..............................

Thursday, September 24, 2009

ဝတပ်ဖွဲ့နှင့် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့် တွေ့ဆုံမည့် အစီအစဉ် နအဖ ဘက်က ရွှေ့ဆိုင်းထား

ခိုင်လင်း / ၂၃ စက်တင်ဘာ ၂၀၀၉


ရှမ်းပြည်နယ်၊ အထူးဒေသ (၂)၊ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်မှ ခေါင်းဆောင်များနှင့် စစ်ဖက် ရေးရာ အရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်တို့ ယခုလ ဒုတိယပတ် အတွင်း ဝတပ်ဖွဲ့ဌာနချုပ် ပန်ဆန်းမြို့တွင် တွေ့ဆုံ ဆွေးနွေးမည့် အစီစဉ်ကို နအဖဘက်မှ ရွှေ့ဆိုင်းထားသည်။

အပစ်ရပ်အဖွဲ့များအား နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ကိစ္စ အတွက် တာဝန် ယူထားသည့် စစ်ဖက်ရေးရာ အရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် ဝခေါင်းဆောင်များ အကြား ယနေ့အချိန် အထိ မတွေ့ဆုံနိုင်ဘဲ ဖြစ်နေသည်ဟု ပန်ဆန်းမြို့ရှိ ဝ အရာရှိ တဦးက ပြောသည်။

၎င်းက “ဗိုလ်ချုပ် ရဲမြင့် ဒီကိုရောက်မလာပါဘူး။ ကျနော်တို့ ခေါင်းဆောင်တွေနဲ့ မတွေ့ဖြစ် သေးပါဘူး။ ကျနော်တို့ ခေါင်းဆောင်တွေ ကတော့ တွေ့မှာပါ၊ သူတို့ဘက်က အဆင်သင့် မဖြစ်တာလို့ ယူဆစရာ ပေါ့လေ။ ဘယ်နေ့ကို တွေ့မယ် ဆိုတာတော့ ကျနော်တို့လည်း မသိသေးပါဘူး။ အစောပိုင်းကတော့ တွေ့မယ်ဆိုပြီး အကြောင်းကြား ထားပါတယ်။ အဲဒါ ရောက်မလာတာပါ” ဟု ပြောသည်။

ပြီးခဲ့သည့် လကုန်ပိုင်းက ရှမ်းပြည်နယ်၊ အထူးဒေသ (၁)၊ ကိုးကန့် နယ်မြေ အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲ အရေးအခင်းများ နောက်ပိုင်း ဝတပ်ဖွဲ့ နယ်မြေအနီးသို့ နအဖစစ်တပ်မှ အင်အားဖြည့်တင်း တပ်ချမှုများ လုပ်ခဲ့ပြီးနောက် ဒေသအတွင်း တိုက်ပွဲဖြစ်မည်ကို စိုးရိမ်ပြီး ဒေသခံများ ထွက်ပြေး တိမ်းရှောင်မှုများ ရှိခဲ့သည်။

ထို့အပြင် ဒေသအတွင်း လာရောက်စီးပွားရှာ အလုပ်လုပ်နေကြသည့် တရုတ်နိုင်ငံသားများ အပါအဝင် မြန်မာနိုင်ငံ သားများကို ဝတပ်ဖွဲ့က နှင်ထုတ်မှုများကြောင့် နှစ်ဘက်အကြား စစ်ရေး တင်းမာမှု ရှိနေချိန်တွင် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် တရုတ်နိုင်ငံ နယ်စပ်ဒေသ အာဏာပိုင်များပါ ပါဝင်မည့် ဆွေးနွေးပွဲ တခု ဖြစ်လာမည်ဟု အစောပိုင်းသတင်းများ ပေါ်ထွက် လာခဲ့သော်လည်း ယနေ့အထိ အကောင်အထည် မပေါ်သေးပေ။

“အချို့ကုန်သည်တွေလည်း ပြန်လာကြပါပြီ။ အခြေအနေက နည်းနည်း အေးသလိုတော့ ဖြစ်သွားပြီ။ ဒါပေမယ့် စစ်ရေး သတိတော့ အမြဲတမ်း ရှိထား ရမှာပေါ့လေ။ ကျူးကျော်လာမယ်၊ ရန်စလာမယ် ဆိုရင်တော့ ကျနော်တို့ဘက်က ကိုယ့်ကိုယ်ကိုယ် ခုခံ ကာကွယ်ရမှာပေါ့” ဟု အဆိုပါ ဝအရာရှိက ပြောသည်။

ဝဒေသမြောက်ပိုင်း ဝတပ်ဖွဲ့ထိန်းချုပ်ရာဒေသများနှင့် နယ်မြေ တစပ်တည်း ဖြစ်သည့် ဟိုပန်မြို့နယ် အတွင်းရှိ နအဖ တပ်စခန်းများတွင် မိတ္တီလာ အခြေစိုက် တပ်မ (၉၉) လက်အောက်ခံ တပ်ရင်း (၆) ရင်းနှင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၊ ကွမ်းလုံ စစ်ဗျူဟာ လက်အောက်ခံတပ် အချို့ ဆက်လက် တပ်စွဲထား သကဲ့သို့ ဝဒေသ အနောက်ဘက် သံလွင်မြစ် အနောက်ခြမ်းရှိ တန့်ယန်း မြို့နယ်အတွင်း ရမခ လက်အောက်ခံ တပ်ရင်း (၉) ရင်း တပ်စွဲထားကြောင်း စစ်ဘက်နှင့် နီးစပ်သည့် သတင်းရပ်ကွက်အရ သိရသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့