..............................

Thursday, February 12, 2009

စစ်ဖြစ်မှာ စိုးကြောက်တယ် (တစည ခေါင်းဆောင်နှင့် အင်တာဗျူး)

ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ 11 2009

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည)၏ ပြည်ထောင်စုနေ့ အကြို သတင်းစာ ရှင်းလင်းပွဲ တရပ်ကို ဌာနချုပ်ရုံးရှိရာ တက္ကသိုလ် ရိပ်သာလမ်းရှိ အစည်းအဝေး ခန်းမတွင် ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့သည်။

သတင်းစာ ရှင်းလင်းပွဲတွင် တစည တာဝန်ရှိသူများက စစ်ပွဲများနှင့် အစိုးရ ဆန့်ကျင်သည့် လမ်းပေါ် ဆန္ဒပြပွဲများ ပေါ်ထွန်းလာမှာကို စိုးရိမ်ကြောင်း ပြောကြားသွားခဲ့သည်။

အသေးစိတ် သိရှိနိုင်ရန် မဇ္စျိမ သတင်းထောက် နန်းဒေ၀ီက တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ၏ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် တဦးဖြစ်သူ ဦးဟန်ရွှေနှင့် တယ်လီဖုန်းမှ တဆင့် တွေ့ဆုံ မေးမြန်းထားသည်။

တစည ခေါ် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီသည် ယခင် အာဏာရှင်ဟောင်း ဦးနေ၀င်း တည်ထောင်ခဲ့သော မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီကို ၁၉၈၈ ခုနှစ်တွင် ဖျက်သိမ်း ခံရပြီးနောက် အမည်ပြောင်းလဲ ခဲ့ခြင်း ဖြစ်သည်။

မေး။ ။ အဓိက ပြည်ထောင်စုနေ့ သတင်းစကား က ဘာလဲရှင့်။

ဖြေ။ ။ ပြည်ထောင်စုနေ့ ဖြစ်တော့ သတင်းစကား၊ အကြောင်းအရာ ၃ ခုပါပဲ။ တခုကတော့ ပြည်ထောင်စုနေ့ နဲ့ ပတ်သက်ပြီးတော့ ပင်လုံစိတ်ဓာတ်၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး စိတ်ဓာတ်ကို လူငယ်တွေက လက်ဆင့်ကမ်း သယ်ဆောင်ဖို့၊ ပင်လုံ စိတ်ဓာတ်ကိုပဲ ပိုမို ခိုင်မာစေဘို့၊ ဒါဟာ သမိုင်းက ပေးခဲ့တဲ့ အမျိုးသားရေး တာဝန်ပဲဆိုတာ အထူးသဖြင့် လူငယ်တွေကို message ပေးတာပါ။

မေး။ ။ ပြည်ထောင်စုနေ့အကြို အခန်းအနားကို နယ်ကိုယ်စားလှယ် တက်ရောက်တာ ရှိပါသလား။

ဖြေ။ ။ နယ်ကိုယ်စားလှယ် မပါဘာဘူး။ ရန်ကုန်တိုင်းရယ် ဌာနချုပ်ရယ်ပါပဲ။ ပြည်နယ်/တိုင်း အလိုက် လုပ်ကြပါတယ်။ လူ ၄၀၀ ကျော်လောက် တက်ပါတယ်။

မေး။ ။ တစည ပါတီရဲ့ လက်ရှိလှုပ်ရှားနေတဲ့ ရုံးခန်းခွဲတွေ ဘယ်လောက် ရှိနေပြီလဲ။

ဖြေ။ ။ ကျနော်တို့က ဌာနချုပ်က ရန်ကုန်မှာရှိတယ်။ ပြည်နယ်နဲ့တိုင်း ၁၄ ခုစလုံးမှာ ကျနော်တို့ ပါတီရဲ့ ပြည်နယ်တိုင်း စည်းရုံးရေး ရုံးတွေရှိပါတယ်။ ပြည်နယ်/တိုင်းတွေမှာရှိတဲ့ မြို့နယ် တွေမှာလည်း မြို့နယ်တိုင်း လိုလိုမှာ ရှိပါတယ်။ ပြည်နယ်၊ တိုင်း ၁၄ ခုရဲ့ မြို့နယ်ပေါင်း ၃၀၀ ကျော်မှာ ရှိပါတယ်။

မေး။ ။ လက်ရှိ ပါတီ အင်အား ဘယ်လောက် ရှိပါသလဲ။

ဖြေ။ ။ လောလောဆယ်မှာ ကျနော်တို့ အဖွဲ့ဝင် အင်အား ၅ သိန်းကျော်ရှိပြီ။ ကျနော်တို့က လမ်းစဉ် ပါတီကနေ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီကို ကူးပြောင်းလာတော့ အဲဒီက ပါတီ အဖွဲ့ဝင်ဟောင်းတွေလည်း ပါတယ်။ နောက်ပိုင်းကျတော့ ၈၈-ခုနှစ် ရောက်တော့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီကို ဖွဲ့လိုက်တော့ အဖွဲ့ဝင် သစ်တွေ ပါလာတာလည်း ရှိပါတယ်။ သို့သော်လည်းပဲ နောက်ပိုင်းမှာ ပါတီဝင်တွေ တိုးချဲ့ ဖွဲ့စည်းတာ မလုပ်ဖို့ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ကော်မရှင်က ကျနော်တို့ကို ညွန်ကြားထားတာ ရှိတော့ ခုထိဆိုရင် အဖွဲ့ဝင် ၅ သိန်းကျော် ရှိပါတယ်။

မေး။ ။ လက်ရှိ ပါတီရဲ့ လှုပ်ရှားမှုတွေ ဘာတွေ ရှိပါသလဲ။

ဖြေ။ ။ ကျနော်တို့ လှုပ်ရှားမှုက ပုံမှန်ပါပဲ။ လမ်းစဉ်ပါတီ လက်ထက်မှာ ကတည်းက ကျနော်တို့ ရုံးခွဲတွေ ပြည်နယ်/တိုင်း တွေမှာ ရှိပြီးသား ဆိုတော့ ဒီဘက် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ ရောက်လာတဲ့ အခါ ဒီရုံးတွေကို အကောင်အထည်ဖော် ဆောင်ရွက်လာတဲ့ အခါကျတော့ ကျနော်တို့အတွက် သိပ်ပြီးတော့ မြို့နယ်တွေနဲ့ ပြည်နယ်တွေမှာ ရုံးခွဲတွေ ဖွင့်တာ သိပ်ပြဿနာ မရှိပါဘူး။ ပုံမှန် အစည်းအဝေးတွေ လုပ်ဖြစ်ခဲ့တယ်။

မေး။ ။ ၂၀၁၀-ခုနှစ်၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီရဲ့ ရွေးကောက်ပွဲ အတွက် ပြင်ဆင်မှုတွေ။

ဖြေ။ ။ ကျနော်တို့က ရွေးကောက်ပွဲ ၀င်မယ်ဆိုတဲ့ ယေဘုယမူတော့ ချထားပြီးသားပါ။ အခု ရွေးကောက်ပွဲ ဥပဒေ ထုတ်တဲ့အခါကျမှ constituency တွေကို ဖော်ပြရမှာ ဖြစ်ပါတယ်။ ဥပမာဆိုပါတော့ ပြည်သူ့ လွှတ်တော် အတွက် ဘယ်နေရာတွေဟာ မဲဆန္ဒ နယ်မြေတွေ ဖြစ်မယ်။ အမျိုးသား လွှတ်တော်အတွက် မဲဆန္ဒ နယ်မြေတွေ သတ်မှတ်ပေးရမှာ ဖြစ်ပါတယ်။ အဲဒီအခါ ကျတော့မှ မဲဆန္ဒ နယ်မြေတွေ ကျလာတော့မှ ဘယ်မဲဆန္ဒ နယ်မြေတွေမှာ အခြေအနေ ပေးတယ် မပေးဘူးဆိုတာ ကြည့်ပြီးတော့ ရွေးကောက်ပွဲ ၀င်ရမှာ ဖြစ်ပါတယ်။ ကျနော်တို့လည်း ရွေးကောက်ပွဲ ဥပဒေ ထွက်လာမှာကို မျှော်နေကြပါတယ်။

မေး။ ။ အထူးသတင်းစာ ရှင်းလင်းပွဲ လုပ်တာလားရှင့်။

ဖြေ။ ။ မဟုတ်ပါဘူး။ ပုံမှန်ပါပဲ။ အထူးအဆန်း သဘောမျိုးတော့ မဟုတ်ပါဘူး။ ပြည်ထောင်စု နေ့တိုင်း ရောက်တဲ့အခါနဲ့ အဖွဲ့ နှစ်ပတ်လည်နေ့တွေ တနှစ်မှာ ၂ ခါ ပြည်တွင်း ပြည်ပ သတင်းဌာန၊ ဂျာနယ်တွေကို ဖိတ်ပြီး ပြည်ထောင်စုနေ့ message တွေကို ရှင်းပြတာပါပဲ။ အကြောင်းအရာအသစ် ပေါ်လာလို့၊ ကိစ္စအသစ် ပေါ်လာလို့ လုပ်တာ မဟုတ်ပါဘူး။ လုပ်လာခဲ့တာ ကြာပါပြီ။ ပြည်ထောင်စုနေ့ လုပ်တဲ့အခါမှာ သူတို့တွေ (သတင်းထောက်တွေ) စုပြီးတော့ သူတို့ သိချင်တာလေးတွေ မေးရင်း ပြောကြတာပါပဲ။

ပြည်တွင်း၊ ပြည်ပ သတင်းဌာနတွေဖြစ်တဲ့ အေပီ၊ အေအက်ဖ်ပီ၊ ရိုက်တာတို့ စတဲ့ တရားဝင် မှတ်ပုံတင်ထားတဲ့ ပြည်တွင်း၊ ပြည်ပ သတင်းဌာန စုစုပေါင်း ၂၅ ခုရှိတယ်။ ပြည်တွင်းဂျာနယ်တွေကိုတော့ အကုန်မဖိတ်နိုင်ဘူး။ အဆင်ပြေသလိုသာ လုပ်လိုက်တာပါ။

မေး။ ။ ဒီမနက် သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့တဲ့ စစ်ပွဲတွေ ဖြစ်လာမှာကို စိုးရိမ်တယ်ဆိုတာ ဘယ်လို ဟာမျိုးကို ပြောတာလဲ။ ဘယ်လိုနေရာတွေမှာ အဲလိုစစ်ပွဲတွေ ဖြစ်လာနိုင်ပါသလဲ။

ဖြေ။ ။ ဒီလိုပါ။ ပြည်ပ မီဒီယာတွေ ပြောနေတာတွေရော၊ ဘာတွေရော ပြောနေတာတွေက ဖွဲ့စည်းပုံ အခြေခံ ဥပဒေ သဘောမတူဘူး၊ အတည်မပြုဘူး။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကို လက်မခံနိုင်ဘူး ဆိုတာမျိုးတွေ လုပ်လာတာ ဆိုတော့ ဒီလို ပြောတာဆိုတာတွေ အခြေအနေပေါ် မူတည်ပြီးတော့ ဘယ်နေရာ၊ ဘယ်ဒေသ ဆိုတာမျိုးတွေတော့ မဟုတ်ပါဘူး။ ကျနော်တို့ နိုင်ငံမှာကလည်း လက်နက်ကိုင်တွေ ရှိတော့ ဒီလိုဟာမျိုးတွေ မဖြစ်အောင် ကျနော်တို့ ၀ိုင်းပြီးတော့ ကြိုးစား ကာကွယ်ကြဘို့ လိုပါတယ်။ လွတ်လပ်ရေး ရပြီး ကတည်းက ဆူပူ သောင်းကျန်းမှုတွေက တောက်လျှောက် ဖြစ်လာခဲ့တော့ ပြည်သူတွေလည်း စိတ်ပင်ပန်းနေပြီ။ ဖြစ်မလာအောင် ၀ိုင်းပြီးတော့ တတ်နိုင်သလောက်၊ သတင်းစာတွေ ကလည်း သတင်းစာ အလျောက်၊ သတင်း ဌာနတွေကလည်း သတင်းဌာန အလျောက်ပေါ့လေ၊ ကျနော်တို့ ပါတီကတော့ ဒီလိုဟာမျိုးတွေ ဖြစ်ဖို့ မလိုလားဘူး။ အေးအေးချမ်းချမ်းနဲ့၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တည်တည်ငြိမ်ငြိမ်နဲ့ transfer of power ကို ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ နည်းလမ်းနဲ့ပဲ ဆောင်ရွက်သွားတဲ့ ဟာက အကောင်းဆုံး ဖြစ်မယ်လို့၊ စနစ်တကျ ဖြစ်မယ်လို့ ခံယူတာပါ။ ဒါကိုပြောတာပါ။

ခုလည်းပဲ တချို့နေရာတွေမှာ တချို့ပြည်နယ်တွေမှာ ကျနော်တို့ ဖဆပလ ခေတ်ကတည်းက လမ်းစဉ်ပါတီ ကနေ ခုတောက်လျှောက် ဖြစ်လာတာတွေ ရှိတယ်။ ဒီသက်ဆိုင်ရာ ပြည်နယ်တွေမှာ ဖြစ်နေတာတွေ ရှိတယ်။ တပ်မတော်ကလည်း တတ်နိုင်သမျှ လက်နက်နဲ့ ငြိမ်းချမ်းရေး လုပ်ထားတာ ရှိတယ်။ တချို့ နေရာတွေမှာ အေးအေး ဆေးဆေးလေး ရှိနေသလို၊ တချို့နေရာမှာတော့ ထိုက်သင့်သလို မကျေနပ်တဲ့ သူတွေက လက်နက်ကိုင် သောင်းကျန်းနေတဲ့ အခြေအနေတွေ ရှိနေတယ်။ ဒီလိုဟာတွေ အခြေခံပြီးတော့ လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်လာတယ် ဆိုတာမျိုးကို ကျနော်တို့ ဆိုလိုတာပါ။

မေး။ ။ လမ်းပေါ်ဆန္ဒပြတာတွေ ထပ်မံဖြစ်ပေါ်လာမဲ့ အခြေအနေတွေ ဖြစ်လာနိုင်တယ် ဆိုတဲ့ အပေါ်မှာ ဘယ်သူတွေ လုပ်လာနိုင်သလဲ။

ဖြေ။ ။ ဒီဟာနဲ့ ပတ်သက်လို့။ မီဒီယာတွေမှာကော ပြောနေကြတာတွေ ရှိတယ်။ ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံနိုင်တဲ့ အင်အားစုတွေပေါ့။ လက်မခံနိုင်တော့ မဖြစ်အောင် လုပ်မှာပေါ့။ အဲဒီ အင်အားစုတွေက မဖြစ်အောင် နည်းမျိုးစုံ သုံးလာနိုင်တယ်။ ဘယ်သူရယ် ဘယ်ဝါရယ်လို့ ကျနော်တို့ မဆိုလိုပါဘူး။ ဒီဟာကို လက်မခံနိုင်တဲ့ ပြည်တွင်း၊ ပြည်ပ အင်အားစုတွေကို ဆိုလိုတာပါ။

NLD အနေနဲ့က ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံ သေးဘူးပေါ့လေ။ လုံးဝ လက်မခံဘူးလို့ ပြောတာတော့ မဟုတ်ဘူးလေ။ Not Yet လို့ပြောတာပါ။ လက်မခံနိုင် သေးဘူးလို့ ပြောတာပါ။

မေး။ ။ NLD အဖွဲ့ဝင် ကျောင်းသား၊ လူငယ် တော်တော်များများက ထောင်ထဲ ရောက်ကုန်ပြီ ဆိုတော့ တခြား ဘယ်အဖွဲ့တွေက ဒီလို လမ်းပေါ် ဆန္ဒပြတာတွေ လုပ်နိုင်သေးလဲ။

ဖြေ။ ။ အဲဒီဟာကတော့ ကျနော်တို့ ပြောဖို့ အခက်အခဲ ရှိပါတယ်။

မေး။ ။ ၂၀၁၀-ခုနှစ် ရွေးကောက်ပွဲအတွက် NLD အဖွဲ့ရဲ့ အခန်းဂဏ္ဍကိုရော ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ ကျနော်တို့ကတော့ သူ့ကို NLD ကို ရွေးကောက်ပွဲဝင်ဖို့ ဆန္ဒရှိပါတယ်။ လိုလားပါတယ်။ သူတို့လည်း ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ပြည်သူရဲ့ ထောက်ခံမှု ရထားတာပဲဟာ။ ခုလည်းပဲ ဒီမှာ ပါဝင်ပြီးတော့ ယှဉ်ပြိုင်သင့် ပါတယ်။

မေး။ ။ အခြေအနေတွေ ပြောင်းလဲလာတဲ့ အပေါ်မှာ NLD ရဲ့ လူထုအပေါ် လွှမ်းမိုးမှု ပြောင်းလဲ သွားပြီလို့ ဆိုနိုင်သလား။

ဖြေ။ ။ သူ့အနေနဲ့ကတော့ ဘာပဲပြောပြော သူ့ကိုလက်ခံတဲ့ ပရိတ်သတ် ရှိသင့်သလောက် ရှိနေမှာပါပဲခင်ဗျ။ သူလည်း မြန်မာပြည် တပြည်လုံး နီးပါးလောက် ကိုယ်စားပြုပြီးတော့ ဖွဲ့စည်းထားတဲ့ ပါတီပဲခင်ဗျ။ ကျနော်တို့ လိုပဲ ခုနက ရန်ကုန်တင် မဟုတ်ဘဲ၊ ပြည်နယ်တိုင်းတွေရဲ့ မြို့နယ်တွေမှာလည်း ခွဲဖွင့်ထားတဲ့ ပါတီဆိုတော့ ထိုက်သင့်တဲ့ အားလျှော်စွာ ရှိမှာပါ။

မေး။ ။ NLD ကိုရော ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲဝင်ဖို့ တိုက်ရိုက်တွေ့ဆုံ အကြံပေးဖူးတာ ရှိပါသလား။

ဖြေ။ ။ မျက်နှာချင်းဆိုင် ပြောတာတော့ မရှိခဲ့ပါဘူး။ ဒါပေမဲ့ ကျနော်တို့ ပါတီထုတ်တဲ့ စာစောင်တွေ၊ ဒီနေ့လိုမျိုးလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲတွေမှာ NLD အနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲ ၀င်သင့်တယ်။ ပြီးတော့ လွန်ခဲ့တဲ့ အမျိုးသား ညီလာခံမှာလဲ NLD အနေနဲ့ ပါဝင်သင့်တယ်။ တက်သင့်တယ်လို့ ပြောခဲ့ပါတယ်။ ထို့အတူပဲ NLD အနေနဲ့ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကို ပါတီတခု အနေနဲ့ ယှဉ်ပြိုင်သင့်တယ်။ ပါဝင် သင့်တယ်လို့ ကျနော်တို့ ပြောတယ်။

မေး။ ။ ၂၀၁၀-ခုနှစ်အတွက် ဘယ်ပါတီဟာ leading role ပါတီ ဖြစ်လာမယ်လို့ မြင်ပါသလဲ။

ဖြေ။ ။ လောလောဆယ်တော့ တရားဝင်ခွင့်ပြုထားတာ ၁၀ ပါတီပဲ ရှိတာကိုး။ NLD အပါအ၀င်၊ ကျနော်တို့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ၊ ရှမ်းတိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့တို့၊ ပအို့ဝ်၊ ကိုးကန့်၊ ပြည်ထောင်စု ကရင်တို့၊ '၀' အမျိုးသား တိုးတက်ရေး၊ စတဲ့ ကျနော် မှတ်မိ သလောက်ပါ။ ပါတီပေါင်း ၂၅၃ ကနေ ခုထက်ထိ ဖျက်သိမ်းတဲ့အထဲ မပါဘဲ တရားဝင် ရှိနေတဲ့အဖွဲ့ ၁၀ ခုပေါ့။ တချို့ကျတော့လဲ ရွေးကောက်ပွဲ ဥပဒေ စောင့်နေကျတဲ့ အဖွဲ့တွေလည်း ရှိနေတယ်။ ဥပဒေ ပေါ်လာပြီးမှဘဲ၊ ပါတီတွေ ပေါ်လာပြီးမှဘဲ ကျနော်တို့ ပြောလို့ရမယ်။

မှတ်ပုံတင် ဥပဒေ ထွက်လာရင် ထပ်ပြီး မှတ်ပုံတင်မဲ့ ပါတီတွေလည်း ရှိမှာပါ။ ဘယ်ပါတီကတော့ အဓိက ယှဉ်ပြိုင်ပါတီ ဖြစ်လာမယ်ဆိုတာ ပြောဖို့ စောနေပါသေးတယ်။

မေး။ ။ ၂၀၁၀-ခုနှစ် ရွေးကောက်ပွဲ ၀င်မဲ့ ပါတီအရေအတွက်က ၁၉၉၀ ခုနှစ်ကထက် များလာနိုင်သလား၊ နည်းသွားနိုင်သလား။

ဖြေ။ ။ ၉၀-ခုနှစ်ထက်တော့ နည်းလိမ့်မယ်လို့ ကျနော်ထင်တယ်။ မှတ်ပုံတင် ဥပဒေ ထွက်လာရင် ဥပဒေထဲမှာ ပါလာမှာပဲ။ နိုင်ငံရေးပါတီ တခုဆိုရင် ဘယ်လို အင်္ဂါရပ်တွေ ပါရမယ်ဆိုတာ စသည်ဖြင့် ရှိလာမှာပါ။ ဒါကြောင့် ဥပဒေ မထွက်လာသေးတော့ ကျနော်တို့လည်း ဘာမှ အသေးစိတ် မသိရသေးပါဘူး။

Ref: မဇ္စျိမ

0 comments:

အပေါ်သို့