..............................

Thursday, July 2, 2009

ဘယ်သူသေသေ ငတေမာဖို့ ဒီလို စီမံကိန်းတွေ ရှိတယ်ဗျို့ 

06.28.09

မြန်မာစစ်အစိုးရ၏ စစ်လက်နက် အင်အားတိုးချဲ့ရေး မဟာ စီမံကိန်းများ အပိုင်း (၁)

ဆောင်းပါးရှင် - ဗဟိန်း (ပြည်တွင်းမှ တပ်မတော် အရာရှိ တစ်ဦး)

စာဖတ်ပရိသတ်များခင်ဗျား---

ပြည်သူလူထုရဲ့ကျန်းမာရေး၊ ပညာရေး စသဖြင့် အဖက်ဖက်က နိမ့်ကျနေပေမဲ့ ထိထိရောက်ရောက် ပံ့ပိုး ကြည့်ရူခြင်း မရှိဘဲ နအဖရဲ့ စစ်လက်နက် အင်အား တိုးချဲ့ရေး စီမံကိန်းးအရတော့ နျူကလီးယား လက်နက် ထုတ်လုပ်ဖို့ အထိ ရူးသွပ်လျှက်ရှိကြောင်း၊ နိုင်ငံရဲ့ သယံဇာတတွေကို ပြည်သူလူထု ကောင်းကျိုး အတွက် လုံးဝ အသုံးမပြုဘဲ ကိုယ်ကျိုးစီးပွါးနဲ့ အာဏာရှင်စနစ် အထောက်အကူ ပြုမယ့် စစ်တပ်နဲ့ စစ်လက်နက် တိုးချဲ့ ထုတ်လုပ်ဖို့ အတွက်သာ ကြံဆောင် အသုံးပြုနေကြောင်း ဒီဆောင်းပါးကို ဖတ်ရူရင်း သိရှိနိုင်ပါတယ်။

ကကထုတ် ဆိုတာကတော့ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှု ညွန်ကြားရေးမှူးရုံး ဖြစ်ပါတယ်။ တပ်မတော် (ကြည်း၊ ရေ၊ လေ) သုံး စစ်လက်နက်များ ထုတ်လုပ်သည့် စက်ရုံများကို ကွပ်ကဲ ညွန်ကြားပေးတဲ့ အဓိကရုံး ဖြစ်ပါတယ်။ တပ်မတော်ထဲမှာ အရင် ကတည်းက ရှိခဲ့တဲ့ တပ်အစိတ်အပိုင်း ဖြစ်ပါတယ်။ အဲဒီတုံးကတော့ ဖွဲ့စည်းပုံက အလွန် သေးငယ်ပါတယ်။ အထူးသဖြင့် လက်နက်ငယ်များနဲ့ ၄င်းအတွက် လိုအပ်တဲ့ ကျည်များကို ထုတ်လုပ်ခဲ့ပါတယ်။

အဲဒီတုံးက တပ်မတော်မှာ သုံးခဲ့တဲ့ ဂျီသရီး၊ ဂျီဖိုး အစရှိသည်များ အတွက် ဖြစ်ပြီး ဂျာမနီ နိုင်ငံက Fritz Werner ကုမ္ပဏီနဲ့ ပေါင်းစပ် လုပ်ကိုင်ခဲ့တာပါ။ အခု နအဖ စစ်အစိုးရ လက်ထက်မှာတော့ ဖွဲ့စည်းပုံက သိပ်ကွာခြားသွား ပါပြီ။ လက်နက်ငယ်များ သာမက လက်နက်ကြီးများလည်း ထုတ်လုပ်နေပါပြီ။ လက်နက်ကြီး အတွက် ခဲယမ်းများ၊ ကျည်များလည်း ထုတ်လုပ်နေပါပြီ။ ဒီထက်မက မြေပြင်မှ မြေပြင်ပစ် ဒုံးများ၊ မြေပြင်မှ ဝေဟင်ပစ် ဒုံးများကိုလည်း စမ်းသပ် ထုတ်လုပ်နေပါပြီ။ အခု နောက်ဆုံးကတော့ နျူကလီးယား လက်နက်များ ထုတ်လုပ်ဖို့ အထိ ပြင်ဆင်နေ ပါပြီ။

ကကထုတ်ရဲ့ လက်ရှိ တည်နေရာ ကတော့ ပျဉ်းမနား နေပြည်တော်မှာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအရ ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ် (ထုတ်ချုပ်)အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး တစ်ဦး၊ ဒုတိယ ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ် (ဒုထုတ်ချုပ်) အဖြစ် ဗိုလ်မှူးချုပ် တစ်ဦးတို့ ပါဝင်ပြီး လက်အောက်မှာတော့ အုပ်ချုပ်မှုနဲ့ ထုတ်လုပ်မှု ဆိုပြီး နှစ်ဖွဲ့ ခွဲထားပါတယ်။ ဒီအဖွဲ့ နှစ်ဖွဲ့စလုံးမှာ G1, G2, G3 နဲ့ ဌာနအလိုက် ရုံးအဖွဲ့များဖြင့် ဖွဲ့စည်း ထားပါတယ်။

လက်ရှိ ထုတ်ချုပ်ခေါ် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ် ကတော့ ဒုတိယဗိုလ်ချုပ်ကြီး တင်အေး ဖြစ်ပါတယ်။ ဒုထုတ်ချုပ်ကတော့ ဗိုလ်မှူးချုပ် ခင်မောင်ဝင်း ဖြစ်ပါတယ်။ ဗိုလ်မှူးချုပ် ခင်မောင်ဝင်းနောက် ဒုထုတ်ချုပ် ဖြစ်လာသူကတော့ ဗိုလ်မှူးချုပ် သိန်းဋ္ဌေး ဖြစ်ပါတယ်။ ကကထုတ်ရဲ့ လက်အောက်မှာ စက်ရုံ (၂၂) ခု ရှိပြီး စစ်လက်နက်၊ ခဲယမ်းနဲ့ ကျည်မျိုးစုံကို ထုတ်လုပ်ကာ ကြည်းရေလေ တပ်ရင်း တပ်ဖွဲ့များသို့ ဖြန့်ဖြူးလျက် ရှိပါတယ်။ ကကထုတ် လက်အောက်မှာရှိတဲ့ စက်ရုံ အသီးသီးရဲ့ တည်နေရာတွေ လုပ်ငန်းရပ်တွေကို အောက်ပါ အတိုင်း အကျဉ်းချုံး ဖေါ်ပြလိုက်ပါတယ်-

၁။ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှု တပ်ဖွဲ့၊ ပစ္စည်းထိန်းတပ် (ကထပ) ဟာ ရန်ကုန်မြို့ အင်းယားလိပ် ဟော်တယ်လမ်း၊ အင်းယားလိပ် ဟော်တယ်ရဲ့ မျက်နှာချင်းဆိုင်မှာ တည်ရှိပြီး မြေဧရိယာ အကျယ်အ၀န်းဟာ ဧက (၅၀) ခန့်သာ ရှိပါတယ်။ စစ်သည် အင်အားကတော့ ၂၀၀ ကျော်ရှိပြီး ကာကွယ်ရေး ပစ္စည်းစက်ရုံများမှာ လိုအပ်မယ့် ကုန်ကြမ်း ကုန်ချောတွေကို ၀ယ်ယူ ဖြန့်ဖြူးပေးတဲ့ တပ်ဖြစ်ပါတယ်။

၂။ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုတပ်ဖွဲ့၊ သင်တန်းကျောင်း (ကထက) ကတော့ ပဲခူးတိုင်း၊ ပန်းတောင်းမြို့ နယ်၊ ပြင်ကြီး ကျေးရွာမှာ တည်ရှိပါတယ်။ ဧရိယာ အကျယ်အ၀န်းက ဧက (၇၀၀) လောက်ရှိပြီး စစ်သည် အင်အား (၄၀၀) ကျော်ရှိပါတယ်။ ကာကွယ်ရေး ပစ္စည်းစက်ရုံ အားလုံးရဲ့ စစ်သည်များအား အခြေခံ စက်မှုပညာများ နည်းပညာများ သင်ကြားပို့ချ ပေးပါတယ်။

၃။ အမှတ် (၁) ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁) က ရန်ကုန်မြို့ အင်းယားလိပ် ဟော်တယ်ရှေ့ (ကထပ) နဲ့ တ၀န်းတည်း ဖြစ်ပါတယ်။ စစ်သည်အင်အား (၆၀၀) ကျော်ရှိပြီး ကပစ (၁၁) က ထုတ်တဲ့ MA1, MA2, MA3, MA4 လက်နက်တွေကို အပြီးသတ် တပ်ဆင် ထုတ်လုပ်ပါတယ်။

၎။ ကပစ (၂) ကတော့ မကွေးတိုင်း၊ အထက် မင်းလှမြို့နယ်၊ မလွန်ကျေးရွာ မြောက်ဖက်မှာ ရှိပါတယ်။ စစ်သည်အင်အား (၉၀၀) ကျော်ရှိပြီး မြေဧရိယာ အကျယ်အ၀န်းက ဧက ၁သိန်း ရှိပါတယ်။ လက်နက် စမ်းသပ်တဲ့ ပစ်ကွင်းအဖြစ် မိုင် (၁၀၀) ကျော် ပစ်ကွင်းကို တည်ဆောက် ထားပါတယ်။ ဒီပစ်ကွင်းကို စင်္ကာပူနိုင်ငံက အကုန်အကျခံ တည်ဆောက် ပေးထားတာဖြစ်ပြီး စင်္ကာပူက ၀ယ်ယူတဲ့ လက်နက်များကို ပစ်ခတ် စမ်းသပ်တဲ့ အပြင် ကပစ စက်ရုံများမှ ထုတ်လုပ်တဲ့ လက်နက်နဲ့ ကျည်များရဲ့ ထိရောက်မှု စွမ်းအားကို လစဉ် နှစ်စဉ် ပစ်ခတ် စမ်းသပ် လျှက်ရှိပါတယ်။ ကပစ (၂) ရဲ့ ထုတ်လုပ်မှု ကတော့ 120mm, 105mm, 81mm, 60mm, MA5 လက်နက်များ ဖြစ်ပါတယ်။

၅။ ကပစ (၃) က ပဲခူးတိုင်း၊ ပန်းတောင်းမြို့ နယ်၊ ဆင်တဲ စခန်းမှာ ရှိပါတယ်။ မြေဧရိယာ အကျယ် အ၀န်းက ဧက (၃၀၀၀) ကျော်ရှိပြီး စစ်သည်အင်အားက (၉၀၀) ကျော်ရှိပါတယ်။ ထုတ်လုပ်မှုကတော့ 120mm, 60mm, 105mm, 81mm, အစရှိတဲ့ ကျည်များ ဖြစ်ပါတယ်။ လက်ရှိ ထုတ်လုပ်မှုနှုန်းက လစဉ်ပုံမှန် ကျည်တမျိုးစီကို (၄သောင်း) ပတ်ဝန်းကျင်လောက် ထုတ်ပါတယ်။

၆။ ကပစ (၄) က ရန်ကုန်မြို့ ၊ ကမ္ဘာအေး ဘုရားလမ်းမှာ ရှိပြီး မြေ အကျယ် အ၀န်းက ဧက(၁၀၀) ခန့်သာ ရှိပြီး စစ်သည် အင်အား (၄၀၀) ကျော်သာ ရှိပါတယ်။ လုပ်ငန်းကတော့ ကပစ စက်ရုံ အားလုံးရဲ့ စက်ပစ္စည်းများ ပြုပြင်ခြင်း၊ ပြင်မရသော ပစ္စည်းများကို ၀ယ်ယူသည့် နိုင်ငံခြား ကုမ္ပဏီများနှင့် ဆက်သွယ်၍ ပြုပြင်ပေးခြင်း၊ ထုတ်လုပ်မှု ပစ္စည်းပုံစံများ လုပ်ခြင်း အစရှိသည်တို့ ဖြစ်ပါတယ်။

၇။ ကပစ (၅) ကတော့ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ကမြိုင်ကျေးရွာ အနီးမှာ ရှိပါတယ်။ မြေဧက (၃၀၀၀) ကျော်ရှိပြီး စစ်သည်အင်အား (၇၀၀) ကျော်နဲ့ တွန်းယမ်း၊ ခွင်းယမ်း ဆိုပြီး ယမ်းနှစ်မျိုး ထုတ်လုပ်ပါတယ်။

၈။ ကပစ (၆) က ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ညောင်ခြေထောက် ကျေးရွာမှာ တည်ရှိပြီး ဧက (၃၀၀၀) ကျော်ကျယ် ၀န်းကာ စစ်သည်အင်အား (၉၀၀) ကျော် ရှိပါတယ်။ လက်နက်ငယ် ကျည်ဆန် အခွံနဲ့ ကြေးပြားများ ထုတ်လုပ်ပါတယ်။ လက်နက်အတွက် အသုံးပြုသည့် သံမဏိ စက်ရုံကိုတော့ တရုတ် ပညာရှင်များက တည်ဆောက် ပေးပါတယ်။

၉။ ကပစ (၇) က ပဲခူးတိုင်း၊ ပြည်မြို့ နယ်၊ ကျော်စွာ ဓါတ်မြေသြဇာ စက်ရုံ အနီးမှာ ရှိပါတယ်။ ဧက (၃၀၀၀) ကျယ်ဝန်းပြီး စစ်သည် (၄၀၀) ကျော် ရှိပါတယ်။ ထုတ်လုပ်မှု ကတော့ ရေမြှပ်မိုင်းနဲ့ သံချပ်ကာ ကားများ ပြန်လည် ပြုပြင်ခြင်း၊ ထုတ်လုပ်ခြင်း ဖြစ်ပါတယ်။
၁၀။ ကပစ (၈) က မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့ နယ်၊ ဆင်ပေါင်ဝဲမြို့ အနီးမှာ ရှိပါတယ်။ ဧက (၄၀၀၀) ကျော် စစ်သည် (၃၀၀) ကျော်ရှိပြီး တင့်ကား အစိတ်အပိုင်းများ ထုတ်လုပ်ပါတယ်။

၁၁။ ကပစ (၉) က ပဲခူးတိုင်း၊ ပန်းတောင်းမြို့ နယ်၊ ကျောက်ဖူးကျေးရွာ အနီးမှာရှိပြီး ဧက (၄၀၀၀) ကျော်၊ စစ်သည် (၆၀၀) ကျော်နဲ့  MA1, 2,3,4,5 ကျည်ဆန်များ ထုတ်ပါတယ်။

၁၂။ ကပစ (၁၀) က မကွေးတိုင်း၊ အထက်မင်းလှမြို့ နယ်၊ ကုန်းကြီးကျေးရွာ အနီးမှာ ရှိပြီး မြေဧက (၆၀၀၀) ကျော် စစ်သည်အင်အား (၆၀၀) ကျော် ရှိပါတယ်။ ဒီစက်ရုံကို ၁၉၉၃မှာ စတင် ဆောက်လုပ်ခဲ့ပြီး စီမံကိန်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ တာဝေးပစ် ဒုံးကျည် (missile)၊ မြေပြင်မှဝေဟင် (surface to air missile)၊ ဝေဟင်မှ ဝေဟင် (air to air missile)၊ ဒုံးများ ထုတ်လုပ်ရန် ရည်ရွယ်ပါတယ်။ ဒီစီမံကိန်း အတွက် ပညာရှင်များမှာ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ တရုတ်နဲ့ ရုရှားနိုင်ငံများမှ ပညာရှင်များ ဖြစ်ပါတယ်။ စက်ရုံအတွက် စက်ပစ္စည်းများ ကိုလည်း တောင်ကိုရီးယား၊ တရုတ်နဲ့ ရုရှားမှ ၀ယ်ယူပြီး တည်ဆောက် တပ်ဆင်ရေး လုပ်ငန်းများကို (၂၀၀၃-၂၀၀၄) တွင် အပြီးသတ် ဆောက်လုပ်ခဲ့ပြီး ဖြစ်ပါတယ်။

၁၃။ ကပစ (၁၁) ကတော့ ပဲခူးတိုင်း၊ တိုက်ကြီးမြို့ နယ်၊ လိမ္မော်ခြံ ကျေးရွာ အနီးမှာ တည်ရှိပါတယ်။ မြေဧက (၅၀၀၀) ကျော်ရှိပြီး စစ်သည်အင်အား (၁၀၀၀) ကျော် ရှိပါတယ်။ ဒီစက်ရုံကို ၁၉၉၃ ခုနှစ် အစောပိုင်းမှာ တောင်ကိုရီးယား နိုင်ငံ ဒေ၀ူးကုမ္ပဏီမှ စက်များဝယ်ယူပြီး ၁၉၉၅-၉၆ တွင် အပြီးသတ် တည်ဆောက် တပ်ဆင်ပြီး ထုတ်လုပ်ရေး လုပ်ငန်းများ လုပ်နေပါတယ်။ MA1, 2, 3, 4, လက်နက်ငယ် မျိုးစုံကို ပြီးမြောက်သည် အထိ ထုတ်ပေးလျက် ရှိပါတယ်။ စစ်အစိုးရ၏ လက်နက်ငယ်နှင့် ပတ်သက်၍ အားအထားရဆုံး စက်ရုံ ဖြစ်ပါတယ်။

၁၄။ ကပစ (၁၂) က မကွေးတိုင်း၊ သရက်မြို့ နယ်၊ စခန်းကြီးကျေးရွာ၊ ပိတောက်ပင် ကျေးရွာ တို့၏ တောင်ဘက် ၃ မိုင်ကျော်တွင် ရှိပါတယ်။ ဒီစက်ရုံကို ၁၉၉၆ ခုနှစ် ဖွဲ့စည်းပုံ အမှတ် ကဖ-၂၆-က-၉၇ ဖြင့် ဖွဲ့စည်းပုံ အင်အား (၁၄၄၅) ဦး လျာထားရာ လက်ရှိအင်အား (၄၀၀) ကျော် ရှိပါတယ်။ ထုတ်လုပ်မှု လုပ်ငန်းများမှာ 120mm, 60mm, 105mm, 81mm ကျည်များ ထုတ်လုပ်နေပါတယ်။ မြေဧက (၁၆၀၀၀) ကျော်ရှိပြီး အပိုင်း ၂ ပိုင်းခွဲ၍ နိုင်ငံ ၂ နိုင်ငံရဲ့ အကူအညီနဲ့ တည်ဆောက် တပ်ဆင် ထုတ်လုပ်လျက် ရှိပါတယ်။

ပထမပိုင်းကို တောင်ကိုရီးယားနိုင်ငံ ဒေ၀ူးကုမ္ပဏီမှ ကျည်ဆန်ကိုယ်ထည်၊ နောက်မြီး ဒလက်များကို တပ်ဆင် ထုတ်လုပ်ပြီး၊ ဒုတိယအပိုင်းကို ၄င်းကျည်ဆန်များ၏ အတွင်းပိုင်း အစပျိုးယမ်းနှင့် ခွင်းယမ်းများကို ချက်ကိုစလို ဗေးကီးယား နိုင်ငံမှ စက်များ ၀ယ်ယူပြီး ၄င်းနိုင်ငံမှ ပညာရှင်များဖြင့် တည်ဆောက်ခဲ့ပါတယ်။

(မှတ်ချက်- ချက်ကိုစလိုဗေးကီးယားနိုင်ငံမှ လက်နက်၊ ကျည်ဆန်လုပ် ဆက်စပ် ပစ္စည်းများ တင်ပို့နေမှုမှာ နေတိုး အဖွဲ့ဝင် နိုင်ငံအဖြစ် မသတ်မှတ်မီ ကာလက ပေးပို့ထားခြင်း ဖြစ်ပါသည်။ နေတိုး အဖွဲ့ဝင် အဖြစ် သတ်မှတ်သည့် ကာလမှ ယနေ့ အထိ ၄င်းဆက်စပ် ပစ္စည်းများ ပေးပို့နိုင်ခြင်း မရှိတော့ပါ)။

၎င်းကျည်ထုတ်လုပ်သည့်စက်များမှာ ခေတ်မှီ အီလက်ထရွန်နစ်ထိန်း ကိရိယာများ တပ်ဆင် အသုံးပြု ထားသဖြင့် ကပစ (၃) ထက် အဆပေါင်းများစွာ ထုတ်လုပ်နိုင်ပါတယ်။

၁၅။ ကပစ (၁၃) သည် မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့ နယ်၊ လက်ပံကျေးရွာအနီးတွင် တည်ရှိပြီး မြေဧက (၈၀၀၀) ကျော် ရှိပါတယ်။ စစ်သည်အင်အား (၄၀၀) ကျော်ရှိပြီး ရေမြှုပ်မိုင်းနှင့် လက်နက်ကြီး အစိတ်အပိုင်းများ ထုတ်လုပ်လျက် ရှိပါတယ်။ ကပစ (၂) နှင့် ဆက်စပ်မှု ရှိပါတယ်။

၁၆။ ကပစ (၁၄) ကတော့ မကွေးတိုင်း၊ စေတုတ္တရာ၊ ငဖဲ တွင်တည်ရှိပြီး မြေအကျယ် အ၀န်းမှာ ဧက (၁သောင်း) ကျော်ရှိပါတယ်။ စစ်သည်အင်အားမှာ (၄၀၀) ကျော်ရှိပါတယ်။ ကပစ (၉) နှင့် ထုတ်လုပ်မှု ဆက်နွယ်မှုရှိပြီး လက်နက်ငယ် ကျည်ဆန်များ ထုတ်လုပ်ရန် ရည်ရွယ်ပါတယ်။ ဘဏ္ဍာငွေ နည်းပါးမှုကြောင့် ထုတ်လုပ်ခြင်း မပြုဘဲ လျာထားချက်သာ ရှိပါတယ်။

၁၇။ ကပစ (၁၅) က မကွေးတိုင်း၊ တောင်တွင်းကြီး မြို့နယ်၊ မြို့သစ် အနီးမှာ ရှိပါတယ်။ မြေဧက (၁သောင်း) ကျော် ရှိပြီး စစ်သည်အင်အား (၄၀၀) ဖြင့် တည်ဆောက် ထုတ်လုပ်ရန် လျာထားချက် ရှိပါတယ်။

၁၈။ ကပစ (၁၆) မှာ ကပစ (၆) နှင့် ဘေးချင်းကပ်လျက် ရှိပါတယ်။ မြေဧက (၁သောင်း) ကျော် စစ်သည် အင်အား (၇၀၀) ကျော်ဖြင့် ယမ်းချက် ထုတ်လုပ်လျက် ရှိပါတယ်။

၁၉။ ကပစ (၁၇) မကွေးတိုင်း၊ အောင်လံမြို့နယ်၊ ဒဗလ ရွှေပန်းတော ကျေးရွာအနီးတွင် ရှိပါတယ်။ မြေဧက (၂သောင်း) ကျော် လျာထားပါတယ်။ တည်ဆောက်ခြင်း ထုတ်လုပ်ခြင်း မပြုသေးပါ။

၂၀။ ကပစ (၁၈) ၊ ကပစ (၁၉) တို့အတွက် မြေနေရာရှာဖွေ လျာထားဆဲ ဖြစ်ပါတယ်။

၂၁။ ကပစ (၂၀) က မကွေးတိုင်း၊ စေတုတ္တရာတွင် တည်ရှိပြီး မြေဧက (၁သိန်း) ကို သိမ်းဆည်းကာ မြေနေရာ ရှင်းလင်းခြင်းနှင့် တည်ဆောက်ရေး လုပ်ငန်းများကို ဆောင်ရွက်ဆဲ ဖြစ်ပါတယ်။ ထုတ်လုပ်မှု ရည်မှန်းချက် ကတော့ နျူကလီးယား လက်နက်များ ထုတ်လုပ်ရန် ရည်ရွယ်ပါတယ်။ ဒီစက်ရုံအတွက် ပြင်ဦးလွင် တပ်မတော် အင်ဂျင်နီယာ ဗိုလ်သင်တန်းကျောင်းမှ ကျောင်းဆင်း အရာရှိများကို ရုရှားနိုင်ငံသို့ နျူကလီးယား ပညာရပ်များ သင်ကြားရန် စေလွှတ်ထားပါတယ်။ လက်ရှိ စစ်သည်အင်အားမှာ (၄၀၀) ကျော်သာ ရှိပါတယ်။

အပိုင်း (၂) မှာ တောင်ကိုရီးယား၊ တရုတ်၊ ရုရှား၊ စကာင်္ပူနဲ့ မြောက်ကိုရီးယား နိုင်ငံတို့နဲ့ လုပ်ငန်း ဆက်သွယ်ပုံ၊ လူအင်အား စုဆောင်းပုံ၊ ၄င်းနိုင်ငံများမှ အခြား စစ်လက်နက်များ ၀ယ်ယူပုံနဲ့ ငွေကြေး စီမံခန့်ခွဲပုံတို့ကို တင်ပြသွားပါမယ်။

Ref: ဖိုးတရုတ်

0 comments:

အပေါ်သို့