..............................

Thursday, February 12, 2009

ရေနံမှော်နှင့်ဆက်စပ်လုပ်ငန်းများ အခက်တွေ့

မင်းနိုင်သူ/ ၁၁ ဖေဖော်ဝါရီ ၂၀၀၉

အာဏာပိုင်များနှင့်ပတ်သက်သော ကုမ္ပဏီများမှ ဈေးနှိမ်ဝယ်ယူခြင်း၊ ရေနံဈေး အလွန်အမင်း ကျဆင်းနေခြင်း တို့ကြောင့် မကွေးတိုင်း အတွင်းရှိ ရေနံမှော်များနှင့် ဆက်စပ် လုပ်ကိုင်နေသူများ အခက်တွေ့ နေကြရကြောင်း လုပ်ငန်းရှင်များက ပြောသည်။

မကွေးတိုင်းအတွင်းရှိ ရေနံမှော်များမှ တွင်းပိုင်ရှင်များအနေဖြင့် အာဏာပိုင်များနှင့် ပတ်သက်သော ကုမ္ပဏီများ၏ ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်းကို မခံနိုင်ကြတော့သဖြင့် ယခုရက်ပိုင်းအတွင်း တွင်းနှုတ်နေကြပြီဖြစ်ကြောင်း တွင်းပိုင်အချို့က ပြောသည်။

ငါးရှန်တောင်၊ ဆူးဝင်း၊ ၀တောင်၊ နှောပင် စသည့် ရေနံမှော်များမှ တွင်းပိုင်များ လုပ်ငန်းများ ရပ်ဆိုင်းနေကြပြီး မှော်ကို အမှီပြု ရောင်းချနေသော ဈေးဆိုင်များလည်း ပိတ်နေကြပြီ ဖြစ်ကြောင်း သိရသည်။

“မှော်မှာ လူသိပ်မရှိတော့ပါဘူး။ အတော်များများက တွင်းနှုတ်ကုန်ကြပြီလေ။ ဒေသခံတွေ လောက်ပဲ ဆက်လုပ်နေကြတယ်။ တခြားဒေသက လာလုပ်တဲ့သူတွေက ဒေသခံတွေဆီ တွင်းပြန်ရောင်းထား ခဲ့ကြတာပေါ့။ ဒေသခံတွေကတော့ လုပ်မယ်ဆိုရင် လုပ်နိုင် သေးတယ်လေ။ ရပ်ဝေးက လာလုပ်တဲ့သူတွေ အဖို့ကတော့ မကိုက်တော့ဘူး” ဟု တွင်းပိုင်တဦးက ပြောသည်။

တရက်လျှင် တပေပါ ထွက်သော တွင်းတတွင်းကို ယခင်က (၁၀) သိန်းနှုန်းဖြင့် အရောင်းအ၀ယ် ပြုခဲ့ကြသော်လည်း ယခုအခါ ရောင်းချလိုသူ များပြားလာခြင်း၊ ၀ယ်ယူနိုင်သော ဒေသခံ နည်းပါးနေခြင်း တို့ကြောင့် တတွင်းလျှင် (၅) သိန်းသာရတော့သည်ဟု တွင်းပိုင်က ဆိုသည်။

ယခင်က ဒေသခံလူနည်းစုသာ လုပ်ကိုင်နေသော ရေနံတူးလုပ်ငန်းတွင် ၂၀၀၅ ခုနှစ် နောက်ပိုင်းမှစ၍ အခြားဒေသများမှ စီးပွားရေးလုပ်ငန်းရှင်များ ၀င်ရောက်ရင်းနှီးလုပ်ကိုင်လာကြပြီး အကျိုးအမြတ်ပမာဏ ကြီးမှန်းသိသောအခါ အာဏာပိုင်များနှင့် ပတ်သက်သော ကုမ္ပဏီများက တွင်းတူးမှုမပြုဘဲ တွင်းပိုင်များ ရရှိထားသော ရေနံများကိုသာ ဈေးနှုန်းထိန်းချုပ်ဝယ်ယူခဲ့ကြသည်။

ယင်းကဲ့သို့ ၀ယ်ယူခြင်းကြောင့် ဒေသခံများနှင့် တွင်းပိုင်များက မခံနိုင်ကြတော့ရာမှ ဇန်န၀ါရီ (၈) ရက်တွင် နှောပင်ရေနံမှော်၌ ကောင်းဇော်ဟိန်း ကုမ္ပဏီ မီးရှို့ဆန္ဒပြ ခံရသည်။ နယ်မြေခံ တပ်တခုက ဒေသခံလူထုကို ပစ်ခတ်နှိမ်နင်းခဲ့ပြီး ရေနံပွဲစား (၂၀) ယောက်ထက် မနည်းကို ဖမ်းဆီးထားဆဲဖြစ်သည်။

“အခုမလွတ်တဲ့အပြင် ပခုက္ကူထောင်ကို ပို့လိုက်ပြီ။ ပြီးခဲ့တဲ့အပတ်က ပို့တာ။ စောစောက မြိုင်ရဲစခန်းမှာပဲ ချုပ်ထားတာလေ။ ရမန်ကြီး တပတ်ထပ်ယူပြီး နေပြည်တော်က ဆင်းစစ်မယ်လို့ ကြားတယ်။ ပခုက္ကူ ဘုန်းကြီးကျောင်း တကျောင်းမှာ သူတို့ကို တွေ့ဖို့ သွားစောင့်နေတဲ့ မိသားစုတွေကိုလည်း တွေ့ခွင့် မပေးဘူး။ နောက်ထပ်လည်း လူ (၁၇) ယောက် ထပ်ဖမ်းဖို့ ရှိတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေတယ်” ဟု နှောပင်တွင်းပိုင်က ပြောသည်။

ရေနံမှော်များမှ ထွက်ရှိလာသော ရေနံစိမ်းများကို ချက်လုပ်ရောင်းချ ပေးနေရသော ကျောက္ကာရွာမှ ရေနံချက် ဖိုများသည်လည်း ရေနံဈေးနှုန်း ကျဆင်းနေခြင်းကြောင့် ချက်လုပ်နှုန်း ကျဆင်းနေကြောင်း သိရသည်။

“ပန့်ဆီဈေးကျနေတော့ ချက်ဆီလည်း ကျတာပေါ့။ အခုတော့ အော်ဒါမှာမှပဲ ချက်ကြတော့တာ။ အရင်လို ၀ယ်ချက်ရောင်း မရှိတော့ဘူး။ ကုန်ကြမ်းစိမ်းဈေးက တပေပါ (၈) သောင်းလောက်နဲ့ ၀ယ်ရပြီး ချက်ပြီး မန္တလေးအရောက် ပို့ဈေးက (၉) သောင်းပဲရတော့ မကိုက်ကြတော့ဘူး။ အလုပ်မပြတ်ရုံသာ မှေးလုပ်နေကြ ရတာ။ ဒါကလည်း ဓာတ်ဆီဈေးလေးက ဖူးနေလို့ လှုပ်သာ လှဲ့သာ ရှိနေတာ။ ဓာတ်ဆီဈေးက ပိုနေတော့ ဓာတ်ဆီပဲ ချက်နေကြတာ များတယ်။ ဒီဇယ်ဆီဈေးကလည်း ကျနေတော့ ချက်ဆီကို ရောလို့ မရတဲ့အတွက် ကြောင့်လည်း ပါတယ်” ဟု ချက်ဖိုပိုင်ရှင် တဦးကပြောသည်။

၂၀၀၈ စက်တင်ဘာလအထိ ဓာတ်ဆီ၊ ဒီဇယ်ဆီ တပေပါ ကျပ်နှစ်သိန်းကျော်ရှိနေရာမှ တဖြည်းဖြည်း ကျဆင်းလာရာ ယခုအခါ ငါးဆယ် ရာခိုင်နှုန်းခန့် ကျဆင်းသွားပြီး တပေပါ ကျပ်တသိန်းကျော်သာရှိတော့သည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့