..............................

Wednesday, September 23, 2009

စစ်အစိုးရနှင့် SSA-S အပစ်ရပ်မလား

သန်းထိုက်ဦး
Tuesday, 22 September 2009 17:58

ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA -S) ကို အပစ်ခတ် ရပ်စဲရန် မြန်မာ စစ်အစိုးရက ထိုင်းနိုင်ငံ အာဏာပိုင်များမှ တဆင့် ကမ်းလှမ်း ထားကြောင်း သိရှိရသည်။

အဆိုပါ SSA -S တပ်ဖွဲ့ကို မြန်မာစစ်အစိုးရက အပစ်ခတ် ရပ်စဲရေး ကမ်းလှမ်းချက်နှင့် ပတ်သက်ပြီး ယမန်နေ့က ရှမ်းသံတော်ဆင့် သတင်းစဉ် အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

သို့သော် ထိုင်းအာဏာပိုင်များက SSA -S မှ တာဝန်ရှိသူများထံ အပစ်ခတ် ရပ်စဲရေး အတွက် အကြောင်းကြားခြင်း မရှိသေးကြောင်း သိရသည်။

SSA -S တပ်ဖွဲ့ အနေနှင့်မူ အပစ်ခတ်ရပ်စဲရေးကို အမြဲတမ်း တံခါး ဖွင့်ထားသည် ဟု SSA -S မှ ပြောခွင့်ရ ပုဂ္ဂိုလ် စိုင်းဆိုင်မိဏ်းက ဧရာဝတီသို့ ပြောသည်။

“ကျနော်တို့ဘက်ကတော့ ဆွေးနွေးရေး အတွက် အမြဲတမ်း တံခါး ဖွင့်ထားတယ်၊ နိုင်ငံရေးကို ဖြေရှင်းဖို့ အမြဲတမ်း ကြိုဆိုပါတယ်”ဟု စိုင်းဆိုင်မိဏ်းက ဆိုသည်။

မြန်မာ စစ်အစိုးရ၏ ကမ်းလှမ်းချက်ကို မသိရှိရသေးသော်လည်း SSA -S ၏ မူအရ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမည် ဆိုပါက ကျန်လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များ ပါဝင်ပြီး နိုင်ငံရေး ပြဿနာများကို အမြန်ဆုံး ဆွေးနွေး ညှိနှိုင်းရန် စသည့် အချက်များ ပါဝင်ကြောင်း သိရသည်။

ရှမ်းသံတော်ဆင့် သတင်းအယ်ဒီတာ ဦးစိန်ကြည်ကမူ အပစ်ခတ် ရပ်စဲထားသော တပ်ဖွဲ့များ ကို နယ်ခြားစောင့်တပ် အဖြစ် အသွင် ကူးပြောင်းရေး အတွက် စစ်အစိုးရက ဖိအား ပေးလာနိုင်ကြောင်း၊ ထိုသို့ ပြုလုပ်ပါက တခြား တပ်ဖွဲ့များထံ ပြန်လည် ပူးပေါင်းမည်ကို စိုးရိမ်သည့် အတွက် ယခုကဲ့သို့ SSA -S တောင်ပိုင်းကို ကမ်းလှမ်းခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်သည်။

“အပစ်ရပ်အဖွဲ့တွေကို မြန်မာစစ်အစိုးရက ဖိအားပေးမယ်၊ လာမယ့် အောက်တိုဘာလ ထဲမှာ သတ်မှတ် ပေးထားတယ်၊ နယ်ခြားစောင့်တပ် လုပ်မလား၊ မလုပ်ဘူးလား၊ အဲဒီနောက်ပိုင်း မြန်မာ စစ်အစိုးရက ဖိအားပေးမယ်၊ စစ်ရေးအရ အကျပ်ကိုင်မှုတွေ လုပ်လာမယ် ဆိုရင် သဘောက ဒီအပစ်ရပ် အဖွဲ့တွေက SSA နဲ့ နီးစပ်လာမလား၊ သွားရောက် ပူးပေါင်းမလား ဆိုတာကို တွက်ထားတယ်”ဟု ဦးစိန်ကြည်က ပြောသည်။

စစ်အစိုးရက အပစ်ခတ်ရပ်စဲထားသော တပ်ဖွဲ့များကို နယ်ခြားစောင့် တပ်ဖွဲ့ အဖြစ် အသွင်ကူးပြောင်းရေး အတွက် အဖြေပေးရန် ၆ လခန့် အချိန်ပေးထားရာ လာမည့် အောက်တိုဘာလ နောက်ဆုံးဖြစ်သည်။

ယင်း SSA-S နှင့် UWSA တပ်ဖွဲ့များသည်လည်း ယခုအခါ စစ်ရေး မဟာမိတ် ဖွဲ့ထားကြပြီဟု ထောက်လှမ်းရေး သတင်း ရပ်ကွက်များက ဆိုသည်။ ယခင် ကာလများက SSA-S တပ်များကို တိုက်ခိုက်ရန် အတွက် စစ်အစိုးရက ၀ တပ်ဖွဲ့များကို အသုံးချခဲ့ဖူးသည်။

SSA-S က မြန်မာစစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘော တူညီချက် မယူရသေးသည့် တိုင်းရင်းသား တပ်ဖွဲ့ အနည်းစုတွင် ပါဝင်သည့် လက်နက်ကိုင် အဖွဲ့တခု ဖြစ်သည်။ ယခင်က ပဋိပက္ခများ၊ ရန်လိုမှုများ ရှိခဲ့ကြသော် လည်း မကြာသေးခင် နှစ်များက စ၍ ရှမ်းနှင့် ၀တို့ နားလည်မှုဖြင့် မဟာမိတ် ဖွဲ့ထားကြသည်ဟု မြန်မာ့အရေး ကျွမ်းကျင်သူ ဘာတေးလ် လင့်တနာက မကြာသေးမိက ဧရာဝတီသို့ပြောခဲ့သည်။

မြန်မာ စစ်အစိုးရတပ်များသည် တရုတ်-မြန်မာ နယ်စပ် တလျှောက်ရှိ ကိုးကန့် ဒေသတွင် တိုက်ပွဲများ ပြီးဆုံးသွား သော်လည်း စစ်ရေး ပြင်ဆင်မှုများ ထပ်မံတိုးမြှင့်လျက် ရှိကြောင်းသိရသည်။

ယင်း ဒေသတွင် ယခင်က စစ်အစိုးရ တပ်ရင်း ၁၀ ရင်းသာ တပ်စွဲ ထားသော်လည်း ယခုအခါ လောက်ကိုင်မြို့ တောင်ဘက် နှင့် မြောက်ဘက်တွင် ရှမ်းပြည် မြောက်ပိုင်း သိန္နီ အခြေစိုက် အမှတ်(၁၆) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် လက် အောက်ခံ တပ်ရင်း ၁၀ ရင်းကို လည်းကောင်း၊ စစ်ကိုင်းတိုင်းရှိ ခြေလျင် တပ်မ (၃၃) မှ တပ်ရင်း ၁၀ ရင်းကို လည်းကောင်း ထပ်မံ ဖြန့်ကျက် ထားသဖြင့် စုစုပေါင်း တပ်ရင်း ၃၀ ရှိသွားပြီ ဖြစ်သည်။

ထို့အပြင် မိတ္ထီလာ အခြေစိုက် ခြေလျင် တပ်မ ၉၉ ကိုလည်း တပ်လှန့် ထားကြောင်း၊ ရှမ်းပြည်နယ် တရုတ်-မြန်မာ နယ်စပ် တလျှောက်ရှိ စစ်တပ်များကိုလည်း အသင့် အနေအထား ပြင်ဆင် ထားရန် အမိန့်ပေး ထားကြောင်း စစ် တပ်နှင့် နီးစပ်သော အသိုင်း အ၀န်းက ဆိုသည်။

SSA သည် ၁၉၉၆ ခုနှစ်တွင် ခွန်ဆာဦးဆောင်သည့် မော်ထိုင်း တပ်မတော်သည် မြန်မာ စစ်အစိုးရထံ လက်နက် ချပြီးနောက်ပိုင်း ဗိုလ်မှူးကြီး ယော့ဆတ် က ဦးဆောင်၍ ထူထောင်ခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သည့် ၂၀၀၇ ခုနှစ် မေလတွင် မြန်မာစစ်အစိုးရ တြိဂံတိုင်းမှ ကိုယ်စားလှယ်များနှင့် SSA မှ တာဝန်ရှိ သူများက ထိုင်း မြန်မာ နယ်စပ် တနေရာတွင် နောက်ဆုံးအကြိမ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့