..............................

Tuesday, September 22, 2009

တရုပ်ပြည်နှစ် ၆၀ ပြည့်ပွဲအပြီး ၀ အား စစ်အစိုးရ ထိုးစစ်ဆင်ဖွယ်ရှိ

တနင်္လာနေ့၊ 21 စက်တင်ဘာလ 2009

တရုပ်ပြည်ထူထောင်ခြင်း နှစ် ၆၀ ပြည့်ပွဲပြီးလျှင် အထူးဒေသ ၂ UWSA ၀ တပ်ဖွဲ့အား စစ်အစိုးရ ထိုးစစ်ဆင် တိုက်ခိုက်ဖွယ် ရှိသည်ဟု အပစ်ရပ် ထိပ်ပိုင်းအရာရှိ အသိုင်းအ၀ိုင်းက ပြောဆိုကြပါသည်။

“အကြောင်းရင်း ၃ ရပ်တွေ့ရတယ်။ (၁) နအဖ သျှမ်းပြည် တပ်မတော်ကို ထိုင်း အစိုးရကနေ တဆင့် ဆွေးနွေး ခိုင်းတယ်။ (၂) သံလွင် အရှေ့ခြမ်း မော်ဖှဒေသမှာ လမ်းတွေ ပြုပြင် တိုးချဲ့တယ်။ လက်နက်ကြီးတွေ သံချပ်ကာ ကားတွေနဲ့အတူ တပ်အင် အားတချို့ ထပ်ဖြည့် နေတယ်။ (၃) တရုပ်ပြည် ထူထောင်ခြင်း နှစ် ၆၀ ပြည့်ပွဲ ပြီးမြောက်တဲ့ အချိန်နဲ့ အပစ်ရပ်တွေ အသွင် ပြောင်းဖို့ သတ်မှတ်ချိန် အတူတူဘဲ ဖြစ်နေတယ်။” - ဟု အမည် မဖေါ်လိုသည့် အပစ်ရပ် အရာရှိတဦးက သျှမ်းသံတော်ဆင့် သို့ ပြော၏။

ဗိုလ်မှူးကြီးယွက်စစ် ဦးဆောင်သည့် သျှမ်းပြည် တပ်မတော် တောင်ပိုင်း တပ်ဖွဲ့အား ထိုင်းအစိုးရမှ တဆင့် ကမ်းလှမ်း ကြည့်ရန် ဗမာစစ် အစိုးရ လှစ်ဟခြင်းသည် ဒွိဟ ဖြစ်နေသည့် တောင်ပိုင်း ၀ တပ်ဖွဲ့အား လွန်ဆွဲ ထားခြင်းနှင့် စိတ်ဓါတ် စစ်ဆင်ရေး ဆင်နွဲ နေခြင်း ဖြစ်ကြောင်း အမည် မဖေါ်လိုသည့် ထိုင်းလုံခြုံရေး အရာရှိ တဦးကလည်း ဤကဲ့သို့ ပြောပြ၏။

“၁၈ ရက်နေ့ညက ၀ စစ်ယာဉ်တန်း ၈ စီး လောက် မိုင်းဆတ် ၀မ့်ဟုန့် ဘက်ကနေ မိုင်းကျွတ်ဘက် ဆင်းသွားတယ်။ SSA သွားတိုက်ဖို့ ၀မ့်ဟုန့်ကို စစ်အစိုးရထံ လွှဲပေး လိုက်တာလား၊ ဒါမှမဟုတ် ၀မ့်ဟုန့်ကို စွန့်ပြီး - SSA နဲ့ သွားပေါင်းမှာလား၊ စစ်အစိုးရကို ပြန်တိုက်မှာလား။ အခု စစ်အစိုးရက သျှမ်းတပ်ကို ဆွေးနွေးဖို့ ထိုင်းအစိုးရကို ကမ်းလှမ်း ထားခိုင်းတယ် ဆိုတော့ တကယ်တမ်း ၀ က သျှမ်းနဲ့ ပေါင်းဖို့ စိတ်ကူးရှိရင် အခြေအနေက တမျိုး ပြောင်းသွားနိုင်တယ်”

မြောက်ပိုင်း ၀ အရာရှိ တဦးကလည်း - “အခု နယ်စပ် ဘက်မှာလဲ တရုပ်လုံခြုံရေး တပ်တွေ ရှိတုန်းဘဲ၊ ပြီးခဲ့တဲ့ ၁၇ ရက်နေ့ တုန်းကလဲ တရုပ် အာဏာပိုင်တွေ အစည်းအဝေး လုပ်တယ်။ ကိုးကန့် ဒေသထဲက တရုပ်လူမျိုးတွေ ဒီလ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး တရုပ်ပြည်ထဲ ပြန်ဖို့ပြောတယ်။ အဲဒီ အခြေအနေကို ကြည့်ရင် ကျနော်တို့ ဘက်ကလည်း စိတ်မချရတော့ ဘူး” - ဟု ဆို၏။

ထိုအရာရှိကဆက်၍- ကိုးကန့် အရေးအခင်းမှ ရသော သင်ခန်းစာ အရ စစ်အစိုးရကို ပေါ့ပေါ့ တန်တန် တွက်ချက်၍ မရကြောင်း၊ ၀ ဘက်ကလည်း လုံခြုံရေး အတွက် တရုပ်ငွေ သန်းပေါင်း ဆယ်ချီသုံးပြီး နယ်ခြားမျဉ်း တလျှောက် နေရာ အသီးသီး၌ ကတုတ် ကျဉ်းများ ခံတပ်များ ဘန်ကာကျဉ်းများ ပြင်ဆင် ထားကြောင်း၊ ခံစစ်အတွက် အရံ အင်အားဖြစ်သည့် ကျေးရွာ ပြည်သူ့စစ် အိမ်တိုင်းအား သေနတ်များ၊ ကျဉ်ဆံများ ထုတ်ပေးထားကြောင်း၊ ၀ တမျိုးသားလုံး အတွက် ခုခံ တိုက်ခိုက်သွားမှာ ဖြစ်ကြောင်း ဆက်ပြောပါသည်။

နယ်စပ်ရှိ အပစ်ရပ်တပ်ဖွဲ့များအားလုံး နယ်ခြားစောင့်တပ် အသွင် ပြောင်းရန် အတွက် ၆ လ အချိန် ပေးထားသည်မှာ အောက်တိုဘာလက နောက်ဆုံး သတ်မှတ်ရက် ဖြစ်ကြောင်း၊ တရုပ်ပြည် ထူထောင်သော နေ့မှာ အောက်တိုဘာ ၁ ရက်နေ့ ဖြစ်ကြောင်း ၀ အရာရှိက ပြောပါသည်။

Ref: သျှမ်းသံတော်ဆင့်

0 comments:

အပေါ်သို့