..............................

Friday, May 6, 2011

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် တရုတ်နိုင်ငံ သွားမည်

ရန်ပိုင်
Thursday, 05 May 2011

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အသစ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ယခုလအတွင်း တရုတ် နိုင်ငံသို့ သွားရောက် လည်ပတ်မည်ဟု စစ်ဘက် အသိုင်းအ၀န်းမှ သိရသည်။

ယခုခရီးစဉ်သည် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ကာကွယ်ရေးဦးစီးချုပ်အဖြစ် ပြောင်းလဲ တာဝန်ယူပြီး နောက် ပထမဆုံး ခရီးစဉ်ဖြစ်ပြီး နယ်စပ် ဒေသတွင် ဖြစ်ပွားနေသည့် တိုင်းရင်းသား အရေးကိစ္စများကို ဆွေးနွေးလိမ့်မည်ဟု စစ်ဘက် အသိုင်းအ၀န်းနှင့် နီးစပ်သူ တဦးက ပြောသည်။

၎င်းက ဆက်လက်၍ “ဦးစီးချုပ်အသစ် တယောက်အနေနဲ့ အစဉ်အလာအရ သွားတာအပြင် နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ ကိစ္စတွေလည်း ဆွေးနွေးလိမ့်မယ်” ဟု ဆိုသည်။

ပြီးခဲ့သည့် မတ်လကုန်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ကာကွယ်ရေး ဦးစီးချုပ်ရာထူးကို ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သို့ လွှဲပြောင်း ပေးခဲ့သည်။

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလ အတွင်းကလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် အတူ တရုတ် နိုင်ငံသို့ သွားရောက် ခဲ့သေးသည်။

ကာကွယ်ရေး ဦးစီးချုပ်အသစ်၏ တရုတ်နိုင်ငံသို့ သွားရောက်မည့်ခရီးစဉ် ထွက်ပေါ်လာချိန်သည် နယ်စပ် ဒေသရှိ ‘၀’ ပြည်သွေးစည်း ညီညွတ်ရေး အဖွဲ့ (UWSA)၊ ကချင် လွတ်လပ်ရေး တပ်မတော် (KIA )၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) မိုင်းလား အဖွဲ့များနှင့် နယ်ခြားစောင့်တပ် ပြောင်းလဲ ဖွဲ့စည်းရေးနှင့် ပတ်သက်ပြီး တင်းမာမှုများ ရှိနေပြီး ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA – N) နှင့် တိုက်ပွားများ ဖြစ်ပွားနေချိန်နှင့် တိုက်ဆိုင်နေသည်။

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် နယ်စပ်ဒေသရှိ တိုင်းရင်းသားများ အရေးနှင့် ပတ်သက်လျှင် သဘောထား တင်းမာသူ တဦး အဖြစ် တပ်အတွင်း သတင်းများအရ သိရပြီး ကစထမှူးအဖြစ် တရုတ်နယ်စပ်တွင် တာဝန်ယူစဉ် ၂၀၀၉ ခုနှစ် စက်တင်ဘာလ အတွင်းက ကိုးကန့် အပစ်ရပ် အဖွဲ့ (MNDAA) ကို တိုက်ခိုက်ပြီး ခေါင်းဆောင် ဖုန်ကျားရှင်ကို ဖြုတ်ချခဲ့သည်။

မကြာသေးမီက အာဏာလွှဲပြောင်းရယူခဲ့သည့် သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရသစ် ကလည်း ပြည်ထောင်စု အစိုးရ၏ အာဏာစက်သည် နယ်စပ် အစွန် အဖျားထိ ရောက်ရှိရန် အရေးကြီးကြောင်း၊ သို့မှသာ အုပ်ချုပ်ရေးနှင့် တရား စီရင်ရေးတို့ ပီပြင်အောင် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ပြီးခဲ့သည့်လ ၂၃ ရက်နေ့က ပြုလုပ်သည် အစိုးရ အစည်းအဝေးတွင် ပြောဆိုခဲ့သည်။

သို့သော် လေ့လာသူများ အဆိုအရ သမ္မတသစ် ဦးသိန်းစိန် အစိုးရသည် မြန်မာနိုင်ငံရေးတွင် အဓိကျသည့် ပြဿနာ တခု ဖြစ်သည့် တိုင်းရင်းသားများ အရေးနှင့် ပတ်သက်၍ ဆွေးနွေးအဖြေရှာရန် လိုလားခြင်း မရှိဘဲ လက်နက်ဖြင့် ဖြေရှင်းမည်ဟု ထင်မြင်ကြောင်း ပြောဆိုသည်။

အပြန်အလှန်အားဖြင့် တရုတ်စစ်ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ရှီချိုင်ဟုန်သည်လည်း မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်မည်ဟု သိရသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့