဖ ထိပ်သီး ခေါင်းဆောင်ကြီးများ အပေါ် လေတပ် အတွင်းမှ မကျေနပ်မှုများအား တင်ပြပါဦးမည်။

လေကြောင်းရန်ကာကွယ်ရေးနှင့် ပတ်သက်၍ နိုင်ငံတကာတွင် လေတပ်ကသာ ဦးစီးဆောင်ရွက်ပြီး နောက်ဆုံးအဆင့် Point Defense ကိုသာ အမြောက် တပ်ဖွဲ့၏ လေကြောင်းရန် ကာကွယ်ရေး လက်နက်များကို အသုံးချရကြောင်း အမှန် ပြောမိသူ ဒုဗိုလ်ချုပ်ကြီး ကျော်သန်းမှာ ဦးစီးချုပ်ဘ၀မှ ပစ္စည်းပင် မသိမ်းအားဘဲ စစ်ရုံးကို ကျောခိုင်း ခဲ့ရမှုကို တပ်မှူးအဆင့်ရှိ လေတပ်သားများ အမှတ်ရနေဆဲ ပင်ဖြစ်ပါသည်။

စစ်အာဏာရှင်တို့ အကြောင်းပြချက် အရ ဒုဗိုလ်ချုပ်ကြီး ကျော်သန်းကို ဖြုတ်ရခြင်းမှာ ခေတ်မှီ ရဟတ်ယာဉ်များ ရုရှားနိုင်ငံမှ ၀ယ်ယူခဲ့ပြီးနောက် န၀တ အတွင်းရေးမှူး (၂) ဒုတိယ ဗိုလ်ချုပ်ကြီး တင်ဦးနဲ့ အဖွဲ့ စီးနင်းသော ရုရှား ရဟတ်ယာဉ် MI-17 ပျက်ကျခဲ့သည့် ကိစ္စ၊ ရဟတ်ယာဉ် အပို ပစ္စည်းများ လိုအပ်နေမှုကိစ္စ၊ တရုတ်နိုင်ငံမှ ၀ယ်ယူခဲ့သည့် F-7 တိုက် လေယာဉ် (ကြည်း/လေ) ခြေလျင်တင့် ပူးပေါင်း စစ်ဆင်ရေးမှာ ထိရောက်စွာ ပျံသန်း တိုက်ခိုက်နိုင်ခြင်း မရှိမှုနှင့် မကြာခဏ ပျက်ကျနေမှုတို့အား အဓိပ္ပာယ် ကင်းမဲ့စွာ အကြောင်းပြသည်ဟု ယူဆရပါသည်။

အမှန်တကယ်မူ စစ်အာဏာရှင်များက ဒုဗိုလ်ချုပ်ကြီး ကျော်သန်းအား လေယာဉ်နှင့် ရဟတ်ယာဉ် ၀ယ်ယူနိုင်ရေး အတွက် ဘဏ္ဍာရေး ဘတ်ဂျက် နိုင်ငံခြားငွေအား လုံလောက်စွာ ချမပေးနိုင်သည့် အပြစ်ကို မသိယောင် ဆောင်နေကြပါသည်။ ဒုဗိုလ်ချုပ်ကြီး တင်ဦးအား MI-17 ပိုင်းလော့က သူ၏ရဟတ်ယာဉ် စက်ချို့ယွင်းနေကြောင်း အချိန်မီ သတင်းပို့ချက်၊ ရတခ တိုင်းမှူး ဗိုလ်ချုပ် သီဟသူရ စစ်မောင်က ကားဖြင့်သာ သွားရန် သတင်းပို့ချက်နှင့် ရုရှား စစ်ပညာရှင်များက MI-17၏ အားနည်းချက်ကြောင့် မဟုတ်ပဲ စက်အရန်ပစ္စည်း အချိန်မီ ပြုပြင် ထိန်းသိမ်းမှု အားနည်းချက်ကြောင့်ဟု ထောက်ပြချက်များကိုတော့ စစ်အာဏာရှင်များ ငြင်းနိုင်မည် မထင်ပါ။

လေတပ်၏ လှုပ်ရှားမှု မှန်သမျှကို ကြည်းစစ်ဆင်ရေးမှ မသိရှိပဲ ဘာမျှ မလုပ်ရဲအောင် ချုပ်ကိုင် ထားမှုကလည်း ၁၉၈၈ မတိုင်မီက လေတပ် ဦးစီးချုပ်တို့ ခေတ်နှင့် လွန်စွာမှ ခြားနားနေပါပြီ။ အဖျက်စွမ်းအားပြင်း ဗုံး/ ဒုံးများ တပ်ဆင်ထားသော လေယာဉ်များရှိပြီး ပြည်သူနှင့်လည်း နှလုံးသားချင်း နီးစပ်သော လေတပ်အား စစ်အာဏာရှင် ထိပ်သီးများက အလွန် စိုးရွံ့နေ ကြပုံရပါသည်။

စိုးရွံ့မည်ဆိုလည်း စိုးရွံ့လောက်ပါသည်။ ရှစ်လေးလုံး လူထု အရေးတော်ပုံကြီးတွင် တပ်မတော် (လေ) က ဦးစွာ ပြည်သူ လူထုနှင့် ပူးပေါင်းဖို့ ထွက်လာသလို အရေး အခင်းပြီးတဲ့ နောက်ပိုင်းမှာလည်း ဗိုလ်မှူးလှဝင်း (လေ) တို့က ဗိုလ်မှူးကြီး စိန်မြ( မဆလ ခေတ် ပြည်ထဲရေး ၀န်ကြီးဟောင်း)၊ တပ်သားသိန်းဖိုး( ကာကွယ်ရေး ပစ္စည်းစက်ရုံ အမှတ် - ၄)၊ ဗိုလ်မှူးကြီးစံသာ (ကက၀ယ် ညွန်ကြားရေးမှူးဟောင်း) တို့နဲ့ ပူးပေါင်းကာ ရန်ကုန်မြို့ အား ဗုံးကြဲ တိုက်ခိုက်ရန် အထိ ကြံစည် လှုပ်ရှားခဲ့ကြပါသည်။

ဗိုလ်မှူးလှဝင်းသည် တပ်မတော်(လေ) စတင် ဖွဲ့စည်းခဲ့စဉ် ကပင် ၀င်ရောက်ခဲ့ပြီး အရာခံဗိုလ် အဆင့်မှ ထူးချွန်၍ အရာရှိ အဆင့်သို့ တိုးမြှင့်ခြင်း ခံခဲ့ရသူ ဖြစ်ပါသည်။ ဗိုလ်မှူး လှဝင်းသည် တပ်မတော်(လေ) အတွက် ၀ယ်ယူ ဖြည့်တင်းပေးမည့် လေယာဉ်များကို နိုင်ငံခြားမှ သွားရောက် မောင်းနှင်ယူရန် လက်ရွေးစင် ရွေးချယ် စေလွှတ်ခံရသည့် လေသူရဲကောင်း တစ်ဦး ဖြစ်ပါသည်။ ဗိုလ်မှူးလှဝင်းသည် တရုတ်ဖြူများ ကျူးကျော်မှုကို နှိမ်နှင်းသည့် စစ်ဆင်ရေး များတွင်လည်း ထူးချွန်စွာ ပါဝင်ခဲ့သည့် နာမည်ကြီး လေသူရဲ တစ်ဦး ဖြစ်ပါသည်။ ဗိုလ်မှူးကြီး စံသာသည် စစ်လက်နက်ပစ္စည်း ၀ယ်ယူရေး ညွှန်ကြားရေးမှူးရုံး (ကက၀ယ်) ၌ တာဝန် ထမ်းဆောင်ခဲ့ သဖြင့် နိုင်ငံခြား အဆက်အသွယ် ရှိခဲ့ရာ ဗုံးများနှင့် လက်နက်များ ၀ယ်ယူရန် ကြိုးစားနိုင်သူ ဖြစ်ပါသည်။

သူတို့၏ လျှို့ဝှက်စစ်ဆင်ရေး အရ ရန်ကုန်မြို့ရှိ အချက်အခြာ ကျသော စစ်ရုံးနှင့် ဌာနဆိုင်ရာ အဆောက်အဦးများကို ဗုံးကြဲ တိုက်ခိုက်နိုင်ရန် ကြီးကျယ်သည့် မဟာဗျူဟာ စီမံကိန်း ချမှတ် ထားခြင်းပင် ဖြစ်ပါသည်။ စစ်အာဏာရှင်များက အဆိုပါ သတင်းကြောင့် စိုးရွံ့ ထိတ်လန့်သွားပြီး အသည်းအသန် ပိုက်စိတ်တိုက် လိုက်လံ ရှာဖွေခဲ့ပါသည်။ ထို့နောက် ထောက်လှမ်းရေးမှ လိုက်လံ ဖမ်းဆီး ရမိသွားပြီး ၁၉၉၀ ခုနှစ် ဖေဖေါ်ဝါရီလ (၁၀) ရက်နေ့တွင် စစ်ခုံရုံး အမှတ်(၅) မှ၊ ပုဒ်မ (၅) ည ၊ ပုဒ်မ (၁၇) (၁) (၂) တို့ဖြင့် ဗိုလ်မှူး ဂျွန်လှဝင်းအား ထောင်ဒါဏ် (၁၂) နှစ်၊ ဗိုလ်မှူးကြီး စံသာအား ထောင်ဒါဏ် (၁၅) နှစ်၊ တပ်သား သိန်းဖိုးအား ထောင်ဒါဏ် အနှစ် (၂၀)၊ ဗိုလ်မှူးကြီး စိန်မြသာ တစ်ဦးတည်း ထွက်ပြေး လွတ်မြောက်သွားခဲ့ရာ မျက်ကွယ်မှာ ထောင်ဒါဏ် အနှစ် (၂၀) အသီးသီး ချမှတ် နှိပ်ကွပ် စီရင်ခြင်း ခံခဲ့ရပါသည်။

အပိုင်း(၂)
ဝေဟင် ( ပြည်တွင်းမှ တပ်မတော် (လေ) အရာရှိတစ်ဦး)

လေယာဉ်မောင်းရန် လေယာဉ်ပြင်ဆင်ရန်သည် လေတပ်မှ အရာရှိ/ စစ်သည် တို့ တာဝန် ဖြစ်သကဲ့သို့ ဝေဟင်မှ ကျူးကျော်မှု မှန်သမျှကို ကာကွယ် တားဆီးရန်လည်း လေတပ်မှ အရာရှိ/ စစ်သည်တို့ သာ တာဝန် ရှိပါသည်။ နွားကို အမဲလိုက်ခိုင်း၍ မရသလို ခွေးကိုလည်း လယ်ထွန်ခိုင်းရန် မရနိုင်သည်မှာ သဘာဝပင် ဖြစ်ပါသည်။ လေ့ကျင့်ပေးက ရနိုင်သည်ဟု ဆိုနိုင်သော်လည်း သူ၏ စွမ်းရည်များသည် တလွဲတွေသာ ဖြစ်နေပါမည်။

ယခုတော့ လေတပ်မှ လေသူရဲများ၊ အင်ဂျင်နီယာများသည် ကြည်းတပ်၏ စစ်နည်း ဗျူဟာများဖြစ်သည့် (ခံ/ခွာ/ချီ/တိုက်) စစ်နည်း ဗျူဟာတွေ တတ်မြောက်မှ အဆင့် တိုးပေးမည်ဟု ဆိုသဖြင့် တိုက်ခိုက်ရေး ကျောင်းများတွင် ဘာမှ မဆိုင်သော သင်ကြားမှုများကို သွားလုပ် နေကြရပါသည်။

လေသူရဲတစ်ဦး အနေနှင့် လေယာဉ်မပျံပဲ တစ်လခွဲ ကျော်သွားပါက လက်မပျက် ပျံသန်းခြင်းခေါ် ပြန်လည် လေ့ကျင့်မှုအား နည်းပြ စစ်ဆေးမှုဖြင့် ပြန်လည် ဆောင်ရွက်ရ ပါသည်။ ထို့ကြောင့် (၄) လကျော် သင်တန်း သွားတက်ခဲ့သော လေသူရဲများ အတွက် ပြန်လည်လေ့ကျင့် ဆောင်ရွက် ပေးရမှုများသည် လေတပ်အတွက် ၀န်ထုတ် ၀န်ပိုးကြီးပမာ ဖြစ်နေရပါသည်။ အင်ဂျင်နီယာများ အတွက်လည်း ဖတ်မှတ်လေ့လာ ဆောင်ရွက်မှု များသည် အစမှ ပြန်လည် ဆောင်ရွက်နေရရာ ဘာအကျိုးမှ မရှိပါ။

ဤအချက်များကို တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ် ထိပင် သိရှိမည် မထင်ပါ။ တိုက်ခိုက်ရေး ကျောင်းသို့ သွားမတက်ပဲ လေတပ် အတွက် အကျိုးရှိမည့် သင်တန်းများ လေတပ်ထဲတွင်ပင် ဖွင့်ဖို့ တောင်းဆို ခဲ့ကြသော်လည်း အိပ်မက်မျှသာ ဖြစ်လာပြီး တကယ် ဖြစ်လာသည်က လေတပ်ထဲ မှာလည်း အခြား သင်တန်းတွေ ထပ်တက်ရကာ ၀န်ပိုလာခြင်းသာ ဖြစ်ပါသည်။ အရာရှိငယ်များ အတွက် အုပ်ခွဲမှူး သင်တန်း၊ စက်မှုလက်မှု အရာရှိ စီမံခန့်ခွဲမှု သင်တန်း၊ အရာရှိကြီးများ အတွက် စစ်ဦးစီး တက္ကသိုလ် မတက်မီ စစ်ဆင်ရေး ကွပ်ကဲရေးမှူး သင်တန်းများ ထပ်တိုးလာပါသည်။

လေသူရဲများ အနေနှင့် လေတပ်ထဲ ရောက်သည်နှင့် Pilot Course ၆ လ တက်ရောက်ရပြီး လေသူရဲ တောင်ပံရပြီးနောက် သက်ဆိုင်ရာ လေယာဉ် အုပ်များတွင် လွှဲပြောင်း သင်တန်းများ တက်ရောက်ရပါသည်။ လွှဲပြောင်း သင်တန်းဆိုရာတွင် လေယာဉ် အမျိုးအစား လွှဲပြောင်းသင်တန်း၊ နည်းပြ လွှဲပြောင်းသင်တန်၊ စစ်ဆင်ရေး ပစ်ခတ်မှု လွှဲပြောင်း သင်တန်းများကို ပျံသန်းချိန် အလိုက် စဉ်ဆက်မပြတ် ဆောင်ရွက်နေကြရ ပါသည်။

သို့မှသာ လေသူရဲ၏ အရည်အချင်း၊ အရည်အသွေး တိုးတက် မြင့်မားပါမည်။ အထူးသဖြင့် MIG-29, F-7, A-5 တို့ ကဲ့သို့ ဂျက်လေယာဉ် မောင်းနေသူများ အတွက် ပျံသန်းမှု လက်မပျက်ရန်မှာ ပိုအရေးကြီးပါသည်။ သင်တန်းများမှ ပြန်လာပြီး မူလ အခြေအနေ ပြန်ရောက်ရန် ပြန် လေ့ကျင့်ရသော လေသူရဲရော လေတပ် အတွက်ပါ အချိန်ကုန် လူပန်း နေရသဖြင့် စစ်အာဏာရှင်များ၏ အာဏာပြ လွှမ်းမိုးလာမှု အပေါ် မကျေနပ်ကြပါ။

လုပ်ငန်းသဘောအရ သီးခြားဆောင်ရွက်နေခဲ့ သော်လည်း ယခုအခါ သက်ဆိုင်ရာ တိုင်းမှူး တို့၏ ကွပ်ကဲမှု အောက်တွင် လှုပ်ရှား ဆောင်ရွက်နေရ၍ လေတပ်တွင် အဆင် မပြေမှုများ ရှိလာပါသည်။ တိုင်းမှူး၏ လုပ်ပိုင်ခွင့် အုပ်ချုပ်မှုအာဏာ စစ်ရေး/စစ်ထောက် ဆိုင်ရာ အခွင့်အရေးများကို တရားလွန် ချုပ်ကိုင်ထားရာ တိုင်းလက်အောက်ခံ ကြည်းတပ်၊ ရေတပ်၊ လေတပ် အားလုံး မှီခို နေကြရပါသည်။ အမှန်တကယ် အခွင့်အရေးတွင်တော့ တန်းတူ မရှိပဲ ကြည်းတပ်ကိုသာ မျက်နှာသာပေးပြီး ရေတပ်၊ လေတပ် တို့ကိုတော့ ခိုင်းစရာ ရှိမှသာ တစ်ခုတည်းသော တပ်မတော်ဟု အကြောင်းပြခြင်းကို လေတပ် အရာရှိ အများစုက မကျေနပ်ကြ သော်လည်း အောင့်အီး နေကြရပါသည်။ ကိုယ့်တာဝန်ကိုယ် ထမ်းဆောင်ပြီး ကိုယ့်တပ် အလုပ်သာ ကိုယ်လုပ်ကြခြင်းက ကောင်းပါလိမ့်မည်။

သမိုင်းကြောင်းကို ကြည့်မည်ဆိုလျှင် ပထမ မြန်မာနိုင်ငံတော်ကို အနော်ရထာ မင်းကြီးက စတင် တည်ထောင်ခဲ့ပြီး ဒုတိယ မြန်မာနိုင်ငံတော်ကို တပင်ရွှေထီးနှင့် ဘုရင့်နောင်တို့က ဆက်လက် တည်ထောင်ခဲ့ပါသည်။ ထို့နောက် တတိယ မြန်မာ နိုင်ငံတော်ကို အလောင်းမင်းတရားကြီးက ပြန်လည်စုစည်း ထူထောင်ခဲ့ကြောင်း မှတ်သား သိရှိခဲ့ရပါသည်။ သီပေါမင်း လက်ထက်တွင် အင်္ဂလိပ် နယ်ချဲ့များ၏ ကျူးကျော် သိမ်းပိုက်ခြင်းကို ခံခဲ့ရပြီး ထို့နောက်တဖန် ဖက်ဆစ်ဂျပန်တို့၏ လက်အောက်သို့ ကျရောက် ခဲ့ရပြန်သည်။ လွတ်လပ် သော ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်သော နိုင်ငံတော်သို့ ရောက်ရှိရန် မြန်မာ့တပ်မတော်ကို စတင် တည်ထောင်ခဲ့သည့် ဗိုလ်ချုပ် အောင်ဆန်းနှင့်တကွ အာဇာနည် မျိုးချစ် ပုဂ္ဂိုလ်များနှင့် တိုင်းရင်းသား ပြည်သူလူထု တရပ်လုံးက စတုတ္ထ မြန်မာနိုင်ငံတော် အတွက် အသက်၊ သွေးချွေး မြောက်မြားစွာ စတေးကာ ရယူပေးခဲ့ပါသည်။

လွတ်လပ်ရေး ရရှိခဲ့ပြီဖြစ်သော်လည်း ယနေ့ မြန်မာနိုင်ငံသည် အမှန်တကယ်တော့ မလွတ်လပ် ခဲ့ဘဲ တိုင်းတပါး နယ်ချဲ့ထက်ပင် ဆိုးဝါးသော မြန်မာပြည်သား စစ်အာဏာရှင်တို့၏ အနိုင်ကျင့်မှု အောက်တွင် ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ဖို့ လွတ်လွတ် လပ်လပ် ပြောဆို ဆွေးနွေးနိုင်ဖို့ နေနေသာသာ ဗိုလ်ချုပ် အောင်ဆန်း ပြောခဲ့တဲ့ ဟိုနိုင်ငံကြီး ဖြစ်နေခဲ့ ပါပြီ။ မြန်မာ့တပ်မတော်သည် ဗိုလ်နေ၀င်းပိုင် တပ်မတော်မှ ဗိုလ်သန်းရွှေပိုင် တပ်မတော် ဖြစ်နေခဲ့ပါပြီ။ လွတ်လပ်မှု၊ တရားမျှတမှုနှင့် တန်းတူရည်တူ ရှိမှုတို့ ဆိုသည်ကား မြန်မာ ပြည်သားများနှင့် လားလားမှ မဆိုင်သလို ဖြစ်နေခဲ့ပါပြီ။

“ကြည်း/ရေ/လေ ထု အားမာန်ပြု၍ တို့လက်မြဲမြဲ ခိုင်ခိုင်တွဲစို့” ဟု ဆိုခဲ့သော ရဲသုံးဘော်မှာလည်း တန်းပေါင်းစီ ကွင်းထိပ်မှ နေရာ ဖယ်ပေးခဲ့ရပြီး စစ်အာဏာရှင် မင်းတရားကြီးများမှ ထိပ်ပိုင်း နေရာတွေကို ယူခဲ့ကြပါပြီ။ ညီနောင်များ စဉ်းစားတွေးတော အဖြေရှာနိုင် ကြပါစေ။


Ref: ဖိုးတရုတ်

0 comments:

အပေါ်သို့