..............................

Friday, September 25, 2009

ကိုညီညီအောင်နှင့် AASYC မှ ယူဂျီအဖွဲ့ဝင်များ ကို ဖမ်းဆီး ထားဟု နအဖ သတင်းထုတ်ပြန်

မင်းနိုင်သူ / ၂၄ စက်တင်ဘာ ၂၀၀၉

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ၀င်ရောက်ခဲ့သော အမေရိကန် နိုင်ငံသား ခံယူထားသူ ကိုညီညီအောင်နှင့် ရခိုင် ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံး (AASYC) မှ ယူဂျီများအား ဖမ်းဆီး ရမိထားကြောင်း နအဖ စစ်အစိုးရက ယမန်နေ့တွင် သတင်း ထုတ်ပြန်ခဲ့သည်။

“ကိုညီညီအောင်ဟာ ပြည်တွင်းလှုပ်ရှားမှုတွေ လုပ်ဖို့ ပြန်ဝင်လာတယ် ဆိုတာကို သူကိုယ်တိုင် ၀န်ခံ ထွက်ဆိုတယ်လို့ မြန်မာ့ ရုပ်သံသတင်းမှာ မနေ့ညက ကြေညာသွားတယ်” ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။

ယနေ့ထုတ် စစ်အစိုးရသတင်းစာများတွင် ၂၀၀၅ ခုနှစ်တွင် အမေရိကန် နိုင်ငံသား အဖြစ် ခံယူခဲ့သူ ကိုညီညီအောင် (ခ) ကိုကျော်ဇောလွင်ကို ၂၀၀၉ ခုနှစ် စက်တင်ဘာ (၃) ရက်တွင် ဘန်ကောက်မှ တဆင့် မြန်မာနိုင်ငံသို့ ပြန်လာစဉ် လေယာဉ်ကွင်း၌ ဖမ်းဆီး ခဲ့ကြောင်း ဖော်ပြထားသည်။

ကိုညီညီအောင်သည် ၂၀၀၅ ခုနှစ် နိုဝင်ဘာမှ ၂၀၀၉ ခုနှစ် စက်တင်ဘာ အတွင်း (၈) ကြိမ်အထိ မြန်မာနိုင်ငံသို့ ၀င်ရောက်ခဲ့ပြီး ၈၈ မျိုးဆက် ကျောင်းသားများနှင့် တွေ့ဆုံကာ သတင်း ဖလှယ်ခြင်းနှင့် ငွေကြေး ထောက်ပံ့ခြင်းများ ပြုလုပ်ခဲ့သည်ဟုလည်း ဖော်ပြထားသည်။

ထို့အပြင် အောက်တိုဘာ (၃) ရက်တွင် တတိယအကြိမ် ပတ္တနိက္ကုဇ္ဇန ကံဆောင်မည့် အစီအစဉ်ကိုလည်း ၎င်းက စီစဉ် ရေးဆွဲခဲ့ပြီး သံဃာ့ လှုပ်ရှားမှုများကို အရှိန်မြှင့် လုပ်ဆောင်နိုင်ရန် ကူညီ ပံ့ပိုးရေးအတွက် မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု (FDB) အဖွဲ့ဝင်များနှင့် ဆွေးနွေးခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါ ဖော်ပြချက်နှင့်စပ်လျဉ်း၍ FDB အဖွဲ့ ဒုတိယအတွင်းရေးမှူးချုပ် ဦးငွေလင်းက “ဒီဟာက နအဖရဲ့ စွပ်စွဲချက်ပဲလို့ ကျနော် ပြောချင်တယ်။ နောက်တခုကတော့ ကျနော်တို့ FDB ရဲ့ ပေါ်လစီက စစ်အစိုးရကို ဆန့်ကျင်တဲ့ လူထု လှုပ်ရှားမှုတွေ အနှံ့အပြားမှာ ပေါ်အောင် အတတ်နိုင်ဆုံး ကြိုးစား ဆောင်ရွက်ဖို့ပါ။ အဲဒီ ပေါ်လစီအရ လုပ်သင့် လုပ်ထိုက်တာတွေကို ဆောင်ရွက် နေတာရှိတယ်။ အကြမ်းဖက် လုပ်ရပ်တွေနဲ့ ပတ်သက်လို့ကတော့ ကျနော်တို့ ပေါ်လစီမှာကို မရှိပါဘူး” ဟု ပြောသည်။

ကိုညီညီအောင်သည် ၁၉၈၈ အရေးအခင်းတွင် တက်ကြွစွာ ပါဝင် ခဲ့သောကြောင့် စစ်အစိုးရ၏ ဖမ်းဆီး ထိန်းသိမ်းခြင်း ခံရဖူးသော နိုင်ငံရေး အကျဉ်းသားဟောင်း (၁) ဦးဖြစ်ကာ မိခင်ဖြစ်သူ ဒေါ်စမ်းစမ်း တင်သည် ၂၀၀၇ ခုနှစ် စက်တင်ဘာ သံဃာ့ အရေး အခင်း အပြီးတွင် ထောင်ဒဏ် (၅) နှစ်ချ မှတ်ခံထားရပြီး ၀မ်းကွဲညီမ မသက်သက်အောင်မှာ နှစ်ရှည်ထောင်ဒဏ် (၆၅) နှစ် ချခံထားရသည်။

အမေရိကန်နိုင်ငံသား ကိုညီညီအောင်ကို မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံရုံးမှ သံအရာရှိများက စက်တင်ဘာ (၂၀) ရက်တွင် တွေ့ခွင့် ရခဲ့သော်လည်း အခြေအနေ အသေးစိတ်ကို သံရုံးမှ ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပေ။

ကိုညီညီအောင်၏ ဖြစ်စဉ်နှင့်အတူ AASYC မှ ယူဂျီများကိုလည်း ဖမ်းဆီး ထားကြောင်း ယနေ့ထုတ် သတင်းစာ များတွင် ဖော်ပြထားရာ ထိုအဖွဲ့ အစည်း သည် ရခိုင်ပြည်နယ် အတွင်း အရေးကြီး အဆောက် အအုံများ၊ စီမံကိန်းများကို ဖျက်ဆီးရန်၊ ယူဂျီများ မွေးမြူရန်နှင့် အဖွဲ့ရန်ပုံငွေ ရရှိရေး အတွက် ဘင်္ဂလားဒေ့ ရှ်နယ်စပ်သို့ စိတ်ကြွ ရူးသွပ် ဆေးပြားများ သယ်ဆောင် ရောင်းဝယ်ခြင်း ပြုလုပ်ရန်၊ လက်နက် မှောင်ခို လုပ်ရန်တို့ ဖြစ်သည်ဟု စွပ်စွဲ ရေးသားထားသည်။

ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ ဧရာဝဏ်လမ်းနှင့် ပဲခူးလမ်းထောင့်ရှိ သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း ဖောက်ခွဲ ဖျက်ဆီးမှုသည် AASYC ၏ လက်ချက် ဖြစ်သည်ဟုလည်း စွပ်စွဲထားသည်။

AASYC တွဲဖက်အတွင်းရေးမှူး ကိုထွန်းဇော်ကမူ ယင်းကိစ္စများမှာ နအဖ စစ်အစိုးရ၏ အခြေအမြစ် မရှိသော စွပ်စွဲချက်များသာ ဖြစ်ကြောင်း၊ အဖွဲ့၏ သဘောထားမှာ နိုင်ငံရေးကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန်သာ ဖြစ်ကြောင်း ပြောဆိုသည်။

ဦးငွေလင်းကလည်း “ကျနော်တို့ ဒီဘက် အတိုက်အခံ အင်အားစုတွေ အပါအ၀င် လူထုကို ချစ်မြတ်နိုးတဲ့ ဘယ်သူမဆို လူထုကို သေကျေအောင် ဗုံးခွဲလိမ့်မယ် ဆိုတာ ကျနော်လုံးလုံး မယုံဘူး။ အဲဒါက စစ်အစိုးရ ကိုယ်တိုင်လုပ်တာ ဖြစ်မယ်လို့ ကျနော်တို့ ထင်တယ်။ ဒီဘက်ကို ပုံချဖို့ ရတာအတွက် လုပ်ကြံ ဇာတ်လမ်းဆင်တယ် လို့ပဲ ကျနော်တို့ ယူဆတယ်” ဟု တုံ့ပြန် ပြောဆိုသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့