..............................

Friday, February 13, 2009

မရမ်းကုန်းဓာတ်အားခွဲရုံ မီးလောင် သိန်း (၃၀၀) ဖိုးဆုံးရှုံး

NEJ/ ၁၃ ဖေဖော်ဝါရီ ၂၀၀၉

ဖေဖော်ဝါရီ (၁၂) ရက် ပြည်ထောင်စုနေ့ ညနေ (၄) နာရီခွဲအချိန်ခန့်က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် စိန်ပန်းမြိုင် လျှပ်စစ် ဓာတ်အားခွဲ စက်ရုံ မီးလောင်ကြောင်း ရန်ကုန်မြို့ခံများ၏ ပြောပြချက်အရ သိရသည်။

မီးလောင်မှုကြောင့် ထရန်စဖော်မာ တလုံး ပျက်စီးခဲ့ပြီး မြို့နယ် လျှပ်စစ်ရုံး တာဝန်ခံတဦး၏ ပြောပြချက်အရ မီးလောင်မှုကြောင့် သိန်း (၃၀၀) ဖိုး ဆုံးရှုံးသွားသည်ဟု သိရသည်။

မီးလောင်ရခြင်းအကြောင်းရင်းမှာ ထရန်စဖော်မာကိုသွားသော မြေအောက်ကြိုး ရှော့ခ်ဖြစ်၍ မီးပွားများ ထွက်ရာကတဆင့် ထရန်စဖော်မာ ထဲရှိ လောင်စာဆီကို ကူးစက် လောင်ကျွမ်းခြင်း ဖြစ်ကြောင်း မျက်မြင် တဦးက ပြောသည်။

အငြိမ်းစားလျှပ်စစ်အင်ဂျင်နီယာတဦး၏ပြောပြချက်အရ ရန်ကုန်မြို့ရှိ လျှပ်စစ် ထရန်စဖော်မာများ အားလုံးမှာ ဟောင်းနေသည့် အတွက် အန္တရာယ်ရှိကြောင်း၊ ယခု လျှပ်စစ်ပေးဝေမှု ပြုလုပ်ရာတွင်လည်း လုံလောက်သော ဓာတ်အားကို မပေးဝေနိုင်ခြင်းမှာ ယင်းသို့ ထရန်စဖော်မာများ ကာလရှည်ကြာ ဟောင်းနေသည့် အတွက် ဖြစ်ကြောင်း ပြောသည်။

(၁၂) ရက်နေ့က လောင်သော ထရန်စဖော်မာမှာ ကမ္ဘာအေး ဗီလာနဲ့ နီးသည့်အတွက် အမြန်ပြန်လည် တပ်ဆင်ကြောင်း ရန်ကုန်မြို့ခံ တဦးက ပြောသည်။

“အဲဒီကမ္ဘာအေးဗီလာထဲမှာက အိမ်တလုံးကို သိန်းပေါင်း သောင်းနဲ့ ချီတန်တယ်။ နေတဲ့သူတွေ ကလည်း ဗိုလ်မှူးကြီးတွေ၊ ဗိုလ်ချုပ်တွေ၊ ဗိုလ်မှူးချုပ်တွေ နေတာဗျ။ အဲဒီတော့ အမြန်လုပ်ရမှာပဲ။ ရပ်ကွက်အတွင်းမှာ ထရန်စဖော်မာ ၀ါယာကြိုးပေါက်နေတာ လောက်ကျတော့ အနည်းဆုံး တပတ်ကျော်ကြာတယ်ဗျ” ဟု ရန်ကုန် သားတဦးက ပြောသည်။

အဆိုပါမီးလောင်သော ထရန်စဖော်မာမှာ တနေ့လျှင် ဗို့အား (၁) သောင်းခန့် ထုတ်ပေး နေကြောင်း သိရသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့