..............................

Monday, May 2, 2011

ဒီပဲယင်းလုပ်ကြံမှုကြီးအပြီး ဆွေးနွေးပွဲ ကတိတွေ လိုက်နာဖို့ စစ်အစိုးရဖက်က ပျက်ကွက်ခဲ့ဟု ဒေါ်အောင်ဆန်းစုကြည် ထုတ်ပြောပြီ

ဧပြီ ၂၉၊ ၂၀၁၁ -

အာရ်အက်ဖ်အေ ရေဒီယို ကောက်နုတ်ချက်

၂၀၀၃ မေလ(၃၀)ရက်နေ့မှာ ဖြစ်ပွါးခဲ့တဲ့ ဒီပဲယင်း အကြမ်းဖက် တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး၊ အဲဒီ အရေးအခင်း နောက်ပိုင်း၊ ၂၀၀၄ ခုနှစ် မေလ အမျိုးသားညီလာခံ ပြန်မစမီ ကာလအတွင်း စစ်အစိုးရ အာဏာပိုင်တွေနဲ့ ညှိနှိုင်း ဆွေးနွေး ရရှိခဲ့တဲ့ သဘောတူညီချက် တွေကို မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က RFA ကို ပထမဦးဆုံး အကြိမ် ထုတ်ဖေါ် ပြောဆို လိုက်ပါတယ်။

ဒီပဲယင်းအဖြစ်အပျက်အပြီး စစ်အစိုးရ ကိုယ်စားလှယ်အဖွဲ့နဲ့ NLD ခေါင်းဆောင်တွေ အကြား လှို့ဝှက် ဆွေးနွေးပွဲတွေ အကြိမ် တော်တော်များများ ရှိခဲ့ပါတယ်။ ထိခိုက် နစ်နာသူတွေကို ထိုက်သင့်တဲ့ နစ်နာကြေး ပေးရေး အပါအ၀င် အချက်(၄)ချက်ကို အာဏာပိုင်တွေက သဘော တူညီခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“ ဒီပဲယင်း ကိစ္စအပြီးမှာ အာဏာပိုင်တွေနဲ့ တွေ့ဆုံစကားပြော သဘောတူညီမှုယူခဲ့တဲ့ အချက်တွေက -
၁။ ဒီပဲယင်း အဖြစ်အပျက်ကို စုံစမ်းစစ်ဆေးရန်။
၂။ အဲဒီဖြစ်စဉ်မှာ ထိခိုက်နစ်နာခဲ့သူတွေကို ထိုက်သင့်တဲ့ နစ်နာကြေးပေးရန်။
၃။ နောင်အခါမှာ ဒီလိုအဖြစ်အပျက်မျိုး ထပ်မံမဖြစ်ဖို့  နှစ်ဦးနှစ်ဖက် ပူးပေါင်း ဆောင်ရွက်ရန်။
၎။ ဒီပဲယင်းနဲ့ ပတ်သက်လို့ အဖမ်းဆီး ခံနေရသူတွေ အားလုံးကို ပြန်လွှတ်ပေးရန် …
ဆိုတာတွေဖြစ်ပါတယ်။”

ဒီပဲယင်းအရေးခင်းနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပြောကြားချက်တွေကို မကြားရ သေးတဲ့ အတွက် ပြောဆို ဝေဖန်မှုတချို့ပေါ်ပေါက်နေစဉ် အတွင်း RFA က အပတ်စဉ် ထုတ်လွှင့်နေတဲ့ လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ် အတွက် သောတရှင် တဦးက မေးမြန်းခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြား လိုက်တာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေအစိုးရနဲ့ အဲဒီလိုသဘောတူညီချက်တွေ ရရှိပြီးကာမှ အာဏာပိုင်တွေ ဖက်က ကတိ ဖျက်ခဲ့လို့ အမျိုးသား ညီလာခံ တက်ရောက်ရေး အပါအ၀င် သဘောတူညီမှု အားလုံး ပျက်ပြား ခဲ့ရတယ်လို့လဲ ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။

“NLD ဘက်ကတော့ မိမိတို့ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေကို အမျိုးသား ညီလာခံ လွှတ်ဖို့  သဘော တူလိုက်ပါတယ်။ ဒီအချက် အားလုံးကို နှစ်ဦးနှစ်ဖက် လက်ခံပြီးမှ အမျိုးသား ညီလာခံ စဖို့ ရက် အနည်းငယ်လေး အလိုမှာ အန်တီ့ကို မလွှတ်ပေးဘူး ပြောတာကစပြီး သဘော တူညီချက်တွေရော ဆွေးနွေး တာတွေရော ပျက်သွားပါတယ် …”

၂၀၀၃ ခုနှစ် မေလက အထက်မြန်မာပြည် စည်းရုံးရေးခရီးစဉ် အတွင်း စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ကျည်ရွာ အနီး မှာ အာဏာပိုင် တွေရဲ့သြဇာခံလို့ လူအများက ယုံကြည် ယူဆကြတဲ့ ဒုတ် ဓါး လက်နက်ကိုင် လူရမ်းကား အမြောက် အများက ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြား NLD အဖွဲ့ဝင်တွေကို ၀ိုင်းဝန်း တိုက်ခိုက်ခဲ့ရာမှာ လူဒါဇင်ပေါင်း များစွာ သေဆုံး ခဲ့တယ်လို့ မျက်မြင် သက်သေတွေက ပြောကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ယဉ်မောင်းသူရဲ့ကျွမ်းကျင်မှုကြောင့် အဲဒီ တိုက်ခိုက်မှုက မိမိ လွတ်မြောက်ခဲ့ကြောင်း RFA ကိုပြောပါတယ်။

“အတိုချုံးပြောရမယ် ဆိုရင်တော့ ကားမောင်းတဲ့ လူငယ်က အင်မတန်မှ ကျွမ်းကျင်လို့ ဘယ်သူလို့ မှန်းရ ခက်တဲ့ သူတွေက လမ်းကိုအတား အဆီးတွေနဲ့ ပိတ်ဆို့ဖို့ ကြိုးစားနေတဲ့ အထဲက နေပြီးတော့ ဖေါက်ထွက် နိုင်ခဲ့တာ ဖြစ်ပါတယ်။”
အခက်အခဲတွေ မည်မျှ ရှိပေမယ့်လည်း နောက်မျိုးဆက် သစ်တွေရဲ့အကျိုးအတွက် မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး အောင်မြင်တဲ့ အထိ မဆုတ်မရွံ့ ဆက်လက် ဆောင်ရွက်မှာ ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး အပြည့်အစုံကို RFA က ဒီအပတ် ထုတ်လွှင့်မယ့် “လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်မှာ နားဆင်ရမှာ ဖြစ်ပါတယ်။

(ရေဒီယိုအသံလွှင့်ချက်ကို ကောက်နုတ်ဖော်ပြလိုက်တာ ဖြစ်ပါတယ်။ မိုးမခက အဆိုပါ အင်န်အယ်ဒီနဲ့ စစ်အစိုးရ တွေ့ဆုံမှုများ၊ ပျက်ပြယ်မှုများကို သတင်း အယ်ဒီတာ တဦးနဲ့ မိုးမခ အင်တာဗျူးမှာ တင်ဆက်ခဲ့ ဖူးပါတယ်။ သည်နေရာတွေမှာ ကြည့်ပါ။
ယခုတော့ ဒေါ်စုကိုယ်တိုင်က အတည်ပြု ပြောဆို လိုက်ပါပြီ။ )

Ref: မိုးမခ

0 comments:

အပေါ်သို့