..............................

Tuesday, February 10, 2009

အလုပ်သမားနဲ့ နိုင်ငံရေး

၉ ဖေဖော်ဝါရီ ၂၀၀၉

ကျနော်တို့တတွေ ကျောင်းသားဘ၀က ဖတ်ရှုခဲ့ဖူးတဲ့ စာအုပ် တအုပ်ထဲမှာ “အလုပ်သမားဆိုတာ အရင်းရှင် စနစ်ရဲ့ ၀မ်းကြောတိုက်ကို ဖောက်ထွက် မွေဖွားလာသူများဖြစ်သည်” တဲ့ ။ အရင်းရှင် စီးပွားရေး စနစ်ကို ရှင်းပြသူ မြန်မာနိုင်ငံရေး ဘောဂဗေဒ ပညာရှင်များကလည်း “မြွေပွေးများဟာ သားပေါက်ရင် မိခင်ရဲ့ ၀မ်းဗိုက်ကို ဖောက်ခွဲ မွေးဖွားလာကြသလို အလုပ်သမားတွေဟာ အရင်းရှင်စနစ် မိခင်ရဲ့ ၀မ်းကြောတိုက်ကို ဖောက်ထွက် လာကြသည်” လို့လည်း ဥပမာပေးပြီး ရှင်းပြခဲ့ကြပါတယ်။ တကယ်တော့ အရင်းရှင်နဲ့ အလုပ်သမားတို့ဟာ စနစ်တခုတည်းမှာ အမြွှာ မွေးလာကြတာပါပဲ။ တဦးနဲ့တဦး မှီခိုနေရတဲ့ “မရှိမဖြစ်ရန်သူ” များလည်း ဖြစ်ကြပါ တယ်။

အရင်းရှင်က ငွေရင်းစိုက်ထုတ်တယ်။ အလုပ်သမားက လုပ်အား စိုက်ထုတ်တယ်။ တကယ်တော့ အလုပ် သမားကလည်း အရင်းအနှီး စိုက်ထုတ် ရတာပါပဲ။ သူရင်းနှီးရတာက “လုပ်အား”နဲ့ “အချိန်” ဖြစ်ပါတယ်။ ဒီ အတွက် အမြတ်အခွန်ကို ခွဲဝေရာမှာ အရင်းရှင်က သူစိုက်ထုတ်ရတာကိုပဲ မြင်ပြီး သူကပဲ ကျေးဇူးရှင်လို့ မှတ်ယူတာမို့ အလုပ်သမားကို လုပ်ခ ဝေစုနည်းနည်းပဲ ပေးပါတယ်။ အမြတ်ကို ရနိုင်သမျှရအောင် လက်.. နှိုက် ယူပါတယ်။ အချိန် တနေ့ (၈) နာရီခိုင်းရမယ်ဆိုရင် (၁၀) နာရီခိုင်းပါတယ်။ (၄) ရက်ကြာရင် (၄x၂) နာရီ၊ တနည်းပြောရင် (၈) နာရီ အမြတ် ထွက်သွားပါတယ်။ အလုပ်သမား တယောက်အတွက် လုပ်ခကို ခေါင်းပုံ ဖြတ်လိုက်တာပါပဲ။ ဒါက အချိန်အပေါ်က ခေါင်းပုံဖြတ်တာပါ။ လုပ်အားအပေါ်ကလည်း ခေါင်းပုံဖြတ် ပါသေးတယ်။ တနာရီ (၈) ကျပ်ပေးရမှာကို (၄) ကျပ်ပဲပေးတယ်။ (၂) ရက်လုပ်ရင် (၄x၂) ကျပ်၊ တနည်း ပြောရင် (၈) ကျပ်ဆိုတဲ့ အလုပ်သမားတဦးရဲ့ လုပ်ခကို ခေါင်းပုံဖြတ်ယူလိုက်တာပါပဲ။ အလုပ်ရုံက ကုန်ချော ပစ္စည်းကို ရောင်းချတဲ့အခါ လုပ်အားခကိုပါ အရင်းအနှီး အဖြစ် ထည့်ပြီး အမြတ် တွက်ယူပါတယ်။ ကုန်ကြမ်းက ကုန်ချောဖြစ်သွားလို့ တန်ဖိုး တက်လာတဲ့အတွက် ဈေးမြှင့် ယူပြန်ပါသေးတယ်။ ဒါဟာ အလုပ်သမား ကြောင့်လည်း ရတာ ဖြစ်ပေမယ့် အလုပ်ရှင်ကချည်း အမြတ်ယူ လိုက်ပါတယ်။

အရင်းရှင်တွေဟာ တနေ့တခြား ချမ်းသာလာပေမယ့် အလုပ်သမားတွေက တနေ့တခြား ချွတ်ခြုံကျ လာခဲ့ပါတယ်။ ဒါကြောင့် လုပ်အားခ ပိုတောင်းပါတယ်။ မပေးရင် သပိတ်မှောက် ဆန္ဒပြပါတယ်။ ဒီလိုနဲ့ အလုပ်ရှင်နဲ့ အလုပ်သမားတို့ဟာ ကမ္ဘာရန်ဖြစ်ပြီး တခြိမ်းခြိမ်းနဲ့ ဖြစ်ကြရတဲ့ ပဋိပက္ခတွေဟာ မဆုံးနိုင် တော့ပါဘူး။ ဒါက ဘ၀ကပေးတဲ့ နိုင်ငံရေးပါ။

ကျနော်တို့ နိုင်ငံက လယ်ယာနိုင်ငံပါ။ လယ်ယာကလည်း စက်မှုလယ်ယာ စနစ် မဟုတ်သေးပါဘူး။ ရှိသမျှ စက်ရုံတွေ ဆိုတာကလည်း စက်မှု နိုင်ငံကြီးတွေက ၀ယ်ယူသုံးစွဲရတဲ့ စက်ရုံ အငယ်စားတွေပါပဲ။ ဒါပေမယ့် စက်ရုံ မရှိတဲ့ ကုန်တင်ကုန်ချ ဆိပ်ကမ်း လုပ်သားများလည်း ဗမာပြည်မှာ အင်းအား ကောင်းလှပါတယ်။ ၀န်ချီ စက်တွေ လုံလောက်အောင် မသုံးနိုင်သေးလို့ပါ။ ရေနံမြေ အလုပ်သမား၊ မီးရထား စက်ရုံ အလုပ်သမားတွေနဲ့ သင်္ဘောကျင်း အလုပ်သမားတွေလည်း နာမည်ကြီးတဲ့ အလုပ်သမား ထုတွေပါ။ ဒီစက်ရုံတွေဟာ ဒီနေ့ခေတ်မှာ အစိုးရ၀န်ထမ်း အလုပ်သမားတွေ ဖြစ်နေကြပါတယ်။ စက်ရုံ အလုပ်ရုံတွေက အစိုးရပိုင် ဖြစ်နေကြလို့ပါ။

စစ်အစိုးရဟာ ပုဂ္ဂလိက အရင်းရှင်ထက် ဆိုးဝါးပါတယ်။ အစိုးရ ကိုယ်တိုင်က ခေါင်းပုံဖြတ်တာကို လုပ်နေတော့ အလုပ်သမားတွေ ဆန္ဒပြရင် အစိုးရအာဏာနဲ့ နှိမ်နင်းလေ့ ရှိပါတယ်။ အလုပ်သမား တွေကိုလည်း သူတို့ ရဲ့ အာဏာကို လုယူမယ့် သူပုန်တွေလို့ သဘောထားပြီး စစ်တပ်ကပါ ၀င်ရောက် နှိမ်နင်းလေ့ ရှိပါတယ်။ သေနတ်နဲ့ ပစ်ခတ်တာဟာလည်း ခြိမ်းခြောက်ရုံ မဟုတ်ပဲ ဗိုလ်နေ၀င်း ပြုခဲ့သလို စစ်တပ်ဆိုတာ မိုးပေါ်ထောင် မပစ်ပါဘူး။ ထိအောင် မှန်အောင်ပဲ ပစ်ကြပါတယ်။

ဒီအစိုးရက အလုပ်သမားတွေကို အကြမ်းဖက်နှိမ်နင်းလေ့ ရှိတာဟာ အစိုးရက အလုပ်သမားကို ကြောက်ရွံ့ လို့ပါပဲ။ မတရားတာကို လုပ်တဲ့ လူတွေက ကြောက်တတ်ပါတယ်။ သူတို့ကိုယ်တိုင် သူတို့ဟာ မတရားတာ တွေကို လုပ်နေတယ်ဆိုတာ သိနေလို့ပိုပြီး ကြောက်တတ်တာပါ။ အလုပ်သမားတွေမှာ နိုင်ငံရေးအသိတိုးမှာ အလွန်ကြောက်ပါတယ်။

သဘာဝအရ စစ်သားဆိုတာ လူသတ်ဖို့လေ့ကျင့်ထားရတဲ့ ဟာတွေ။ အလုပ်သမား ဆိုတာ ကုန်ထုတ်လုပ်ဖို့ လေ့ကျင့်ထား သူတွေ။ ဘာပဲဖြစ်ဖြစ် အလုပ်ဝင်ဖို့ရာ အတွက် ပညာအခြေခံ ရှိဖို့နဲ့ သင်တန်းတက်ဖို့ လိုတာ ချည်းပဲ။ ခေတ်သစ် စစ်သားဟာ ခေတ်မီလက်နက်တွေ အသုံးပြုဖို့ ပညာအခြေခံ လိုအပ်သလို ခေတ်သစ် အလုပ်သမား (စက်ရုံလုပ်သား) တွေကလည်း စက်တွေ မောင်းနှင်ဖို့ ပညာအခြေခံ လိုတယ်။ ဒါတွေဟာ ခေတ်သစ် စက်မှုခေတ် ဖြစ်လာလို့ပါ။

ရှေးခေတ်ကတော့ စစ်သားဟာ မြင်းစီးခြင်း၊ ဓားခုတ် လှံထိုးခြင်းတို့ကို လေ့ကျင့် သင်ယူရတယ်။ ရှေးခေတ် အလုပ် သမားကတော့ ကာယလုပ်အား အသုံးပြုဖို့ သင်ယူရပါတယ်။ ခုခေတ်လောက် စာတွေပေတွေ တတ်ဖို့ မလိုပါဘူး။

ရှေးက ခေါမ၊ ဥရောပ စတဲ့ နေရာတွေမှာ ကျွန်လုပ်သားတွေ ရှိခဲ့တယ်။ အမေရိကားမှာ လူမဲတွေကို ကျွန် အဖြစ် ရောင်းဝယ်တာတွေ၊ ၀ါခင်း၊ ဆေးခင်းတွေမှာ အစုလိုက် ခိုင်းစေတာတွေ ရှိခဲ့ပါတယ်။ ဗမာပြည်မှာ ကတော့ အိမ်ကျွန်၊ ကျောင်းကျွန် လောက်ပဲ ရှိခဲ့ပါပြီး “ရှေ့ဂန္ထ၀င် ကျွန်စနစ်” မျိုး ရှိခဲ့ပုံ မရပါဘူး။ လယ်ကျွန် ယာကျွန် ဆိုတာမျိုးကလည်း လယ်ကွက်ယာကွက် အကျယ်ကြီးတွေ စိုက်ခဲ့ကြတာ မဟုတ်လို့ ကျွန်တွေ အများကြီးနဲ့ မစိုက်ပျိုး ခဲ့ရပါဘူး။ ကျောက်စာတွေထဲမှာ ကျွန်တွေ စာရင်းနဲ့ ပါရှိပေမယ့် မများလှပါဘူး။ ကျွန်ဆို တာ အလုပ်သမားကိုပဲ ပြောတာပါ။ (ကျနော်တို့ ဘုရင်တွေကလည်း အသောကတို့၊ ရှိဟွန်တိတို့ လောက် မကြီးကျယ် ခဲ့ပါဘူး။)

ဗမာပြည်မှာ ကိုလိုနီခေတ်ကျမှ ရေနံမြေအလုပ်သမား ဆိပ်ကမ်း ကုန်တင်ကုန်ချ အလုပ်သမား၊ ဆန်စက် ဆီစက် အလုပ်သမား စသဖြင့် ပေါ်လာခဲ့ရာမှ ရေနံချက်စက်ရုံ အလုပ်သမားတွေ ကတော့ ပညာအခြေခံ မြင့်ဖို့ လိုပါတယ်။ ဒါကြောင့်လဲ သန်လျင် ရေနံချက် စက်ရုံဘက်က သခင်စိုး၊ ဗိုလ်ရန်အောင်၊ သခင်ဘမောင် တို့လို နိုင်ငံရေးသမားတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

အလုပ်သမားဆိုတာ ရူပဗေဒ၊ ဓာတုဗေဒ စတဲ့ သိပ္ပံပညာ အခြေခံ ရှိရပါတယ်။ လုပ်ငန်းခွင်မှာ အစုလိုက် တနေရာတည်း လုပ်ကြရပြီး တယောက်နဲ့ တယောက် ခွေးသွားဘီးတွေ ချိတ်ဆက်သလို၊ အချိန်ကိုက် ဆက်စပ် လုပ်ဆောင် နေကြရပါတယ်။ အလုပ်သမားတွေ ကိုယ်တိုင် စက်ရဲ့ အစိတ်အပိုင်းတွေ ဖြစ်နေ ကြပါတယ်။ အလုပ်သမားတွေဟာ ယန္တရား သဘောအရ လူချင်းလည်း ချိတ်ဆက် ကျွမ်းဝင် နေကြရပါတယ်။ လယ်သမားတွေနဲ့ မတူတာက အဲဒါပါပဲ။ တစုတဝေးတည်း အစုလိုက် ဆက်စပ်ရင်းနှီး ကျွမ်းဝင်နေကြလို့ အရင်းရှင်တွေ က ကြောက်နေရပါတယ်။ အလုပ်သမားတွေ ဆန္ဒပြရင် အစုလိုက် ဖြစ်လို့ စက်ရုံ လည်ပတ်မှု ရပ်ဆိုင်းသွားရပြီး ကုန်ထုတ်လုပ်မှုလည်း တပါတည်း ရပ်ဆိုင်း သွားပါလိမ့်မယ်။ အလုပ်သမားတွေက သမဂ္ဂဆိုပြီး ဖွဲ့စည်းထူထောင် လိုက်ကြတဲ့အခါ ပိုပြီး ကြောက်စရာ ကောင်းလောက်အောင် အင်အားကြီးမား လာခဲ့ပါတယ်။

အလုပ်ရှင်က အလုပ်သမားတွေရဲ့ ကျေးဇူးရှင် အလုပ်သမားတွေဟာ အလုပ်ရှင်တွေရဲ့ ကျေးဇူးကျွန်လို့ ရှေး အစဉ်အလာ မှတ်ယူ စွဲလမ်းလာခဲ့တာ ရှိပါတယ်။ အလုပ်သမား တချို့ကလည်း အလုပ်ရှင်ကို ကျေးဇူးရှင်လို့ ထင်ယောင်ထင်မှား ဖြစ်နေကြတာမျိုး မြန်မာလူမျိုးတွေမှာ ရှိနေပါတယ်။ ကျေးဇူးရှင်ကို ကျေးမစွပ်ကောင်း ဘူးလို့ စွဲမှတ် နေကြပါတယ်။ ဒါဟာ မဟုတ်ဘူး။ အပြန်အလှန် အရောင်းအ၀ယ် သဘောပါပဲ။ “ဆီပေးလို့ ဆန်ရ” ဆိုတဲ့ သဘောတရားပါပဲ။ ဗမာအစိုးရ ကိုယ်တိုင်က ၀န်ထမ်းတွေကို သူတို့က ကျေးဇူးပြုထားတာ၊ သူတို့က လခပေးထားတာ၊ သူတို့ကို ကျေးဇူးတင်ရမှာလို့ ထင်မှတ်နေကြသလို ၀န်ထမ်းတွေကို သူတို့ရဲ့ ကျေးဇူး ကျွန်တွေလို ဆက်ဆံလေ့ ရှိပါတယ်။ ဒီအစွဲတွေ ဖျောက်ရပါမယ်။ ဒါဟာ နိုင်ငံရေးရဲ့ အခြေခံသဘော တရား တခုပါပဲ။

အလုပ်သမားဟာ အလုပ်ရှင်ရဲ့ ကျေးဇူးရှင်၊ အစိုးရရဲ့ ကျေးဇူးရှင် လို့လည်း မှတ်ယူပြီး အပြန်အလှန် ငြိမ်းချမ်း မျှတအောင် ဆက်ဆံနိုင်ရေးကို ရှေးရှုရမှာပဲ ဖြစ်ပါတယ်။ အလုပ်ရှင်ဟာ လောဘသမား ဖြစ်လို့ အလျှော့ပေးရိုး မရှိပါဘူး။ အသာတကြည် ပြောလို့လည်း မရပါဘူး။ သူ့ဘက်က အုပ်ချုပ်ရေး ယန္တရားပိုင်း ဖြစ်တဲ့ အစိုးရကလည်း ဘက်လိုက်လေ့ ရှိတော့ ပိုပြီး ကမ်းတက်ပါတယ်။ စစ်အစိုးရ ကိုယ်တိုင် အလုပ်ရှင်ဖြစ်ရင်တော့ ပိုပြီးတော့ ဆိုးသည်ထက် ဆိုးပါမယ်။ စစ်အစိုးရ ဆိုရင်တော့ ဥပဒေမရှိဘဲ၊ သေနတ်ရှိနေလို့ ကမ်းကုန်အောင် မိုက်ရိုင်းပါလိမ့်မယ်။ ဘာသာရေးနဲ့ ငရဲကြီးမယ် ဆိုတာလည်း မရှိလို့ ဘုန်းကြီးတွေကိုတောင် သတ်ရဲသူတွေ ဖြစ်နေပြီဆိုရင် အလုပ်သမားကိုလည်း ညှာမှာမဟုတ်ပါဘူး၊ အလုပ်သမားကလည်း ပြန်မညှာဖို့ပဲ လိုပါတယ်။

ကမ္ဘာ့သမိုင်းအစဉ်အလာအရ အလုပ်သမားတွေဟာ သဘာဝအရ တစုတည်း ရှိရုံသာ မက စနစ်တကျ ဖွဲ့စည်း ထားကြတဲ့ “အလုပ်သမားသမဂ္ဂ” ဆိုတာတွေလည်း ရှိခဲ့လို့ ခုခေတ်မှာ အလုပ်ချိန် သတ်မှတ်မှု၊ အချိန်ပို လုပ်အားခ၊ လူမှုဖူလုံရေး စတာတွေ ရှိလာခဲ့ပါတယ်။ စစ်အစိုးရ လက်ထက်မှာ မဆလ လက်ထက်ကလို ဟန်ဆောင် ပန်ဆောင် အစည်းအရုံး လေးတောင် မရှိတော့ပါဘူး၊ ခွင့်လဲ မပေးတော့ဘူး ဆိုတော့ လျှို့ဝှက် ဖွဲ့စည်း ထားရမှာပါ။ ကျစ်လျစ်သိပ်သည်းစွာ လုပ်ဆောင်ရမှာပါ။ လောက်ကောင် ကြံ့ဖွံ့တွေကိုလည်း သတိ ထားရမှာပါ။

ခေတ်သစ်ဆိုရိုးရှိပါတယ်။ “အလုပ်သမားတွေမှာ နှောင်ကြိုးက လွဲပြီး ဘာမှ ဆုံးရှုံးစရာ မရှိ” ဆိုတာပါပဲ။ အလုပ်သမားရဲ့ ဘ၀အသိ၊ နိုင်ငံရေးအသိ မရှိရင်တော့ အလုပ်ကျွန် ဘ၀က တက်မှာ မဟုတ်ပါဘူး။

မောင်စွမ်းရည်

Ref: ခေတ်ပြိုင်
...

0 comments:

အပေါ်သို့