..............................

Friday, July 3, 2009

ဘန်ကီမွန်းခရီးစဉ်တွင် အန်အယ်လ်ဒီဗဟိုအမှုဆောင်များနှင့် တွေ့ဆုံမည်

NEJ / ၂ ဇူလိုင် ၂၀၀၉

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း အန်အယ်လ်ဒီ ပါတီ ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင် (၅) ဦးနှင့် တွေ့ဆုံမည်ဟု အန်အယ်လ်ဒီက ပြောသည်။

ထိုကဲ့သို့ တွေ့ဆုံမည်ဖြစ်ကြောင်း အာဏာပိုင်များဘက်မှ ယနေ့အကြောင်း ကြားခဲ့သည်ဟု အန်အယ်လ်ဒီ ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောသည်။

၎င်းက “ဖိတ်တာကတော့ (၅) ဦးဗျ။ ဒါပေမယ့် ကျနော်တို့ ဥက္ကဋ္ဌ ကျန်းမာရေး မကောင်းတဲ့ အတွက် (၄) ဦးပဲ တက်ပါ့မယ်။ ဘယ်နေရာ၊ ဘယ်အချိန်မှာ တွေ့မယ်ဆိုတာ အသေးစိတ်တော့ လူကြီးတွေပဲ သိပါလိမ့်မယ်။ သတင်းတွေ ထွက်နေတာတော့ နေပြည်တော်မှာ တွေ့မယ်လို့ သတင်းတွေ ထွက်နေပါတယ်” ဟု ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီဘက်မှ တွေ့ဆုံမည့် (၄) ဦးမှာ ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးညွန့်ဝေနှင့် ဦးစိုးမြင့်တို့ ဖြစ်သည်။

မစ္စတာဘန်ကီမွန်းအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံလိမ့်မည်ဟု သတင်းများ ပေါ်ထွက် နေသော်လည်း ယခု အချိန်ထိ အကြောင်းကြားခြင်း မရှိသေးဟု ဦးဉာဏ်ဝင်းက ပြောသည်။

“ကျနော် အခုပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခဲ့ပါတယ်။ သူ့ဆီကို တွေ့ဆုံဖို့ အကြောင်းကြား တာတွေ ဘာတွေ မရှိသေးပါဘူး” ဟု ၎င်းက ပြောသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် မနက်ဖြန် မြန်မာနိုင်ငံသို့ ရောက်ရှိမည့် ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံနိုင်ဖွယ် ရှိသည်ဟု အစိုးရ သတင်းရပ်ကွက်ကို ကိုးကားပြီး ရန်ကုန်မှ လာသော ဒီပီအေ သတင်းတွင် ဖော်ပြသည်။

မစ္စတာဘန်ကီမွန်းသည် မြန်မာနိုင်ငံရောက်သည့်အခါ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် ရှိကြောင်း၊ သို့သော် အသေးစိတ် အစီအစဉ်ကို မပြောနိုင်သေးကြောင်း အမည်မဖော်လိုသည့် အစိုးရ အရာရှိတဦးကို ကိုးကားပြီး သတင်းတွင် ဖော်ပြသည်။

မြန်မာစစ်အစိုးရ၏ ဖိတ်ကြားချက်အရ မစ္စတာဘန်ကီမွန်းသည် မြန်မာနိုင်ငံသို့ ဇူလိုင် (၃) ရက်နှင့် (၄) ရက်တွင် ရောက်ရှိမည် ဖြစ်သည်။

မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် (၂) ရက် ခရီးစဉ်အတွင်း မစ္စတာ ဘန်ကီမွန်းသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်လည်း တွေ့ဆုံရန်ရှိပြီး နိုင်ငံရေး ပါတီများ၊ တိုင်းရင်းသား လူမျိုးစု အဖွဲ့အစည်း များနှင့်ပါ တွေ့ဆုံရန်ရှိကြောင်း၊ ထို့အပြင် ပြီးခဲ့သည့် မေလက ၎င်းရောက်ရှိခဲ့သည့် နာဂစ် မုန်တိုင်းဒဏ် ခံခဲ့ရသည့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသသို့လည်း သွားရောက်ရန် ရှိကြောင်း ဒီပီအေ သတင်းတွင် ပါရှိသည်။

ကုလသမဂ္ဂသတင်းထုတ်ပြန်ချက်အရ မစ္စတာဘန်ကီမွန်းသည် မြန်မာ စစ်အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်များကို ဒေါ်အောင်ဆန်း စုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး ကိစ္စကို တောင်းဆိုမည် ဖြစ်ပြီး စစ်အစိုးရနှင့် အတိုက်အခံတို့ကြား အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆွေးနွေးမှု ပြန်လည် ဖော်ဆောင်ရန်နှင့် ၂၀၁၀ ရွေးကောက်ပွဲကို အများလက်ခံသည့် ရွေးကောက်ပွဲ ဖြစ်မြောက်စေရေး တို့အတွက် ဆွေးနွေးရန် ရှိသည်ဟု သိရသည်။

မစ္စတာဘန်ကီမွန်း ရောက်ရှိမည့် ဇူလိုင် (၃) ရက်နေ့သည် ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲတင် စစ်ဆေး နေသော အင်းစိန်ထောင် အထူး တရားရုံး တရားခွင် စစ်ဆေးမည့်နေ့နှင့် တိုက်ဆိုင်နေသည်။

နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရသော ဒေါ်အောင်ဆန်းစုကြည်အား အမေရိကန် နိုင်ငံသား မစ္စတာယက်တော နေအိမ်ခြံဝင်း အတွင်း ၀င်ရောက်ခဲ့မှု အတွက် နအဖစစ်အစိုးရက မေ (၁၈) ရက်တွင် နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှု ပုဒ်မ (၂၂) ဖြင့် အင်းစိန် အထူးတရားရုံးတွင် တရားစွဲဆိုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် လောလောဆယ်တွင် အင်းစိန်ထောင်အတွင်း ထိန်းသိမ်းခြင်း ခံနေရသည်။

လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) ကမူ မစ္စတာ ဘန်ကီမွန်း အနေဖြင့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ် ပြန်ကျစေမည့် အရေးကို လက်မခံသင့်ကြောင်း၊ အဓိပ္ပာယ်ရှိသည့် ခရီးစဉ် ဖြစ်သင့်ကြောင်း ယမန်နေ့က ထုတ်ပြန် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာနှင့် အထီးကျန်ဖြစ်နေသည့် လုပ်ရပ်များကို အဆုံးသတ် စေမည့် လမ်းပြမြေပုံ တခုကို မစ္စတာ ဘန်ကီမွန်းက မြန်မာ စစ်ဗိုလ်ချုပ်ကြီးများအား ကမ်းလှမ်းထားကြောင်း၊ မြန်မာ စစ်အစိုးရ အနေဖြင့် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများ လုပ်ရန် အချိန်ဆွဲနေခြင်း၊ လှည့်စားနေခြင်းတို့ကို ရပ်တန့်ရန် အချိန်တန်နေပြီ ဆိုသည်ကို မစ္စတာ ဘန်ကီမွန်း အနေဖြင့် ရှင်းရှင်းလင်းလင်း ပြောသင့်ကြောင်း၊ ယခုအချိန်သည် အမှန်တကယ် ပြုပြင်ပြောင်းလဲရန် လိုအပ်နေကြောင်း ယင်းအဖွဲ့ကြီး၏ အမှုဆောင် ညွှန်ကြားရေးမှူး Kenneth Roth က ပြောကြားခဲ့သည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့