..............................

Tuesday, February 10, 2009

ဗမာပြည်ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူလ် ရဲဘော်ဖိုးသံချောင်းနှင့် ငုရင် ပြင် စကားဝိုင်း

(၁) ၂၀၀၉ ခုနှစ်အတွင်း ဖြစ်ပေါ်လာမယ့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေတွေအပေါ် ဘယ်လို သုံးသပ်မိ ပါသလဲ။

ဒီနှစ်ဟာ နအဖအဖို့ ၂၀၁၀ ရွေးကောက်ပွဲအတွက် ဖိလုပ်ရမယ့်နှစ် ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ဥပဒေကို ပြဋ္ဌာန်းရမယ်။ နိုင်ငံရေးပါတီ အသစ်တွေကို လက်ခံရမယ်။ တပါတည်းမှာ တည်ရှိဆဲ နိုင်ငံရေး ပါတီတွေနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ အဖွဲ့တွေနဲ့ ပတ်သက်လို့လည်း ဘယ်လို သဘောထားတယ်ဆိုတာ ပြောရပါမယ်။ တဖက်မှာ ကျတော့လည်း (ကြံ့ဖွတ်အဖြစ်နဲ့ဖြစ်စေ၊ တခြားအဖွဲ့အစည်း အဖြစ်နဲ့ဖြစ်စေ) သူတို့အတွင်းက လူတွေထဲမှာ ဘယ်သူတွေ ၀င်အရွေးခံရမယ် ဆိုတာအတွက်လည်း စီစဉ်ဆုံးဖြတ်ရ၊ စီမံရတာတွေ ရှိဦးမှာပါ။ ဒါဟာ သေးတဲ့ ပြဿနာ မဟုတ်ပါဘူး။ သူတို့တွင်း အခုအခံတွေ၊ မကျေနပ်မှုတွေ၊ ဂိုဏ်းဂဏတွေ ဖြစ်ပေါ်စေ နိုင်ပါတယ်။

ဒါကြောင့်မို့ ဒီ ၂၀၀၉ ခုနှစ်ထဲမှာ မျှော်လင့်မထားတဲ့ အံ့သြစရာ ကောင်းတဲ့ ဥပဒေ ကြေညာချက်တွေ၊ သတင်းတွေ ပေါ်ထွက်လာနိုင်ပါတယ်။ (အခုကိုပဲ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းမယ်ဆိုတဲ့ သတင်းတွေ ထွက်လာနေပါ ပြီ) နအဖအဖို့ကတော့ သူတို့အတွင်းပိုင်း ပြေလည် တည်ငြိမ်ရေးကို အဓိကထား ဦးစားပေး လုပ်မှာပါ။ အတွင်း ပိုင်း မတည်ငြိမ်ရင် အပြင်ကို ရင်ဆိုင်ရာမှာ ကမောက်ကမ ဖြစ်နိုင်တယ်ဆိုတာ သူတို့ သိပါတယ်။ ဒါကြောင့်မို့ ဒီနှစ်ထဲမှာ နအဖရဲ့ စစ်ဖက် နယ်ဖက် ထိပ်ပိုင်း အရာရှိတွေလည်း အပြောင်းအလဲ အများကြီး ဖြစ်နိုင်ပါတယ်။ နအဖအတွင်းပိုင်းမှာ မတည်ငြိမ်မှု အများဆုံး ဖြစ်နိုင်တဲ့ နှစ်တနှစ်လို့ ဆိုနိုင်ပါတယ်။

နအဖဟာ သူတို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံသူတွေ အပေါ် ဘယ်လို သဘောထားမလဲ ဆိုတာလည်း ဒီနှစ်ထဲမှာပဲ လက်တွေ့နဲ့ အဖြေပေးရမယ် ထင်ပါတယ်။ နအဖဟာ ကြံ့ဖွတ်ကို ရေရှည်မှာ ထိန်းချုပ် နိုင်ပါ့မလား၊ နအဖနဲ့ တစည ဘယ်လို ထိန်းညှိကြမလဲ ဆိုတာတွေလည်း စိတ်ဝင်စားစရာ တွေ့မြင် ကြရပါမယ်။ ဗိုလ်နေ၀င်းဂိုဏ်း၊ ဗိုလ်ခင်ညွန့်ဂိုဏ်းတွေ ဘယ်လိုအခန်းက ပါဝင်ကြမလဲ ဆိုတာလည်း မြင်ရဦးမယ် ထင်ပါ တယ်။ ဒီနှစ်ဟာ နအဖရဲ့ ပြည်တွင်း နိုင်ငံရေးပေါ်လစီတွေ အစမ်းသပ် ခံရမယ့် နှစ်ဖြစ်ပါတယ်။ သူတို့ ဘယ် အထိ သည်းညည်းခံနိုင်တယ် ဆိုတာကို စောင့်ကြည့်ရမှာပါ။

ဒီလိုဆိုတဲ့အတွက် သူတို့ကို ဗြောင်ဆန့်ကျင်တဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို သည်းခံမယ်လို့ ဆိုလိုတာ မဟုတ်ပါ။ ပိုတောင် ပြတ်ပြတ်သားသား လုပ်မယ်လို့ ထင်ပါတယ်။ ဆရာကြီးဦးဝင်းတင်၊ ဦးခင်မောင်ဆွေ တို့လို ပုဂ္ဂိုလ်တွေကို ထောင်ထဲပြန်ထည့်တာ တွေ့ရရင် မဆန်းဘူးလို့ပဲ ယူဆရမှာပါ။ ဒါကြောင့် ဒီနှစ်ဟာ နအဖအဖို့ မလွယ်လှတဲ့နှစ်ပဲ ဖြစ်မှာပါ။ စီးပွားရေး၊ နိုင်ငံရေး၊ သူတို့တွင်း စည်းလုံး ညီညွတ်ရေး၊ အဖက်ဖက်မှာ အကျပ်အတည်းတွေ ရင်ဆိုင်ရမယ့်နှစ်လို့ မြင်ပါတယ်။ အခုကိုပဲ အပစ်အခတ် ရပ်စဲထားတဲ့ အဖွဲ့အစည်းတွေ ဟာ နအဖ တွက်ထားသလိုမဟုတ်ဘဲ တင်းခံနေလို့ နအဖဟာ အခြေအနေတွေကိုတောင် မထုတ်ပြန်ရဲဘဲ ဖြစ်နေပါတယ်။ ရွေးကောက်ပွဲအတွက် တခြား အဖွဲ့အစည်းတွေကိုသာ တည်ထောင်ခွင့် ပေးလိုက်ရင် သူတို့ရဲ့ လက်ရှိ အက်စ်ဘီ၊ စရဖ စတဲ့ ထောက်လှမ်းရေး ယန္တရားတွေနဲ့ လုံလောက်ပါ့မလား၊ ဘယ်လိုတိုးချဲ့မလဲ စဉ်းစားစရာ ဖြစ်ပါတယ်။

(၂) ၂၀၀၉ ခုနှစ်အတွင်း လုပ်ဆောင်မယ်လို့ ပိုင်းဖြတ်ထားတဲ့ နိုင်ငံရေး ရည်မှန်းချက်တွေက ဘာပါလဲ။

တခြားပုံမှန်လုပ်ငန်းတွေအပြင် ပြည်သူ့အင်အား(People Power) စည်းရုံးရေးကို အဓိကထားပြီး ဦးတည်ချက် ရှိရှိ လုပ်သွားပါမယ်။ လုပ်ရာမှာ အဓိကအားဖြင့် ကာလတခုမှာ မြေအောက် သဏ္ဍာန်နဲ့ လုပ်မှာ ဖြစ်ပါတယ်။

အထက်မှာပြောခဲ့သလိုပဲ ဒီနှစ်မှာ ထူးခြားတဲ့ ကိစ္စရပ်တွေ ဖြစ်ပေါ်လာ နိုင်ပါတယ်။ နအဖဟာ သူတို့ အသက်ရှင် တည်ရှိရေး လမ်းကြောင်းပေါ်မှာ ရှိတဲ့ ဆူးညှောင့် ခလုတ်အားလုံးကို ဖယ်ရှားတာ လုပ်ရပါတော့မယ်။ ဒီလိုလုပ်ရာမှာ ပြည်သူလူထုရဲ့အကျိုးစီးပွားနဲ့ ပဋိပက္ခတွေ ဖြစ်တာတွေ မုချကြုံရမှာပါ။ ဒါဆိုရင် ကျနော်တို့ဟာ ပြည်သူ လူထု အကျိုးစီးပွားကို ကာကွယ်ရေးအတွက် ဖြစ်နိုင်တဲ့ သဏ္ဍာန်နဲ့ တိုက်ပွဲ ၀င်ပါမယ်။ အလားတူ ပဲ နအဖက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်းဖို့ လုပ်လာကောင်း လုပ်လာနိုင်ပါတယ်။ သူ့မှာ နိုင်ငံ ရေးအရ အင်အား တောင့်တင်းပြီလို့ ယူဆရင် နအဖဟာ တနည်းနည်းနဲ့ အကောင်အထည် ဖော်ပါလိမ့်မယ်။ ဒီလိုလုပ်လာရင် နအဖနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့ အကြားက တိုက်ပွဲဟာ နောက်ဆုံး အဆုံးအဖြတ် တိုက်ပွဲ ဖြစ်ချင်ဖြစ်သွား နိုင်ပါတယ်။ ဒီလိုအခါမှာ ကျနော်တို့ဟာ ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ အသီး အပွင့်ဖြစ်တဲ့၊ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ ပြည်သူတရပ်လုံးက ထောက်ခံခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ကာကွယ်ဖို့အတွက် ပြည်သူတွေ၊ တခြားအင်အားစုတွေနဲ့ လက်တွဲပြီး ကန့်ကွက် တိုက်ပွဲ ၀င်သွားပါမယ်။

ဒါပေမယ့် ဒါတွေကို ကျနော်တို့ ဗကပ တဖွဲ့တည်း လုပ်လို့မရပါဘူး။ ပြည်တွင်းပြည်ပရှိ တခြားအဖွဲ့အစည်း တွေ၊ လူပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးညှိနှိုင်းတာတွေ လုပ်သွားပါမယ်။ (ဒါလည်း မြေအောက်ပုံသဏ္ဍာန်နဲ့ အဓိက ဖြစ်ပါမယ်)။ ဒီလိုလုပ်ရာမှာ မတူတာတွေကို ခဏ ဘေးဖယ်ထားကြဖို့ အရေးကြီးတယ်လို့ ယူဆပါတယ်။ ဒီလို လုံးပမ်းနေတဲ့ ကာလအတွင်းမှာ နအဖအစိုးရကို ဆန့်ကျင်သူတွေ အချင်းချင်း တိုက်ခိုက်တာမျိုး ကျနော်တို့က လုံးဝမ လုပ်ပါဘူး။

ဒါတွေက လက်တွေ့လုပ်ငန်းပိုင်းပါ။ အယူအဆပိုင်းကို ပြောရရင်တော့ ဒီကာလမှာ ကျနော်တို့ အနေနဲ့ နအဖ အစိုးရကို အလုပ်အကျွေး ပြုလိုတဲ့၊ မူမဲ့အလျော့ပေး စေ့စပ်ချင်တဲ့ အရှုံးပေးရေး ၀ါဒကို ဖွင့်ချ ဆန့်ကျင်တိုက်ခိုက် သွားပါမယ်။

(၃) ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘယ်လို အကဲဖြတ်ပါသလဲ။

တကယ်တော့ ဒီ ၂၀၁၀ ရွေးကောက်ပွဲဟာ သဏ္ဍာန်သဘောလောက်ပဲ ရှိပါတယ်။ တကယ့် အာဏာကို နအဖ က သူ့ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ရယူပြီးပါပြီ။ ဒီရွေးကောက်ပွဲမှာ ဘယ်သူတွေနိုင်-နိုင် အာဏာဟာ စစ်အုပ်စု လက်ထဲမှာပဲ စွဲစွဲမြဲမြဲ တည်ရှိနေမှာပါ။

ဒါပေမယ့် ဒီရွေးကောက်ပွဲမှာ နအဖစစ်အုပ်စုနဲ့ သဘောထား မတူညီတဲ့ လူတွေ၊ အဖွဲ့အစည်းတွေ ၀င်ရောက် အရွေးခံတာ ရှိနိုင်ပါတယ်။ ဘယ်သူတွေ ဖြစ်မယ်ဆိုတာတော့ မပြောနိုင်သေးပါ။ တကယ်လို့ အဲဒီလိုလူ၊ အဖွဲ့ အစည်းတွေ ပေါ်လာပြီး ကြံ့ဖွတ်၊ တစည ... စတဲ့ စစ်အုပ်စု အင်အားစုတွေနဲ့ ယှဉ်ပြိုင်ရင် သူတို့ကို ကျနော်တို့က အားပေး ထောက်ခံပါမယ်။

နောက်တချက်က ဒီရွေးကောက်ပွဲကနေ ရာထူးနဲ့ အခွင့်အရေး ပြဿနာကြောင့် နအဖ အသိုင်းအ၀ိုင်း အတွင်းမှာ စိတ်ဝမ်း ကွဲပြားမှုတွေ ပေါ်လာနိုင်ပါတယ်။ အဆင့်အသီးသီး၊ ဒေသအသီးသီး၊ အလွှာ အသီးသီးမှာ ပေါ် ပေါက်နိုင်ပါတယ်။ ဒါကို အတိုက်အခံတွေက ကောင်းကောင်း အသုံးချရပါမယ်။

(၄) ကမ္ဘာ့စီးပွားရေးကျဆင်းမှုအပေါ်အမြင်နဲ့ မြန်မာပြည်အပေါ် မည်သို့ သက်ရောက် နိုင်ပါသလဲ။

ဒီပြဿနာကြီး ဘာကြောင့်ပေါ်ပေါက်ခဲ့တယ် ဆိုတာကို ကျနော် ဆောင်းပါး ၃-၄ ပုဒ် ရေးဖူးပါတယ်။ ဒီနေရာမှာ ပြန်ပြော မနေတော့ပါဘူး။ ဒီအကြိမ် ကမ္ဘာ့စီးပွားရေး ကျဆင်းမှုကြီးဟာ အမေရိကန် နိုင်ငံကြောင့် ဖြစ်ရတာလို့ တနေ့ကပဲ ဆွစ်ဇာလန်နိုင်ငံမှာ နိုင်ငံ့ခေါင်းဆောင်တချို့က ပြောသွားပါတယ်။ ဒါကို အမေရိကန်ဖက်က လုံးဝ မငြင်းပါဘူး။ ဒိအရင်တနှစ်ကပဲ ကွန်ဒိုလီဇာရွိုက်ကိုယ်တိုင် “အမေရိကန်နိုင်ငံရဲ့ စီးပွားရေးဟာ စိတ်ချရတယ်၊ ပုံမှန်ပဲ”လို့ အလားတူ ထိပ်သီး အစည်းအဝေးတခုမှာ အာမခံ ခဲ့ဖူးပါတယ်။ ဒါကြောင့် ဒီတခါလောက် အမေရိကန်နိုင်ငံရဲ့ စီးပွားရေးဂုဏ်သိက္ခာ ထိခိုက်ကျဆင်းတာ သမိုင်းမှာ အင်မတန် ရှားတယ်လို့ ဆိုရပါမယ်။ ၁၉၂၉ စီးပွားရေး ကပ်တုန်းကတော့ အမေရိကန်ဟာ ကမ္ဘာ့နံပတ်တစ် မဟုတ်ပါဘူး။ ဥရောပရဲ့ နောက်မှာပါ။ အခုတော့ ကမ္ဘာ့နံပတ်တစ် နေရာကနေ မျက်နှာပြလို့ မရအောင်ဖြစ်ရတာ ဆိုတော့ တော်ရုံပြဿနာကြီး မဟုတ်ပါဘူး။ ကမ္ဘာ့နံပတ်တစ် နေရာကနေ အမေရိကန် ဖယ်ပေးရဖို့အတွက် အရေးပါတဲ့ သမိုင်းတကွေ့ဖြစ် မယ်လို့တောင် လူတော်တော်များများက တွက်ကြပါတယ်။

နောက်တချက်ကတော့ ဒါဟာ အမေရိကန်နိုင်ငံ အုပ်စိုးသူ လူတန်းစား ထဲက နီယို လစ်ဘရယ်သမား တွေရဲ့ ပေါ်လစီတွေ မမှန်ကြောင်း ပွင့်ကျ သွားတာလို့လည်း ဆိုနိုင်ပါတယ်။ သူတို့ သံကောင်းဟစ်လေ့ ရှိတဲ့ "Laissez-faire"ပေါ်လစီရဲ့ကျဆုံးခန်းပါ။ စီးပွားရေးလည်ပတ်မှုတွေကို အစိုးရက ၀င်ရောက် မစွက်ဖက်ရဘူးလို့ မောက်မောက် မာမာ ပြောခဲ့ကြတဲ့ နိုင်ငံ အများအပြားက ဧရာမ လူချမ်းသာ လုပ်ငန်းရှင်ကြီးတွေနဲ့ သူတို့ရဲ့ ဘောဂဗေဒ ပညာရှင်တွေဟာ အခုတော့ သူတို့ လုပ်ငန်းကြီးတွေကို ကယ်တင် ပေးပါဦးလို့ အစိုးရတွေကို တောင်းပန်နေကြတာ တွေ့ရတော့ ပြုံးမိရပါတယ်။

ဗမာပြည်ရဲ့ စီးပွားရေးဟာ ဒီနှစ်ထဲမှာ ဘယ်လိုမှ ပိုကောင်းလာစရာ မရှိပါဘူး။ ကမ္ဘာ့စီးပွားရေး စနစ်ရဲ့ အစွန် အဖျား လောက်မှာသာရှိတဲ့ ဗမာနိုင်ငံကို ကမ္ဘာ့စီးပွားရေး ကပ်ရဲ့ဒဏ်ဟာ ဒီနှစ်ထဲမှာ ပိုပြီး ရိုက်ခတ်လာမယ်လို့ ယူဆရပါမယ်။ အဲဒီလို ရိုက်ခတ်လာရင် ထုံးစံအတိုင်း လယ်သမား- အလုပ်သမားနဲ့ လုပ်ငန်းရှင်လေးတွေကို အထိခိုက်ဆုံး ဖြစ်မှာပါ။ နအဖအနေနဲ့ ဒီဒဏ်က ကာကွယ်ဖို့၊ စီးပွားရေး လုပ်ငန်းတွေကို ကယ်တင်ဖို့ အစွမ်း လုံးဝ မရှိပါဘူး။ ကျလာသမျှဒဏ်ကို ငုတ်တုတ်ပေခံရမှာပါ။

(၅) လတ်တလောဖြစ်နေတဲ့ အစ္စရေး-ပါလက်စတိုင်း ပြဿနာနဲ့ ပတ်သက်ပြီး ဘယ်လို မြင်ပါသလဲ။

သမိုင်းဆိုင်ရာလေး နည်းနည်းပြန်ပြောပါရစေ။ ခရစ်တော် မွေးဖွားတဲ့နှစ် မတိုင်မီ ဆယ်စုနှစ် အနည်းငယ် ကတည်းက ဂျူးတွေရဲ့ အစ္စရေးဟာ ကမ္ဘာ့မြေပုံပေါ်က ပျောက်သွားခဲ့ပြီး အင်္ဂလိပ် ကိုလိုနီသမားတွေက မူဆလင် ဘာသာဝင်တွေ လက်ထဲက လု၊ ကမ္ဘာအနှံ့အပြားမှာ ရှိတဲ့ ဂျူးတွေကို ပြောင်းလာခိုင်းပြီး ၁၉၄၈ ခုနှစ်ကျမှ အခု လက်ရှိ အစ္စရေးနိုင်ငံကို တည်ထောင်ပေးခဲ့တာ ဖြစ်ပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်က အာရပ်တွေ၊ မူဆ လင်တွေရဲ့ နှလုံးအိမ်ဒေသမှာ ခံတပ်ကြီးတခု ဆောက်ထားခဲ့ဖို့ ဖြစ်ပါတယ်။ ရေနံထွက်တဲ့ ဒေသမှာ နယ်ချဲ့သ မားတွေရဲ့ ရေနံတွင်းတွေနဲ့ စစ်ရေးအရရော စီးပွားရေး အရပါ အရေးပါလှတဲ့ စူးအက် တူးမြောင်းအတွက် အစောင့်သဘော မွေးထားခဲ့တာပါ။ ဒါပေမယ့် အဲဒီဒေသက အမျိုးသားတွေဟာ သူတို့ထင်တာထက် စောပြီး နိုးကြား၊ စည်းရုံး မိလာကြပါတယ်။ စူးအက် တူးမြောင်းနဲ့ ရေနံတွင်းတွေကို သူတို့က နိုင်ငံပိုင်သိမ်းတာတွေ ဖြစ်လာတော့ အင်္ဂလိပ် အမေရိကန်တို့ဟာ မျက်လုံးပြူး မျက်ဆံပြူး ဖြစ်ကုန်ပါတယ်။ ဒီလိုနဲ့ အမေရိကန်ဟာ အဲဒီဒေသကို အင်္ဂလိပ် လက်ထဲက လုယူလိုက်ပါတယ်။ စူးအက်တူးမြောင်း အရေးအခင်းဟာ ဒီဖက်ခေတ် ကမ္ဘာ့သမိုင်းမှာ ကမ္ဘာ့နံပါတ်တစ် နေရာကို အင်္ဂလိပ် လက်ကနေ အမေရိကန်က လွှဲယူတဲ့ အခါပဲလို့ ပြောရင် ရမယ်ထင်ပါတယ်။ ဒိနောက်မှာတော့ အမေရိကန်ဟာ အစ္စရေးကို စီးပွားရေးအရ၊ စစ်ရေးအရ အားကြီးအောင် အတင်းလုပ်ပြီး အာရပ်တွေအကြားမှာ ငပွကြီး တဦးအဖြစ် ဖန်တီးပေးခဲ့ ပါတယ်။

အခု ဒီဖက်ပိုင်းမှာတော့ အားလုံးသိတဲ့အတိုင်း အမေရိကန်နိုင်ငံရဲ့ စီးပွားရေးမှာ ဂျူး သန်းကြွယ် သူဌေးတွေ ရဲ့ အခန်းက သိပ်အရေးပါလာပြီး ဂျူးတွေက အမေရိကန်ရဲ့စကားကို နားထောင် နေရတာလား၊ အမေရိကန် က ဂျူးတွေရဲ့စကားကို နားထောင် နေရတာလား၊ ပြောရ ခက်လောက်အောင်တောင် ဖြစ်လာပါတယ်။ ဒီလိုနဲ့ အစ္စရေးလ်ဟာ အဲဒီဒေသမှာ အမေရိကန်ရဲ့ စီးပွားရေး၊ စစ်ရေး၊ သတင်းနည်းပညာရေး အကူအညီတွေနဲ့ သူများနယ်တွေကို လုတာ၊ အနိုင်ကျင့်တာတွေ လုပ်ချင်တိုင်းလုပ်တာ ဖြစ်လာပါတယ်။ တလောကမှ အပြောင်းအလဲလို့ ကြွေးကြော်ပြီး တက်လာတဲ့ အိုဘားမားနဲ့ သူ့အစိုးရဟာ အစ္စရေးက ဂါဇာက အရပ်သား တွေကို ဒါလောက် ရက်ရက်စက်စက် သတ်ဖြတ်နေတာတောင် တခွန်းမဟန့်တဲ့ အပြင် ပါလက်စတိုင်းတွေရဲ့ အပြစ်လို့ ပြောတာကို ကြည့်ရင် ထင်ရှားပါတယ်။

ဒါကြောင့် ပါလက်စတိုင်းတွေ (မူဆလင်တွေ) ဖက်ကကြည့်ရင် ဒါဟာ သူတို့မြေကို အလုခံရလို့ ပြန်တိုက် နေတာ ဖြစ်ပါတယ်။ ဟာမာ့ဇ်တွေက ဂျူးတွေကို ဒုံးပျံနဲ့ လှမ်းပစ်တယ် ဆိုတာဟာ စစ်တောင်းမြစ် တဖက်ကမ်းက ဂျပန်ဖက်ဆစ်တပ်တွေကို ဗမာ့မျိုးချစ် ပျောက်ကြားတပ်တွေက ဒီဖက်ကမ်းကနေ မော်တာနဲ့ လှမ်းထုတာနဲ့ တူပါတယ်။ ဖြစ်နေတာတွေ အားလုံးဟာ ပါလက်စတိုင်းတွေရဲ့ မြေပေါ်မှာပါ။

တကယ်က လူ့ယဉ်ကျေးမှုသမိုင်း အင်မတန်ရှည်ကြာခဲ့တဲ့ အရှေ့အလယ်ပိုင်း ဒေသမှာ အင်မတန် ရှုပ်ထွေးတဲ့ သမိုင်းနောက်ခံတွေ ရှိပါတယ်။ ဒါတွေကို ဖြေရှင်းဖို့ဆိုရင် အင်အားကြီး နိုင်ငံတွေရဲ့ စွက်ဖက်မှု မပါဘဲ စားပွဲ ပေါ်မှာ အချိန်ယူပြီး မျက်နှာစုံညီ ဖြေရှင်းမှသာ ပြေလည်မှာ ဖြစ်ပါတယ်။

Ref: ငုရင်ပြင်
......

0 comments:

အပေါ်သို့