..............................

Thursday, September 24, 2009

စစ်အစိုးရနှင့် ညှိနှိုင်းရန် ထိုင်းဝန်ကြီးချုပ် ပြောကြား

ကိုထွေး
Wednesday, 23 September 2009 18:08

အမေရိကန် ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂ အနေဖြင့် မြန်မာပြည် အပေါ် တားမြစ် ပိတ်ဆို့ အရေးယူခြင်းထက် စေ့စပ်ညှိနှိုင်း ဆွေးနွေးသင့်ကြောင်း ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝက ယမန်နေ့တွင် ထုတ်ဖော်ပြောကြား လိုက်သည်။

အမေရိကန် ပြည်ထောင်စု ကိုလံဘီယာ တက္ကသိုလ်တွင် ပြောကြားခဲ့သော မိန့်ခွန်းတွင် ထိုင်း ၀န်ကြီးချုပ်က ယင်းကဲ့သို့ ပြောကြားခဲခြင်း ဖြစ်ကြောင်း အေပီ သတင်းတရပ်တွင် ဖော်ပြထားသည်။

ဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝက“သီးခြား ပစ်ပယ် ထားခြင်းထက် တွေ့ဆုံ ဆွေးနွေးတာက ပို အကျိုးအမြတ် ရှိမှာပါ၊ တားမြစ် ကန့်သတ်မှုတွေ ပိုလုပ်ရင် အပြောင်းအလဲ ဖြစ်မလားဆိုတဲ့ မေးခွန်းကို အမေရိကန်နဲ့ ဥရောပ သမဂ္ဂကတို့ အမေး ခံရလိမ့်မယ်” ဟုပြောကြောင်း ယင်း သတင်းတွင် ကိုးကားဖော်ပြထားသည်။

မြန်မာပြည် နိုင်ငံရေး အပြောင်းအလဲ၊ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် မူးယစ် ဆေးဝါး တိုက်ဖျက်ရေးတို့ အတွက် စစ်ခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးခြင်း သည်သာ အကောင်းဆုံး နည်းလမ်း ဖြစ်မည်ဟု ၎င်းအနေဖြင့် ယုံကြည်ကြောင်း အဆိုပါ သတင်းတွင် ရေးသားထားသည်။

ထို့အပြင် ထိုင်းဝန်ကြီးချုပ်သည် ထိုင်းနိုင်ငံ၏ မတည်မငြိမ် ဖြစ်နေသော နိုင်ငံရေးနှင့် ပတ်သက်၍လည်း ပြောကြား သွားခဲ့ကြောင်း သိရသည်။

အမေရိကန်ပြည်ထောင်စုရှိ နိုင်ငံရေး ပါတီများမှ လွှတ်တော် အမတ်များက စစ်အစိုးရ အပေါ် ပြင်းထန်သည့် တားမြစ် ကန့်သတ် အရေးယူမှုများ ဆောင်ရွက်ရန် ထောက်ခံ ခဲ့ကြသော်လည်း လက်ရှိ သမ္မတသစ် အိုဘားးမား လက်ထက်တွင် မြန်မာပြည် အပေါ် ထားရှိသော အမေရိကန်၏ မူဝါဒကို ပြန်လည် သုံးသပ်လျက်ရှိသည်။

လက်ရှိအချိန်အထိ တစုံတရာသော ရလဒ်ပေါ်ထွက်လာခြင်း မရှိသေးကြောင်း သိရသည်။

အမေရိကန် အစိုးရ၏ မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူမှုများ ဆောင်ရွက်ရာတွင် ကျောက်မျက် ရတနာများ ပိတ်ပင်သည့် ဥပဒေသည် ထိုင်းနိုင်ငံ၏ စီးပွားရေးကို ထိခိုက် သည့် အတွက် ဆန့်ကျင်ကြောင်း ထိုင်းဝန်ကြီးချုပ်က ပြောဆိုခဲ့ဖူးသည်။

ထိုင်းနှင့် တရုတ်နိုင်ငံတို့သည် မြန်မာပြည်မှ ကျောက်မျက် ရတနာများကို အဓိက တင်သွင်း ၀ယ်ယူနေသော နိုင်ငံများ ဖြစ်သည်။

ပြင်သစ် တိုတယ်ရေနံကုမ္ပဏီက မြန်မာနိုင်ငံတွင် တူးဖော်နေသည့် ရတနာ ကမ်းလွန် သဘာဝ ဓာတ်ငွေ့ စီမံကိန်း ၏ ဓာတ် ငွေ့ပမာဏ ၅၀ ရာခိုင်နှုန်းကျော်ကို ထိုင်းနိုင်ငံသို့ တင်သွင်းနေသည်။

ထိုင်းနိုင်ငံသည် မြန်မာ့ စွမ်းအင်ကဏ္ဍ၌ တရုတ်နိုင်ငံ၏ ပိုမိုရင်းနှီး မြုပ်နှံ လာမှု အပေါ်တွင် စိုးရိမ်မကင်း ဖြစ်နေပြီး သံလွင် မြစ်ပေါ်တွင် တည်ဆောက်ထားသော ဟတ်ကြီးနှင့် တာဆန်း ရေအားလျှပ်စစ် စီမံကိန်းမှ ထွက်ရှိလာမည့် စွမ်းအင်များကို ၀ယ်ယူရန် အတွက် ဇူလိုင်လ (Asean + 3) ဆွေးနွေးပွဲတွင် ဆွေးနွေး ခဲ့ကြောင်း သိရသည်။


Ref: ဧရာဝတီ

0 comments:

အပေါ်သို့