..............................

Thursday, July 2, 2009

ကျောင်းသားများ နှာခေါင်းစည်း မတပ်ရန် ရန်ကုန်တိုင်းရုံးမှ ညွှန်ကြား

NEJ / ၁ ဇူလိုင် ၂၀၀၉

ကမ္ဘာ့လူတုပ်ကွေး ရောဂါကာကွယ်ရန်အတွက် ကျောင်းသားကျောင်းသူများ အားလုံး အကာအကွယ် အဖြစ် နှာခေါင်းစည်း၊ ပါးစပ်စည်းများ တပ်ဆင်ကြသည် ကို ရန်ကုန်တိုင်း ရုံးက မလိုလားကြောင်း ရန်ကုန် မြို့ခံများက ပြောသည်။

ယင်းသို့ မလိုလားသည့်အတွက် ရန်ကုန်ရှိ နာမည်ကြီး စာသင်ကျောင်း များသို့ ဆက်သွယ်ကာ နှာခေါင်းစည်း၊ ပါးစပ်စည်းများ မတပ်ဆင်ရန် ကျောင်းအုပ်ကြီးများကို အကြောင်း ကြားထားကြောင်း ရန်ကုန်တိုင်းရုံး ပြောရေး ဆိုခွင့်ရှိသူ တဦးက ပြောသည်။

“အကြောင်းကြားထားပါလျက်နဲ့ တပ်ခိုင်းတဲ့ ကျောင်းအုပ်ကြီးကို အရေးယူမယ် ဆိုတာ မျိုးတော့ မထုတ်ပြန် သေးပါဘူး။ ဘာလို့ ဒီလိုလုပ်ရသလဲ ဆိုရင် လူတွေ အထိတ်တလန့် မဖြစ်စေချင် လို့ပါ” ဟု ၎င်းက ပြောသည်။

အလုံမြို့နယ်ရှိ ကျောင်းတကျောင်းမှ ပညာရေးဝန်ထမ်း တဦးကမူ နှာခေါင်းစည်းများ မတပ်ရ ဆိုသည့် ညွှန်ကြားချက်ကို ကျောင်းသား မိဘများ အနေဖြင့် ၎င်းတို့ သားသမီးများ တုပ်ကွေး အန္တရာယ်က ကင်းအောင် လုပ်ဆောင်ခြင်း ဖြစ်သည့်အတွက် လိုက်နာ ဆောင်ရွက်လိမ့်မည် မထင်ကြောင်း ပြောသည်။

ရန်ကုန်ရှိ နာမည်ကြီးကျောင်းများတွင် ရောဂါကာကွယ်ရေး အတွက် နှာခေါင်းစည်း၊ ပါးစပ်စည်းများကို ဇွန်လ (၂၈) ရက်နေ့ကပင် တပ်ဆင်သူ ကျောင်းသားအချို့ ရှိခဲ့ရာမှ ယခုနောက်ပိုင်း ကျောင်းသားတိုင်း လိုလို တပ်ဆင် လာကြကြောင်း အ.ထ.က (၁) ဒဂုံမှ ဆရာမ တဦးက ပြောသည်။

“ကျမတို့ကျောင်းမှာ အခု ကျောင်းအုပ်ကြီးက အဲဒါတွေကို မတပ်ခိုင်းတော့ဘူး။ တိုင်းရုံးရဲ့ အမိန့်လို့ ပြောပါတယ်။ ကျောင်းသားတွေကို မတပ်ခိုင်း တော့ဘူး” ဟု ၎င်းက ပြောသည်။

ရန်ကုန်တွင် ကမ္ဘာ့လူတုပ်ကွေးရောဂါ စတင်ဖြစ်ပွားသည် ဟူသော သတင်း ထုတ်ပြန် ကြေညာပြီးနောက် နှာခေါင်းစည်း၊ ပါးစပ်စည်းများ ဈေးနှုန်းမြင့်တက် ခဲ့ကြောင်းလည်း ရန်ကုန်မြို့ခံများက ပြောသည်။

“ဈေးတွေကလည်း အရင်က တခုကို (၅၀) ကျပ်၊ အခု (၅၀၀) ကျပ်တဲ့၊ အံ့တောင်သြပါတယ်။ ဒါတွေကို ဈေးမတက်ရအောင် ထိန်းချုပ်မှာကို မလုပ်ဘဲနဲ့ ရောဂါ ကာကွယ်တာတွေကို ကျတော့ လူတွေ ထိတ်လန့် ဖြစ်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျောင်းသားတွေကို မတပ်ခိုင်းဘူးလို့ ပြောတာတော့ တရားလွန်တယ်” ဟု ကမာရွတ်မြို့နယ် ကျောင်းသားမိဘ တဦးက ပြောသည်။

ကျောင်းသားမိဘများက ၎င်းတို့သားသမီးများအား ကျောင်းလွှတ်ရမည် ကိုပင် စိတ်မချ ဖြစ်နေကြကြောင်း သိရသည်။

“အခုလိုမျိုး နှာခေါင်းစည်းတွေ မတပ်ရဘူးဆိုတော့ ကျမက သမီးကို ကျောင်း မလွှတ်ချင်တော့ဘူး။ အိမ်က ကားနဲ့ သွားပို့သွားကြို လုပ်ရတာဖြစ်ပေမယ့် ကျောင်းမှာက ကလေးတွေ အများကြီးလေ၊ တယောက်ယောက် မှာများ အဲဒီ တုပ်ကွေးရောဂါ ရှိနေရင် ကူးမှာလေ” ဟု ပြောသည်။

“အမှန်မှာတော့ ဒီလိုမျိုး နှာခေါင်းစည်းတယ်ဆိုတာမျိုးက စနစ်တကျ ဆောင်ရွက်ရင် တော်တော် ထိရောက်မှု ရှိပါတယ်။ ကျောင်းတွေမှာတော့ တပ်ကို တပ်ထားသင့်တဲ့ ကိစ္စပါ။ ဒါကြောင့်လည်း တချို့ ကျောင်းတွေမှာ ဆိုရင် ပိတ်ကို နှာခေါင်း၊ ပါးစပ်စည်းတွေ ချုပ်ပေးဖို့တောင် လုပ်နေကြပါပြီ။ ဒါတွေကို မတပ်ရဘူးလို့ အမိန့် ထုတ်တာကတော့ အလွန်ကို ရှက်စရာ ကောင်းတဲ့ ကိစ္စပါ။ ဒါကို လိုက်နာတဲ့ ပညာရေး ၀န်ထမ်းတွေလည်း ရှိနိုင်ကောင်း ပါတယ်။ သူတို့ရဲ့ မှားယွင်းမှုပေါ့လေ” ဟု ရန်ကုန်တိုင်း ကျန်းမာရေး ဦးစီးဌာနက တာဝန်ရှိသူ တဦးက ပြောသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့