..............................

Thursday, July 2, 2009

ဘယ်သူသေသေ ငတေမာဖို့ ဒီလို စီမံကိန်းတွေ ရှိတယ်ဗျို့  အပိုင်း (၂)

06.29.09

မြန်မာစစ်အစိုးရ၏ စစ်လက်နက်အင်အားတိုးချဲ့ရေးမဟာ စီမံကိန်းများ အပိုင်း (၂)

ဆောင်းပါးရှင် - ဗဟိန်း (ပြည်တွင်းမှ တပ်မတော် အရာရှိ တစ်ဦး)

အပိုင်း (၁) အား ဒီနေရာမှာ နှိပ်ပြီး ပြန်လည် လေ့လာ ဖတ်ရှု နိုင်ပါတယ်။ စစ်အစိုးရရဲ့ စစ်လက်နက် အင်အား တိုးချဲ့ရေး မဟာ စီမံကိန်း များကို စတင် အကောင် အထည်ဖေါ် လာတာ ကတော့ ဗိုလ်ချုပ်သန်းရွှေ တပ်ချုပ်ကြီး စဖြစ်လာတဲ့ ၁၉၉၂ နောက်ပိုင်းမှာလို့ ပြောရမှာပါ။ ဒီအရင် မတိုင်ခင် ကတည်းက စစ်အစိုးရ အနေနဲ့ တရုတ်ပြည်နဲ့ နားလည်မှုယူပြီး နိုင်ငံရေးအရ ထောက်ခံမှုကို ရယူခဲ့ပြီး စစ်ရေး အကူအညီများကို စတင် ရယူခဲ့တာပါ။ ဒါပေမဲ့ ဗိုလ်ချုပ်သန်းရွှေ တပ်ချုပ်ကြီး ဖြစ်တဲ့ အချိန်မှာ သူပထမဆုံး စလုပ်တဲ့ စစ်လက်နက်အင် အားတိုးချဲ့ ရေး စီမံကိန်း ကတော့ Rocketry Systems လို့ ခေါ်တဲ့ ဒုံးလက်နက်များ တည်ဆောက်ရေး ပါပဲ။

ဒုံးများကို တာဝေးပစ်ဒုံး၊ တာလတ်ပစ်ဒုံး ဆိုပြီး နှစ်မျိုးစလုံးကို တည်ဆောက်ဖို့ ရည်ရွယ် ခဲ့ပါတယ်။ အမျိုးအစား တွေကလည်း မြေပြင်မှ မြေပြင်ပစ်၊ မြေပြင် မှ ဝေဟင်ပစ်နဲ့ ဝေဟင်မှ ဝေဟင်ပစ် ဒုံးအမျိုးမျိုး ဖြစ်ကြပါတယ်။ ကကထုတ်ရဲ့  ကပစ (၄)က ပုံစံရေးဆွဲသူ designers များကို ပုံစံများ ရေးဆွဲစေခဲ့ပြီး စီမံကိန်းက အသေးစိပ် တင်ပြစေခဲ့ရာမှာ ၁၉၉၃ ခုနှစ်ဦးပိုင်းမှာ စီိမံကိန်းကို အတည်ပြုမိန့် ပေးခဲ့ပါတယ်။

စီမံကိန်း အတည်ပြုပြီးတာနဲ့ တပြိုင်နက် မြေနေရာ ရှာဖွေခြင်း၊ နိုင်ငံခြား တိုင်းပြည်များနဲ့ ဆက်သွယ်၍ စက်ရုံ တည်ဆောက်ရေး၊ စက်ပစ္စည်းများ ၀ယ်ယူရေး၊ တပ်ဆင်ရေး တို့ကို အပူတပြင်း ဆောင်ရွက် ရပါတော့တယ်။ စီမံကိန်း အတွက် ပညာရှင်များကိုတော့ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ တရုတ်နဲ့ ရုရှားမှ ပညာရှင်များကို ခေါ်ယူခဲ့ပါတယ်။ စက်ရုံအတွက် စက်ပစ္စည်းများ ကိုတော့ တောင်ကိုရီးယား၊ တရုတ်နဲ့ ရုရှား နိုင်ငံများက တင်သွင်း ပါတယ်။ ၂၀၀၃-၂၀၀၄ ခုနှစ် မှာ အပြီးသတ် ဆောက်လုပ်နိုင်ခဲ့ပြီး ထုတ်လုပ်မှုများ စတင်ခဲ့ပြီ ဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံ ဒေ၀ူးကုမ္ပဏီမှ တောင်ကိုရီးယား ပညာရှင်များကို ခေါ်ယူ တည်ဆောက်ရာမှာ အချို့ လုပ်ငန်းရပ်များအား မြောက်ကိုရီးယား ပညာရှင် များကို ခေါ်ယူသုံးရပါတယ်။ ဒါပေမယ့် တဖွဲ့နဲ့ တဖွဲ့ ဆက်စပ်မှု မရှိအောင် စီစဉ်ပြီး လုပ်ခဲ့ရပါတယ်။ အဲဒီအချိန် ကာလတုံးက မြန်မာနဲ့ မြောက်ကိုရီးယား နိုင်ငံတို့ သံတမန် တရားဝင် ပြန်လည် ဆက်သွယ်ခြင်း မပြုရသေးသော်လည်း လျှို့ဝှက် ဆက်သွယ်မှုများ ရှိနေပြီ ဖြစ်ပါတယ်။ မြောက်ကိုရီးယား ပညာရှင်များကို တရုတ်နိုင်ငံမှ တဆင့် ဖြတ်ကျော်ပြီး တရုတ်-ဗမာ နယ်စပ်ကနေ လူမှောင်ခိုသွင်း ခေါ်ယူ ခဲ့ခြင်း ဖြစ်ပါတယ်။

စက်ရုံစီမံကိန်းအတွက် ပညာရှင်များမှအစ လူအင်အား စုဆောင်းခြင်း၊ စက်ပစ္စည်းများ တင်သွင်းခြင်း၊ ငွေပေး ချေခြင်း တို့ကို လျှို့ ဝှက်လုပ်တာ ဖြစ်တဲ့အတွက် ကြားခံ ကိုယ်စားလှယ် ကုမ္ပဏီများထားပြီး လုပ်ခဲ့ပါတယ်။ ဒီကြားခံ ကိုယ်စားလှယ်ကတော့ စိုးမင်းထိုက် ကုမ္ပဏီပဲ ဖြစ်ပါတယ်။ ငွေပေး ငွေယူ ကိစ္စတွေမှာ အထူးလျှို့ ဝှက် ဆောင်ရွက် ရတာတွေ ရှိတာကြောင့် အထက်အဆင့် အမြင့်ဆုံး အပိုင်းကသာ သိရှိနိုင်ပါတယ်။

နိုင်ငံခြားမှ လက်နက်များ၊ စစ်ပစ္စည်းများ၊ စစ်လေယာဉ်၊ ရဟတ်ယာဉ်၊ စစ်ရေယာဉ် ၊အမြောက်ကြီးများ၊ အစရှိသည် တို့ကို ၀ယ်ယူ တင်သွင်းရာမှာ အဓိက ပါဝင်တဲ့ တေဇရဲ့ ကုမ္ပဏီများ ပါဝင်ခြင်း ရှိမရှိ၊ စိုးမင်းထိုက်ဟာ တေဇရဲ့ လက်အောက်ခံ ကုမ္ပဏီ တစ်ခု ဟုတ် မဟုတ်တော့ မသိနိုင်ပါ။ ဒါပေမဲ့ ဒုထုတ်ချုပ်လို့ ခေါ်တဲ့ ဗိုလ်မှူးချုပ် ခင်မောင်ဝင်း တာဝန် ထမ်းဆောင်စဉ် ကတောင် ကပစ စက်ရုံများကို ၀င်ရင် စစ်ဆေး မြန်းခြင်း ခံရပေမဲ့ စိုးမင်းထိုက် ကိုတော့ မည်သည့် ကပစသို့ မဆို အစစ်အဆေး အမေးအမြန်း မရှိ ၀င်ခွင့် ပြုတာများကို ထောက်ရင်တော့ စိုးမင်းထိုက်ရဲ့  အရေးပါပုံကို သိသာ နိုင်ပါတယ်။

တောင်ကိုရီးယားနိုင်ငံ ဒေ၀ူးကုမ္ပဏီဟာ မြန်မာ့ကမ်းလွန် ရေနံနဲ့ ဓါတ်ငွေ့ ရှာဖွေ ထုတ်လုပ်ရေးမှာ အဓိကလုပ်ပိုင် ခွင့်ရနေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ကမ်းလွန် ရေနံနဲ့ ဓါတ်ငွေ့များကို ထိုင်းနိုင်ငံသို့ ရောင်းချရုံနဲ့ မြန်မာ စစ်အစိုးရ အတွက် တစ်နှစ်ကို ဒေါ်လာ သန်းပေါင်း ထောင်ချီပြီး ၀င်ငွေများ ရနေပါတယ်။ ဒီဝင်ငွေ များဟာ တိုင်းပြည်ရဲ့ ဘဏ္ဍာငွေ စာရင်းများ ထဲကို မရောက်ပဲ ပြည်ပနိုင်ငံ တချို့မှာ ငွေစာရင်း ဖွင့်ပြီး ထည့်ထားပါတယ်။

ဒီငွေစာရင်းများကို သိသူ ထိန်းသိမ်းသူကတော့ ထိပ်ပိုင်းက တစ်ဦးနှစ်ဦးသာ ဖြစ်ပါတယ်။ အဲဒါတွေကို ဦးပိုင် ကုမ္ပဏီနဲ့ Myanmar Economic Holdings လို့ ခေါ်တဲ့ စစ်အစိုးရရဲ့ အလျှို့ ဝှက်ဆုံး financial institution က ချုပ်ကိုင်ပါတယ်။ ဒီ ဦးပိုင် နဲ့ MEH တို့ကို တာဝန်ယူ လုပ်ကိုင်ရသူ ကတော့ ကကထုတ် ရဲ့ ထုတ်ချုပ်လဲ ဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးတင်အေး ဖြစ်ပါတယ်။

ဒါကြောင့် တောင်ကိုရီးယားဟာ အရေးကြီးတဲ့ ဓါတ်ငွေ့ ရှာဖွေ ထုတ်လုပ်ခွင့်တွေ ရရှိတာဟာ မထူးဆန်းသလို လျှို့ဝှက် လက်နက် စက်ရုံကြီးတွေ တည်ဆောက် ခွင့်ရတာလည်း မဆန်းဘူးလို့ ပြောလို့ရပါတယ်။ ဒါ့အပြင် တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားလို ရန်သူနိုင်ငံ နှစ်ခုက ပညာရှင်တွေကို ဒီလို လက်နက် ဆန်းတွေ ထုတ်နိုင်တဲ့ စက်ရုံကြီးတွေမှာ တဖွဲ့နဲ့ တဖွဲ့ မသိစေရပဲ လုပ်ကိုင်နေကြတာ၊ တောင်ကိုရီးယားကြောင့် ရတဲ့ဝင်ငွေ တွေထဲက မြောက်ကိုရီးယားတို့ ရုရှားတို့ကို ငွေပေးချေနေတာ တို့ကို ကြည့်ရင် မြန်မာနိုင်ငံကို ဘယ်လောက်ပဲ စီးပွားရေး ပိတ်ဆို့မှုတွေ လုပ်လုပ်၊ ဒီနိုင်ငံတွေကပဲ ငွေကြေး လည်ပတ်အောင် ကူညီနေသလို မြန်မာ စစ်အစိုးရရဲ့  စစ်လက်နက် တိုးချဲ့ ရေးကို တဖက်က အားပေး ကူညီနေတာတွေကို တွေ့နိုင်ပါတယ်။

ဗိုလ်ချုပ်သန်းရွှေရဲ့ စစ်လက်နက် အင်အားတိုးချဲ့ရေး မဟာ စီမံကိန်းများရဲ့ ပထမ အဆင့် ဖြစ်တဲ့ ဒုံးလက်နက်များ တည်ဆောက် တပ်ဆင်ရေး စီမံကိန်းမှာ ကိုယ့်ပြည်တွင်းမှာ တည်ဆောက်တဲ့ missiles များသာမက ပြည်ပက အဆင့်မြင့် missiles များလည်း ၀ယ်ယူရေး အစီအမံလည်း ပါပါတယ်။ နိုင်ငံတကာက စောင့်ကြည့်နေတဲ့ ကြားကပဲ လက်နက်မျိုးစုံ၊ စစ်ပစ္စည်းမျိုးစုံကို ၀ယ်ယူ တင်သွင်း နေပါတယ်။ အထူးသဖြင့် တရုတ်၊ ရုရှား၊ ယူကရိန်း၊ စင်္ကာပူ အစရှိတဲ့ နိုင်ငံများက ၀ယ်ယူ တင်သွင်းသလို နောက်ပိုင်းမှာ အိန္ဒိယ နိုင်ငံကပါ ၀ယ်ယူ တင်သွင်းနေ ပါတယ်။

ဒီနိုင်ငံတွေနဲ့ အရောင်းအ၀ယ် လုပ်ရာမှာ ငွေကြေးရှင်းရာမှာ စီးပွားရေး ပိတ်ဆို့မှု တွေကြောင့် ငွေကြေးစနစ် ကိုလည်း ထိခိုက်တဲ့ အတွက် နောက်ပိုင်း မြောက်ကိုရီးယားနဲ့ အလုပ်လုပ်ရာမှာတော့ အဆင်ပြေတာတွေ ရှိခဲ့ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မြောက်ကိုရီးယား နဲ့က ပစ္စည်းချင်း ဖလှယ်တဲ့ Barter system ကို သုံးနိုင်လို့ ပါပဲ။ မြောက်ကိုရီးယားက လိုနေတဲ့ ဆန်၊ ပြောင်း၊ ပဲ၊ သီးနှံ စတာတွေနဲ့ စစ်လက်နက် ပစ္စည်းတွေ၊ နည်းပညာတွေကို လဲလှယ်လို့ ရပါတယ်။

ဗိုလ်ချုပ်သန်းရွှေရဲ့ စစ်လက်နက် အင်အားတိုးချဲ့ရေး မဟာ စီမံကိန်းရဲ့ ဒုတိယ အဆင့် စီမံကိန်း ကတော့ နျူကလီးယား လက်နက်များ ပိုင်ဆိုင်ရေး စီမံကိန်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံလို စီးပွားရေး ချွတ်ချုံကျနေတဲ့ နိုင်ငံ တစ်နိုင်ငံအတွက် နျူကလီးယား လက်နက်များ ပိုင်ဆိုင်အောင် ကြံစည်တယ် ဆိုတာကတော့ အကြီးအကျယ် ရူးခြင်း တစ်မျိုးလို့သာ ဆိုရပါမယ်။ ပထမက နျူကလီးယား လက်နက်နဲ့ ဘယ်လို ရန်သူမျိုးကို ရင်ဆိုင်မှာလဲ ဆိုတာ စဉ်းစားဖို့ လိုပါတယ်။ အရှေ့တောင် အာရှမှာ ဘယ်နိုင်ငံမှာမှ နျူကလီးယား လက်နက်များ ပိုင်ဆိုင်ခြင်း မရှိကြပါ။ မြန်မာနိုင်ငံထက် စီးပွားရေး ပိုမို တိုးတက် ကောင်းမွန်တဲ့ နိုင်ငံများတောင်မှ နျူကလီးယား လက်နက်များ ပိုင်ဆိုင်ရန် စဉ်းစားခြင်း မရှိပါ။ တရုတ်၊ အိန္ဒိယ၊ အစရှိတဲ့ နိုင်ငံကြီးများ ထုတ်လုပ် ပိုင်ဆိုင် ကြတာကိုတော့ နားလည်နိုင်ကြ ပါတယ်။

ဒါကြောင့် ဗိုလ်သန်းရွှေရဲ့ နျူကလီးယား လက်နက် အိပ်မက်ဟာ ဘာကို အားကျပြီး လုပ်တာလဲလို့ မေးရရင် အီရန်တို့ မြောက်ကိုရီးယား တို့ကို အားကျလို့ လုပ်တာလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် မြောက်ကိုရီးယား နိုင်ငံဟာ အနုမြူလက်နက် ထုတ်လုပ်ဖို့ လုပ်နေတာတွေဟာ ဒီလက်နက်ကို ပြပြီး ဆင်းရဲလှတဲ့ သူ့ရဲ့ ပြည်သူတွေ အတွက် အစားအစာနဲ့ လောင်စာဆီ အစရှိသည် တို့ကို နိုင်ငံကြီးများက ထောက်ပံ့အောင် လုပ်နေတယ် ဆိုတာ ထင်ရှားနေသလို သူ့လုပ်ရပ်ဟာ ဒေသတွင်း ငြိမ်းချမ်းရေးကိုလဲ အကြီးအကျယ် ခြိမ်းခြောက်မှု ရှိနေတယ် ဆိုတာ တွေ့ရပါတယ်။

မြောက်ကိုရီးးယားကို အားကျပြီး ဗိုလ်သန်းရွှေကလဲ ဒီလက်နက်တွေ ရရှိပိုင်ဆိုင် လာရင်တော့ အရှေ့တောင် အာရှမှ နျူကလီးယား ပြိုင်ဆိုင်မှုများ ဖြစ်လာ တော့မယ်၊ ဒေသတွင်း လုံခြုံရေးကို ခြိမ်းခြောက် လာတော့မယ် ဖြစ်ပါတယ်။ အထူးသဖြင့် သမိုင်း တလျှောက်လုံး ရန်သူနိုင်ငံလို့ သတ်မှတ်ခဲ့တဲ့ ထိုင်း နိုင်ငံကို ခြိမ်းခြောက် နိုင်တော့မယ်လို့ ထင်နေပုံ ရပါတယ်။ နောက်ပြီး အမေရိကန်နဲ့ အနောက် နိုင်ငံများကို မြောက်ကိုရီးယား လုပ်သလို ပခုံးချင်း ယှဉ်နိုင်တော့မယ်လို့ လည်း ထင်နေပုံရ ပါတယ်။

ဘယ်လိုရည်ရွယ်ချက်များနှင့်ဖြစ်စေ ဒီနျူကလီးယား လက်နက် စီမံကိန်းကို စလိုက်ပြီ ဆိုကတည်းက အရင် စီမံကိန်းတုံးက လိုပဲ မြေနေရာ ရွေးချယ်ခြင်းက စရ ပါတော့တယ်။ သိပ္ပံနဲ့ နည်းပညာ ၀န်ကြီးဌာနနဲ့ ကကထုတ်တို့ ပေါင်းပြီး လုပ်ငန်းများ စရပါတော့တယ်။ မကွေးတိုင်း၊ စေတုတ္တရာ ဒေသကို ရွေးချယ်လိုက်ပြီး နောက်ပိုင်း ဆက်စပ် ဒေသများ ဖြစ်တဲ့ ပွင့်ဖြူမြို့နယ်၊ နတ်မောက်မြို့နယ် များအပြင် မန္တလေးတိုင်း၊ ပြင်ဦးလွင် မြို့ နယ်များ အထိပါ ရွေးချယ် လာတာတွေ ရှိပါတယ်။

ဒီစီမံကိန်းကို အကောင်အထည်ဖေါ်ဖို့ ပထမဆုံး ရုရှားနဲ့ စကားပြော ကြရပါတယ်။ အနုမြူ ဓါတ်ပေါင်းဖို ရောင်းချပေးဖို့၊ တည်ဆောက်ပေးဖို့၊ နှစ်နိုင်ငံ စာချုပ်များ ချုပ်ဆို ခဲ့ကြပါတယ်။ ပညာတော်သင်များ အဖြစ် မေမြို့ စစ်တက္ကသိုလ် အင်ဂျင်နီယာ ဗိုလ်သင်တန်း ကျောင်းဆင်းများကို ရုရှားနိုင်ငံ မော်စကိုသို့၎င်း၊ အချို့ကို တရုတ်ပြည်သို့၎င်း စေလွှတ် ပညာသင် စေခဲ့ပါတယ်။ ယခုအခါ မော်စကိုသို့ စေလွှတ်ခဲ့ပြီး ပညာသင်များ ၅၀၀၀ ကျော် ရှိနေပြီဖြစ်ကြောင်း သိရပါတယ်။

ရုရှားအကူအညီနဲ့ ဆောက်မဲ့ အစီအစဉ်တွေမှာ ဘဏ္ဍာရေး အခြေ အနေ တွေကြောင့် နှောင့်နှေး ကြန့်ကြာမှုများ ရှိခဲ့သော်လည်း ဒီအနုမြူ လက်နက်များ စီမံကိန်းကို မဖြစ်မနေ ဆက်လုပ် သွားမှာ ဖြစ်လို့ ၂၀၂၅ မှာ အနုမြူ လက်နက် ပိုင်ဆိုင်ရမယ် ဆိုတဲ့ ပန်းတိုင်ကို အရောက် လှမ်းတော့မှာ ဖြစ်ပါတယ်။ နောက်ပိုင်း ရုရှားနဲ့ လုပ်လို့ မရတဲ့ လုပ်ငန်းတွေမှာ မြောက်ကိုရီးယားက အကူအညီ ယူရတာပါပဲ။
မြောက်ကိုရီးယားနဲ့ ဆက်စပ်လုပ်ကိုင်မှု များလာသည်နှင့် အမျှ ဗိုလ်သန်းရွှေဟာလည်း မြောက်ကိုရီးယားရဲ့ ၀င်ရိုးတန်း နိုင်ငံများထဲမှာ အလိုလို ပါဝင်လာတာ မဆန်းပါဘူး။ ပါကစ္စတန်က Khan စလိုက်တဲ့ နျူကလီးယား နည်းပညာ ပျံ့နှံ့မှု ဂယက်ကြောင့် အီရန်၊ ဆီးရီးယား၊ မြောက်ကိုရီးယားတို့ အထိ နည်းပညာများ ပြန့်သွားပြီး ယခု စစ်အာဏာရှင် ဗိုလ်သန်းရွှေလိုလူမျိုး လက်ထဲသို့ လူထောင်ပေါင်း များစွာ သေကြေစေနိုင်မဲ့ လက်နက်များ ရသွားမယ် ဆိုရင် ဗမာနိုင်ငံရဲ့ အရေးဟာ အခုလက်ရှိ အခြေအနေထက် အဆပေါင်း များစွာ ပိုပြီး အန္တရာယ် ရှိလာမယ် ဆိုတာကိုတော့ အထူးစဉ်းစား နေစရာ မလိုတော့ပါ။

ဒါကြောင့် ယခုရက်ပိုင်းအတွင်း သီလ၀ါမှာ ဆိုက်ကပ်မယ်လို့ သတင်းထွက်နေတဲ့ မြောက်ကိုရီးယား သင်္ဘောမှာ ယခုတကြိမ် လက်နက်ငယ်တွေပဲ တင်ဆောင် လာစေဦးတော့ နောက်ပိုင်းမှာ မြောက်ကိုရီးယားက kang Nam လို သင်္ဘောတွေ မြောက်မြားစွာ ဆက်လက် လာနေဦးမှာ ဖြစ်ပြီး တချိန်ချိန်မှာ အနုမြူ လက်နက်တွေ၊ နည်းပညာတွေ တင်ဆောင် လာမယ်ဆိုတာ ယုံမှားစရာ မရှိတော့ပါ။ နိုင်ငံတကာနဲ့ ဒေသတွင်း နိုင်ငံများက ယခုအချိန်က စပြီး မြန်မာ စစ်အစိုးရကို စောင့်ကြည့်ပြီး ၀င်ရိုးတန်း အုပ်စုထဲက ဆွဲထုတ်ဖို့ လိုနေပြီ ဖြစ်ကြောင်း တင်ပြ လိုက်ရပါတယ်။

Ref: ဖိုးတရုတ်

0 comments:

အပေါ်သို့