..............................

Thursday, July 2, 2009

လမ်းပြင်ပေးမယ်ပြောပြီး ကြံ့ဖွံ့ထဲဝင်ခိုင်း

NEJ / ၁ ဇူလိုင် ၂၀၀၉

ရန်ကုန်တိုင်းအတွင်းမှ မြို့နယ်အချို့တွင် လမ်းပြင်ပေးမည်ဟု ပြောပြီး အဆိုပါ လမ်းတွင် နေထိုင်သူများကို ကြံ့ဖွံ့ အဖွဲ့ထဲ ၀င်ရန် ဖိအားပေးနေကြောင်း သိရသည်။

မြို့တော်စည်ပင်မှ ပြင်ဆင်ပေးခြင်းမရှိသည့် ဆိုးဝါးနေသည့် လမ်းများကို ကြံ့ဖွံ့ အဖွဲ့ဝင်များက ရပ်ကွက် လူကြီးများမှ တဆင့် လမ်းပြင်ပေးမည်၊ ပြည်သူများက ငွေထည့်စရာ မလိုကြောင်း၊ သို့သော် လမ်းတွင်း နေထိုင်သူများက ကြံ့ဖွံ့အဖွဲ့သို့ ၀င်ရမည်ဟု ပြောဆိုစည်းရုံးနေကြောင်း ကိုယ်တွေ့ကြုံသူများက ပြောသည်။

ရန်ကုန်တိုင်း တောင်ဒဂုံ (၇၁) ရပ်ကွက်တွင် နေထိုင်သူ တဦးက “အဲဒါနဲ့ ရပ်ကွက် လူကြီးတွေက ဝင်ပါ့မယ် ကတိ ပေးလိုက်တယ်။ အဲဒီနောက် စည်ပင်က လူတွေလာတယ်။ လမ်းကို တိုင်းထွာပြီး ကျောက်ခဲတွေ လာပုံ သွားကြတယ်။ နောက် အင်္ကျီအဝါ ဝတ်ထားတဲ့ အမျိုးသမီးရေးရာ အဖွဲ့ဝင်တွေ လာပြီး အိမ်တိုင်းကို ကြံ့ဖွံ့ အဖွဲ့ဝင် လျှောက်လွှာ ပုံစံတွေ လာပေးသွားတယ်။ ပုံစံတွေ ဖြည့်ပြီး ရပ်ကွက်ရုံးကို သွားပေးရတယ်။ နောက်တော့ ကြံ့ဖွံ့အဖွဲ့ဝင် ကတ်ပြားတွေ အိမ်တိုင်ရာရောက် လာဝေပေးသွားတယ်။ ဒါပေမယ့် ဒီနေ့ထက်ထိ လမ်းပြင်တာ မတွေ့ရသေးဘူး” ဟု ပြောသည်။

ငွေမထည့်ရဘဲ လမ်းပြင်ပေးမည်ဆိုခြင်းကြောင့် ရပ်ကွက်အတွင်း နေထိုင်သူ အများစုက ကြံ့ဖွံ့ အဖွဲ့ဝင်ရန် လျှောက်လွှာ ဖြည့်စွက်ကြကြောင်း သိရသည်။

အလားတူလုပ်ရပ်များကို ရန်ကုန်မြို့လယ်ခေါင်တွင်ပင် ယခုတလော လုပ်ကိုင်နေပြီး အင်းစိန် တောင်သူကုန်း ရပ်ကွက်တွင်မူ ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်း ကိုယ်တိုင် ဦးစီးကြောင်း ဒေသခံများက ပြောသည်။

မင်္ဂလာဈေးအနီး နေထိုင်သူတဦးက “ကျနော်တို့လမ်းမှာက ငွေကြေး တတ်နိုင်တဲ့ သူတွေက ကိုယ့်ငွေနဲ့ကိုယ် ကိုယ်ထူကိုယ်ထ လမ်းခင်းဖို့ စည်ပင်သာယာရေး အဖွဲ့ကို တင်ပြတယ်။ ဒါပေမယ့် သူတို့က လမ်းထိပ်မှာ ပြည်ခိုင်ဖြိုး အဖွဲ့က ဦးစီးပြီး ပြုပြင်ပေးနေပါတယ် ဆိုတဲ့ ဆိုင်းဘုတ်ကို ချိတ်မယ်၊ သူတို့က ဦးစီးမယ် ပြောလာတယ်။ ပထမတော့ လမ်းထဲက လူတွေက ကြံ့ဖွံ့လက်ထဲ ငွေအပ်လိုက်ရမှာမို့ မကျေနပ်ကြဘူး။ နောက်တော့ တခြားရွေးချယ်စရာလမ်း မရှိတော့ သဘော တူလိုက်ရတယ်။ ဘယ်သူ ကမှတော့ မကျေနပ်ဘူး” ဟု ပြောသည်။

လသာ၊ ကျောက်တံတား၊ ဗိုလ်တထောင်မြို့နယ်များ၌လည်း ကိုယ့်ငွေ ကိုယ်စိုက်ထုတ်ပြီး ရေပိုက်၊ ရေမြောင်း၊ ပလက်ဖောင်း ပြုပြင်ခြင်း လုပ်ငန်းများကို ပြည်ခိုင်ဖြိုးမှ ဦးစီးပြီး ပြုလုပ်နေပါသည် ဆိုသည့် ဆိုင်းဘုတ် ချိတ်ဆွဲပြီး လုပ်နေကြကြောင်း မြို့ခံများက ပြောသည်။

ရန်ကုန်မြို့ခံတဦးက “စည်ပင်က လုပ်မပေးလို့ ပြည်သူတွေ ငွေကုန် ကြေးကျခံပြီး ကိုယ့်အား ကိုယ်ကိုး လမ်းပြင်ကြတာ ကိုတောင် ကြံ့ဖွံ့အဖွဲ့က ဦးဆောင် လုပ်ကိုင်နေတယ် ဆိုပြီး နိုင်ငံရေး အမြတ်ထုတ်နေတယ်။ ဒီလို လုပ်နေတာဟာ လာမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲ အတွက် ကြံ့ဖွံ့အဖွဲ့က ကြိုတင်ပြင်ဆင်မှု တခုအနေနဲ့ လုပ်နေတာ ဖြစ်နိုင်တယ်” ဟု ပြောသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့