..............................

Wednesday, September 23, 2009

နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်မလွတ်သေး ဟု ဦးဝင်းတင် ပြောကြား

မင်းနိုင်သူ / ၂၂ စက်တင်ဘာ ၂၀၀၉

ယခုအကြိမ် အကျဉ်းသားများ ပြန်လွှတ်ပေးမှုတွင် နိုင်ငံရေး အကျဉ်းသား အနည်းငယ်သာ ပါဝင်သဖြင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး လမ်းစဉ်နှင့် ဝေးနေဆဲဖြစ်ပြီး ကုလသမဂ္ဂနှင့် နိုင်ငံတကာမှ တောင်းဆိုနေသော နိုင်ငံရေး အကျဉ်းသား အားလုံး ပြန်လွှတ်ပေးရေး တောင်းဆိုချက်လည်း မပြည့်မြောက် သေးကြောင်း အန်အယ်လ်ဒီ ဗဟို အလုပ်အမှုဆောင် ဦးဝင်းတင်က ပြောသည်။

“ကောက်ညှင်းပေါင်းထဲ နှမ်းထောင်းဖြူးသလို ပေါ့ဗျာ။ ရိုးရိုး ရာဇ၀တ်သားတွေ အများကြီး လွှတ်ပြီး နိုင်ငံရေး အကျဉ်းသား နည်းနည်းလေးပဲ ပါတယ်။ အခုလို ဗန်းပြရုံ လိမ်လည်ဖို့၊ ကုလသမဂ္ဂမှာ ဗိုလ်ချုပ်ကြီး သိန်းစိန် သွားတဲ့ အခါမှာ မစ္စတာ ဘန်ကီမွန်းရဲ့ တောင်းဆိုချက်တွေ အပေါ်ကို လှည့်ဖြားဖို့ လုပ်နေတယ်လို့ ယူဆတယ်။ ဒီလို လုပ်နေတာတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ဘက်ကတော့ အယုံအကြည် မရှိဘူး” ဟု ၎င်းက ပြောသည်။

နအဖစစ်အစိုးရက စက်တင်ဘာ (၁၇) ရက်တွင် နိုင်ငံသား အကျဉ်းသား (၇,၁၁၄) ဦး လွတ်ငြိမ်း ချမ်းသာခွင့် ပေးမည်ဟု ကြေညာ ခဲ့ပြီးနောက် ပြန်လည် လွတ်မြောက် လာသူများတွင် နိုင်ငံရေး အကျဉ်းသား (၁၀၀) ကျော်သာ ပါသေးကြောင်း ရန်ကုန် နိုင်ငံရေး အသိုင်းအ၀ိုင်းက ပြောသည်။

“တဘက်က လွှတ်နေတယ်ဆိုသော်ငြားလည်း တဘက်မှာ ဒီရက်ပိုင်းမှာ တင် ဖမ်းတာလူ (၄၀) ကျော်သွားပြီ။ ဒီတော့ ကျနော်တို့ ကတော့ အရင် တောင်းဆိုခဲ့တဲ့ အတိုင်းပဲ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးခွန်ထွန်းဦး၊ မင်းကိုနိုင်၊ ကိုကိုကြီး၊ ဦးဂမ္ဘီရတို့ အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွှတ်ရေးကိုပဲ ဆက်တောင်းမယ်” ဟု နှစ်ရှည် အကျဉ်းချခံခဲ့ရသူ ဦးဝင်းတင်က ပြောသည်။

ဇူလိုင်နှင့် သြဂုတ်လအတွင်း သံဃာတော် (၇) ပါး အဖမ်းဆီး ထိန်းသိမ်း ခံထားရပြီး မကြာမီကလည်း မရမ်းကုန်းမြို့နယ် အန်အယ်လ်ဒီ လူငယ် (၃) ဦးနှင့် မြင်းခြံမြို့မှ ပါတီဝင် မဟုတ်သည့် အရပ်သား (၅) ဦးကို အာဏာပိုင်များက ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း၏ ထုတ်ပြန်ချက် အရ ယခုလ (၁၈) ရက်မှစတင်ကာ ပြန်လည် လွတ်မြောက် လာသော နိုင်ငံရေး အကျဉ်းသား (၁၂၇) ဦးရှိပြီး ၎င်းတို့အနက် သံဃာတော် (၄) ပါး၊ စာနယ်ဇင်း သမား (၄) ဦးနှင့် ရှေ့နေ (၁) ဦးတို့ ပါဝင်သည်။ လွတ်မြောက်သူများ အနက် အန်အယ်လ်ဒီ ပါတီမှ လွှတ်တော်အမတ် (၃) ဦး အပါအ၀င် (၄၃) ဦးရှိပြီဟု သိရသည်။

နအဖစစ်အစိုးရက ၂၀၀၄ ခုနှစ်မှစ၍ နှစ်စဉ် လွတ်ငြိမ်းချမ်းသာခွင့် ပေးကာ အကျဉ်းသားများ လွှတ်ပေး နေသော်လည်း ထိုအထဲတွင် နိုင်ငံရေး အကျဉ်းသားများမှာ အနည်း အကျဉ်းသာပါပြီး ရာဇ၀တ်သား များသာ များသဖြင့် ရာဇ၀တ်မှု ပိုပေါများလာသည်သာ အဖတ်တင်သည်ဟု ရန်ကုန်မြို့ခံ တဦးက ပြောသည်။

“သိသာတယ်ဗျ။ သူတို့တခါလွတ်တိုင်းလွတ်တိုင်း ရာဇ၀တ်မှုက ပိုများ လာတယ်။ မြို့လယ်ခေါင်မှာ ကို လုယက်မှုလို အမှုကြီးတွေ များလာနေတယ်။ နောက်ပြီး အခုလို ရာဇ၀တ်သား တွေကို ခဏခဏ လွှတ်နေတော့ လူတွေက မဟုတ်တာ လုပ်ရမှာ မကြောက်ကြတော့ဘူး။ ကျနော်တို့ ရပ်ကွက်ထဲမှာဆို ချဲဒိုင်တို့ ဘောလုံးဒိုင်တို့ များလာတယ်။ သူတို့က ဘာပြောလဲ ဆိုတော့ အဖမ်း ခံရလည်း နောက်နှစ် လွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့ အခါ လွတ်မှာပဲတဲ့။ အဲလိုတွေ ဖြစ်လာ ကြတယ်ဗျ” ဟု ရန်ကုန်မြို့ခံ တဦးက ပြောသည်။

၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလအတွင်း စစ်အစိုးရက ပြန်လွှတ်ပေးခဲ့သော အကျဉ်းသား (၆,၃၁၃) ဦးတွင် နိုင်ငံရေး အကျဉ်းသား (၃၁) ဦးပါဝင်ကာ ၂၀၀၈ ခုနှစ်အတွင်း ပြန်လွတ်လာသူ (၉,၀၀၂) ဦးတွင်မူ နိုင်ငံရေး အကျဉ်းသား (၉) ဦးသာ ပါဝင်ခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ စာရင်းများတွင် ဖော်ပြထားသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့