..............................

Saturday, September 26, 2009

ဗမာပြည်နိုင်ငံရေးရဲ့ အရေးကြီးအချိန်မှာ ပေါ်ထွက်လာတဲ့ ၀ါရှင်တန်ရဲ့ အပြောင်းအလဲ

ရဲဘော်ဖိုးသံချောင်း
၂၅ စက်တင်ဘာ ၂၀၀၉


ဗမာပြည်နဲ့ပတ်သက်တဲ့ နိုင်ငံတကာလေထုမှာ ကြီးမားတဲ့ အပြောင်းအလဲတွေ ပေါ်ပေါက် လာတော့မယ့် လက္ခဏာတွေ စပြီး မြင်တွေ့နေရ ပါပြီ။ နအဖစစ်အစိုးရကို နဂိုက ဆေးဖော် ကြောဖက် မလုပ်ခဲ့တဲ့ အမေရိကန် အပါ အနောက် နိုင်ငံတွေက အခုတော့ ဒီဗိုလ်ချုပ်တွေကို လူလူသူသူ ပြန်ဆက်ဆံမယ်လို့ ဖြစ်လာနေပါပြီ။

တကယ်က သေသေချာချာကြည့်တတ်ရင် နိုင်ငံတကာ အခင်းအကျင်း မှာကိုပဲ အပြောင်း အလဲတွေ တွေ့နေရပါတယ်။ စစ်အေးစစ်ပွဲ လွန် နိုင်ငံရေး အခင်းအကျင်းမှာ စစ်အေးစစ်ပွဲမှာ ထိပ်က ပါဝင်ခဲ့ကြတဲ့ နိုင်ငံကြီးတွေဟာ စစ်အေးစစ်ပွဲရဲ့ အထုပ် အပိုးတွေကို ပစ်ချ ခဲ့ကြပါတယ်။ ဒါပေမယ့် တချို့ကတော့ နဂိုရှိခဲ့တဲ့ မာန်တွေ၊ ဟန်တွေကို အိနြေ္ဒမပျက် ထိန်းထားခဲ့ကြပါတယ်။ ဒါပေမယ့် ကာလတခု လွန်လာတော့ အခြေအနေ အပြောင်းအလဲတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ စီးပွားရေး အကျပ်အတည်း ကြီးပါ။

ဒီနှစ်သြဂုတ်လ (၁၀-၁၇) ရက်ထုတ် ညူးစ်ဝိခ်ဂျာနယ်ထဲက မျက်နှာဖုံး ဆောင်းပါးမှာ ဆိုရင် ဒီတခါ စီးပွားရေး အကျပ်အတည်း ကြီးကြောင့် မဟာဗြိတိန် (Great Britain) တောင်မှ စူဠာဗြိတိန်။ ဒါမှမဟုတ် သာမန် ဗြိတိန် ဖြစ်သွားရပြီလို့ ရေးထားပါတယ်။ နိုင်ငံကြီးတွေ အားလုံးကို ကြီးကြီးမားမား ထိခိုက် ခဲ့တယ်ဆိုတာကို ပြောချင်လို့ ကိုးကားတာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေ အောက်မှာ နိုင်ငံကြီးတွေဟာ ထိန်းညှိမှု အမျိုးမျိုး လုပ်ကြရပါတယ်။ အဲဒီလိုလုပ်တဲ့ ထိန်းညှိမှုတွေထဲမှာ ဗမာပြည်နဲ့ ဆိုင်တဲ့ ပေါ်လစီတွေလည်း ပါကုန် တော့တာပါပဲ။

ဒါတွေနဲ့တဆက်တည်း လူပြောများ၊ ဆွေးနွေးတာ များလာတာ ကတော့ အမေရိကန်လို နိုင်ငံကြီးက ပေါ်လစီ သဘောထား ပြောင်းလဲတယ် ဆိုရင် ဗမာပြည်ရဲ့ နိုင်ငံရေးကို ဘယ်လို ထိခိုက်နိုင်သလဲ ဆိုတာပဲ ဖြစ်ပါတယ်။ ဒီလို ဆွေးနွေးတာဟာ အမေရိကန် အစိုးရက ဘာလုပ်သင့်သလဲလို့ ဆွေးနွေးတာထက် ပိုကောင်းပါတယ်။ ပိုလက်တွေ့ကျပါတယ်။

တကယ်ကျတော့ ၀ါရှင်တန်ရဲ့ အပြောင်းအလဲတွေက အခုမှ စကာစ ရှိပါသေးတယ်။ နောင်မှာ ပိုပြီး ကြားလာရဦးမှာပါ။ ဗိုလ်သိန်းစိန်တို့နဲ့ တွေ့ပြီးရင်၊ သူတို့ရဲ့ အထူး တမန်ဆိုတာချင်း တွေ့ဆုံ စကားပြောကြပြီးရင် ဘာတွေ တဆင့် တက်လာမယ် မသိနိုင်ဘူး။ လောလောဆယ်မှာ နအဖ စစ်ဗိုလ်တွေ အဖို့တော့ လက်မ ထောင်စရာ ဖြစ်ချင်ဖြစ်မှာပါ။

ဗမာပြည် ပြည်သူလူထုအနေနဲ့ ပြောရရင် ဒီကိစ္စကြောင့် သူတို့မှာ အတွေး အခေါ်အရတော့ ဘာမှ ရှုပ်ထွေးစရာ မရှိပါဘူး။ အမေရိကန်ကနေ အသိအမှတ် ပြုလိုက်တဲ့ အတွက် နအဖ စစ်ဗိုလ်ချုပ်တွေဟာ အာဏာရှင်ကနေ သူတော်စင် အဖြစ် တဖြစ် လဲသွားမှာ မဟုတ်ဘူးဆိုတာ သူတို့ ဘ၀ အသိအရ ရှင်းနေပါတယ်။ ဗိုလ်နေ၀င်း တုန်းကဆိုရင် အမေရိကန်၊ ရုရှား၊ တရုတ် အားလုံးက အသိအမှတ်ပြုတာ ခံခဲ့ရပြီးပါပြီ။ ဒါပေမယ့် အာဏာရှင်ဟာ အာဏာရှင်ပါပဲ။ ဂျပန်၊ အိုအီးစီဒီ၊ ကမ္ဘာ့ဘဏ် စတာတွေရဲ့ အကူအညီတွေရနေတဲ့ အကြားကပဲ တိုင်းပြည်ကြီး ချွတ်ခြုံကျ သွားခဲ့တာကို ပြည်သူတွေ မမေ့ပါဘူး။ ပြည်သူလူထုက ဘာမှ မျက်စိမလည်ပါဘူး။

ဒါပေမယ့် ဒါဟာ နအဖစစ်အစိုးရကို ကြံဖန်အမွှန်းတင်ချင် နေတဲ့ လူတွေ အတွက်တော့ ပြောစရာ၊ ရေးစရာ အချက်အလက် နည်းနည်းပါးပါး ရကောင်း ရသွားနိုင်တာပေါ့။ သူတို့အနေနဲ့ ဒီအချက်အပေါ် အခြေခံပြီး ပြည်သူလူထုကို မျက်စိလည်အောင်၊ အမြင်မှားအောင် လုပ်ကြမယ် ဆိုတာကတော့ သံသယဖြစ်စရာ မလိုပါဘူး။ ဗိုလ်စကားကို သုံးရင် အဆင့်ရှိတယ်လို့ ယူဆနေသူတွေ ကတော့ ဒေါ်ကလင်တန်ရဲ့ ဘယ်စကားလုံးကြီးတွေကို ကိုးကားလာမယ် ဆိုတာကိုပဲ စောင့်ကြည့်ရမှာပါ။

သူတို့ရဲ့ ပြောဆိုရေးသားမှုတွေကြောင့် တချို့ ရိုးသားတဲ့ နိုင်ငံရေး လိုက်စားသူတွေမှာ စိတ်ဓာတ်အရ ထိခိုက်တာ နည်းနည်းပါးပါး ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒါဟာ ယာယီ၊ နောက်ပြီး အနည်းအပါးလည်းဖြစ်၊ စိတ်ဓာတ်ပိုင်း လောက်ပဲ ဖြစ်ပါတယ်။ လက်တွေ့ ရုပ်သဘောအရ ဘာမှမထိခိုက်နိုင်ပါဘူး။

ဘာပဲပြောပြော ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်သူလူထု အမြင်ရှင်း၊ သဘောပေါက်ဖို့ အတွက် ရှင်းပြ တာတွေတော့ လုပ်ရပါလိမ့်မယ်။ နအဖကလည်း ဒါကိုပဲ ပိတ်ပင်မှာဖြစ်ပါတယ်။ နအဖနဲ့ သူတို့ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ သူတို့ရဲ့ ရွေးကောက်ပွဲ အပေါ် သံယောဇဉ် ဖြစ်ဖို့ဆိုတာကို လူထုကို ဆက်ပြီးရှင်းပြ၊ ပြောပြ နေရဦးမှာ ဖြစ်ပါတယ်။ တပါတည်း ဘယ်လိုနည်းနဲ့ ဆန့်ကျင်မယ်၊ ဖြစ်ပေါ်လာတဲ့ နောက်အကျိုးဆက်ကို ဘယ်လို ရင်ဆိုင်ကြမယ် ဆိုတာတွေလည်း စဉ်းစား ပြင်ဆင်ပြီး ဖြစ်သင့်ပါပြီ။

တည့်တည့်ပြောရရင် ပိတ်ဆို့မှုဆိုတာတွေလုပ်ခဲ့လို့ နအဖ စစ်အုပ်စုရဲ့ သံဃာတွေကိုပါ သတ်တဲ့ အကျင့်စရိုက်ကို ပြောင်းလဲ မသွားစေခဲ့ပါဘူး။ ပြည်ပ ဖိအားဆိုတာဟာ အာဏာရှင် ဗိုလ်ချုပ်တွေ အနေနဲ့ ပြည်ပဘက်ကို မျက်နှာလှည့်တဲ့ အခါမှာ ပြုံးဖြဲဖြဲ အသွင်ဆောင်အောင် လုပ်နိုင်ပေမယ့် ကိုယ့်ပြည်သူလူထု ဘက်ကို လှည့်တဲ့ အခါမှာတော့ ဘီလူးရုပ် သက်သက်ပါပဲ။ တကယ်တော့ ပြည်ပက ဖိအားပေးတယ်၊ ထောက်ခံတယ် ဆိုတာတွေဟာ အရန် အခန်းလောက်သာ ရှိတာပါ။ အဲဒါတွေ မရှိတော့ရင်လည်း ပြည်သူလူထုမှာ ပြောပလောက်အောင် ဘာမှမဆုံးရှုံးပါဘူး။ အားပျက်စရာ ဘာမှမရှိဘူး။ အဲ-ဗမာပြည် နိုင်ငံရေးမှာ သူများနိုင်ငံ၊ သူများအစိုးရကို မှန်းမျှော်တတ်တဲ့ အလေ့ အကျင့်တခုတော့ ပျောက်သွားလိမ့်မယ်လို့ ယူဆရပါတယ်။

ဒါကြောင့် ဒီတကွေ့မှာ ရှေ့ကိုချီတက်ရင်း တဖက်ကိုလှည့်လှည့်ကြည့်နေရတဲ့ အတွေးအခေါ် ၀န်ထုပ်ဝန်ပိုးတခုကို ပစ်ချလိုက်နိုင်ပြီ လို့ပဲ ကောင်းတဲ့ဘက်က လှည့်တွေးရ ပါတော့မယ်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့