..............................

Tuesday, September 22, 2009

စစ်အစိုးရနှင့် အန်ဒီအေ-ကေ အတွင်းရေးမှူးဟောင်း လျှို့ဝှက် တွေ့ဆုံဆွေးနွေး

အောင်ကျော်မိုး / ၂၁ စက်တင်ဘာ ၂၀၀၉

စစ်အစိုးရက လွန်ခဲ့သည့် (၄) နှစ် အာဏာသိမ်းပွဲတွင် မအောင်မြင် ခဲ့သည့် အန်ဒီအေ (ကချင်) အတွင်းရေးမှူးဟောင်း ဦးလယောက်ဇယ်လွန်း အဖွဲ့နှင့် လျှို့ဝှက် ဆွေးနွေးနေကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ စစ်အရာရှိ တဦးက ပြောသည်။

အမည်မဖော်လိုသူ အဆိုပါအရာရှိက “ဦးဇလွန်းအဖွဲ့နဲ့ ကျနော်တို့ ဆွေးနွေးနေတယ်။ သူတို့အဖွဲ့ ရပ်တည်ရေးနဲ့ ဆိုင်တယ်” ဟု ပြောဆိုသည်။

အန်ဒီအေ (ကချင်) အဖွဲ့နှင့် နီးစပ်သူ တဦးကလည်း ယခုကဲ့သို့ ဦးဇလွန်း အဖွဲ့နှင့် စစ်အစိုးရ လျှို့ဝှက် ဆွေးနွေးမှုများ ရှိနေကြောင်း အတည်ပြု ပြောကြားသည်။

၎င်းက “လွန်ခဲ့တဲ့ (၄) နှစ် အန်ဒီအေ (ကချင်) ပန်ဝါ ဌာနချုပ်မှာ မအောင်မြင်တဲ့ အာဏာ သိမ်းပွဲ ဖြစ်ပွားပြီးနောက် ရှုံးနိမ့်သွားတဲ့ ဦးလယောက်ဇယ်လွန်းနဲ့ အဖွဲ့ကို ဘာအရေးယူမှုမှ မလုပ်ဘဲ မြစ်ကြီးနားကို ပြန်ပို့ပေးဖို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က တောင်းဆိုခဲ့တဲ့ အတွက် လက်ရှိ ဥက္ကဋ္ဌ ဦးဆခုံတိန့်ယိန်းက အာဏာသိမ်း အဖွဲ့ကို မြစ်ကြီးနား ပို့ခဲ့တယ်။ မြစ်ကြီးနားနဲ့ ဝိုင်းမော် ရောက်ပြီး နောက်ပိုင်း ကချင် အရေးကိစ္စတွေ ရှိလာတိုင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က စရဖ တာဝန်ခံနဲ့ တိုင်းမှူးကိုယ်တိုင် အကြိမ်ကြိမ် ခေါ်ယူ တွေ့ဆုံလေ့ရှိတယ်” ဟု ပြောသည်။

ယခုတကြိမ် ခေါ်ယူတွေ့ဆုံမှုမှာမူ ထူးခြားကြောင်း၊ ဦးလယောက်ဇယ်လွန်း နှင့် အဖွဲ့ကို သီးခြား အဖွဲ့တခု အဖြစ် ဖွဲ့စည်းပေးထားပြီး နယ်မြေတခု ပေးထားမည် ဖြစ်ကြောင်း၊ လက်ရှိ အန်ဒီအေ(ကချင်) ခေါင်းဆောင် ဦးဆခုံတိန့်ယိန်းနှင့် ပတ်သက်ပြီး စစ်အစိုးရ အနေဖြင့် အလိုမကျ ဖယ်ရှားလိုပါက ဒေသလူထု ထောက်ခံမှု ရထားပြီး အဆိုပါဒေသကို နှစ် (၄ဝ) နီးပါး ခေါင်းဆောင်ခဲ့သည့် ဦးလယောက်ဇယ်လွန်းဖြင့် ချက်ချင်း အစားထိုးနိုင်ရန် ဖြစ်ကြောင်း အန်ဒီအေ (ကချင်) အဖွဲ့နှင့် နီးစပ်သူက ဆက်လက်ရှင်းပြသည်။

အတွင်းရေးမှူးဟောင်း ဦးလယောက်ဇယ်လွန်း၏ အဖွဲ့တွင် ဦးမန်ကျီခေါင်လွန်း၊ ဦးစံဝေခေါင်လွန်း၊ ဦးချန်းလန်း၊ ဦးဇုံးလန်း စသည့် ခေါင်းဆောင်များ ပါဝင်ကြသည်။

ကချင်ပြည်လွတ်လပ်ရေးတပ်မတော် ကေအိုင်အေက ခွဲထွက်ပြီး အန်ဒီအေ (ကချင်) အဖွဲ့နှင့် သွားရောက် ပူးပေါင်းခဲ့သည့် ကေအိုင်အေ ထောက်လှမ်းရေးမှူးဟောင်း လဆန်အောင်ဝါ ဦးဆောင်သည့် အဖွဲ့ကိုလည်း အန်ဒီအေ (ကချင်) နှင့် ပူးပေါင်းသည်ကို နအဖ စစ်အစိုးရက လက်မခံဘဲ နယ်မြေသီးသန့် သတ်မှတ်ပေးပြီး အဖွဲ့ငယ် တဖွဲ့အဖြစ် လက်ခံထားသည်။

အလားတူ ရှမ်းပြည်၊ ကရင်နီပြည်နှင့် ကရင်ပြည်နယ် တို့၌လည်း မူလ လက်နက်ကိုင် အဖွဲ့ကြီး တို့မှ ခွဲထွက် လာသူများကို အဖွဲ့ငယ်လေးများ အဖြစ် နေရာ သတ်မှတ်ပေးကာ အဖွဲ့ကြီးများအား စစ်ရေးအရ တိုက်ခိုက်ရာတွင် လည်းကောင်း၊ နိုင်ငံရေးအရ ဖြိုခွဲရာ၌ လည်းကောင်း အသုံးချလေ့ရှိသည်။

ပြီးခဲ့သည့် ကိုးကန့်အရေးအခင်းကာလတွင် အဖွဲ့အတွင်း သဘောထား ကွဲလွဲမှုကို အသုံးချခဲ့ရုံမက ယခင် မွေးမြူထားသည့် လက်နက်ကိုင် အဖွဲ့ငယ်လေးများကိုပါ အသုံးပြုပြီး နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး လက်မခံသည့် ဦးဖုန်ကြားရှင်နှင့် အဖွဲ့ကို ဖြုတ်ချခဲ့သည်။

ကချင်ပြည်နယ်၊ ကချင်အထူးဒေသ (၁) အတွင်းတွင် စစ်အစိုးရ တပ်ဖွဲ့အချို့နှင့် အစိုးရ ဝန်ထမ်းအချို့ လာရောက် နေရာယူထား သကဲ့သို့ အစိုးရတပ်မှ အရာရှိများပါဝင်သည့် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကိုလည်း အကောင်အထည် ဖော်နေကြောင်း စုံစမ်းသိရသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့