..............................

Wednesday, May 4, 2011

အကြံပေးအဖွဲ့ ဖွဲ့ခြင်းအပေါ် ဦးမြင့် အမြင်

မျိုးသန့်
အင်္ဂါနေ့၊ မေလ ၀၃ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေ အပိုဒ် ၂၃ (က) အရ နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေး ဆိုင်ရာတို့တွင် အကြံပေးနိုင်ရန် အကြံပေးအဖွဲ့ ၃ ဖွဲ့ကို၊ အဖွဲ့ဝင် ၉ ဦးဖြင့် ဧပြီလ ၁၉ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။

ဤသည်မှာ မတ်လ ၃ဝ ရက်နေ့တွင် နိုင်ငံတော်အာဏာကို လွှဲပြောင်းရယူအပြီး ၂ဝ ရက်အကြာတွင် ဖွဲ့စည်း လိုက်ခြင်း ဖြစ်သည်။ အကြံပေး အဖွဲ့ဝင်များ အနေဖြင့် ခံစားခွင့်ရှိသည့် ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင် အယောင်တို့ကို ပြည်ထောင်စု အစိုးရ အဖွဲ့မှ သတ်မှတ်မည် ဖြစ်ပြီး ယင်းအတွက် ပြည်ထောင်စု အစိုးရ ဘဏ္ဍာရန်ပုံငွေမှ ကျခံရမည်ဟု ပြည်ထောင်စု အစိုးရအဖွဲ့၏ ဥပဒေ အပိုဒ် ၂၃ (ခ) တွင် ဖော်ပြထားသည်။

နိုင်ငံရေး အကြံပေးအဖွဲ့တွင် ဦးကိုကိုလှိုင်၊ ဒေါက်တာ နေဇင်လတ်၊ ဦးရဲတင့်၊ စီးပွားရေးတွင် ဒေါက်တာဦးမြင့်၊ ဦးဆက်အောင်၊ ဒေါက်တာ တင်လှဗိုလ်၊ ဥပဒေအဖွဲ့တွင် ရဲမှူးကြီး စစ်အေး (အငြိမ်းစား)၊ ဒေါ်ခင်အေးမြင့်နှင့် ဦးသန်းကျော်တို့ဖြင့် ဖွဲ့စည်းခဲ့သည်။

ထိုအထဲမှ ဒေါက်တာ ဦးမြင့်သည် ရန်ကုန်စီးပွားရေးနှင့် ရန်ကုန်ပညာရေး တက္ကသိုလ်များ၊ နိုင်ငံရေးရေး ဝန်ကြီးဌာန၊ ထိုင်းနိုင်ငံ ဘန်ကောက် အခြေစိုက် ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေး ကော်မရှင်၊ အာရှနှင့် ပစိဖိတ် ဒေသ ရုံးတွင် ဖွံ့ဖြိုးမှု အနည်းဆုံးသော နိုင်ငံများ၏ သုတေသနနှင့် ဖွံ့ဖြိုးရေး မူဝါဒများ လေ့လာ ဆန်းစစ်ရေး ဌာနခွဲမှူး၊ အထက်တန်း စီးပွားရေး ပညာရှင်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူဖြစ်သည်။

အနာဂတ် မြန်မာ့စီးပွားရေး၊ ပညာရှင်များကို အကြံပေးအဖြစ် တာဝန်ထမ်းဆောင်စေခြင်းအပေါ် သုံးသပ်ချက်၊ အကြံပေး အဖွဲ့ အပေါ် ဒေါ်အောင်ဆန်းစုကြည်၏ အမြင်၊ စီးပွားရေး အကြံပေးအဖွဲ့ကို ဝေဖန်မှုများအပေါ် အမြင် စသည်တို့ကို သိရှိနိုင်ရန် ဆရာ ဦးမြင့်ကို မဇ္ဈိမ သတင်းထောက် မျိုးသန့်က မေးမြန်းထားပါသည်။

အနောက်နိုင်ငံများမှ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ အရေးယူမှုနှင့် ပတ်သက်ပြီး သဘောထား အမြင်ကို မေးမြန်းသော်လည်း ဆရာက ဖြေဆိုခြင်း မရှိခဲ့ပါ။

သမ္မတရဲ့ စီးပွားရေးအကြံပေး ဖြစ်လာပုံ ပြောပြပေးပါ ဆရာ။

“သူက ဆရာ့ကို ခေါ်တွေ့ပြီးတော့မှ သူက အကြံပေးအဖြစ် လုပ်ပေးဖို့ ဆရာ့ကို ကမ်းလှမ်းတယ်။ ဆရာ့ အနေနဲ့ကလည်း သူနဲ့ တွေ့ပြီးတော့ သူကမ်းလှမ်းတာကို လက်ခံတယ်။ ဒါပေမဲ့ အတိအကျ ဆွေးနွေး တာတော့ မရှိသေးပါဘူး”

သမ္မတနဲ့ တွေ့ဖြစ်ရင် ပထမဆုံးအနေနဲ့ ဆရာ့အနေနဲ့ ဘာများ အကြံပြုချက် ပေးဖြစ်မယ် ထင်လဲ။

“ဆရာ့အနေနဲ့ကတော့ သူ ဆရာ့ကို တောင်းတဲ့ဟာ ပေးမှာပေါ့။ သူ့အနေနဲ့ ဆရာ့ကို ဘာများ ပြောစေ ချင်မလဲ မသိဘူး။ သူပြောစေချင်တဲ့ ဟာကို ဆရာက ပြောမှာပဲ။ ဆရာ့ အနေနဲ့ သွားပြီးတော့မှ ဆရာ မလုပ်ဘူး”

ဆရာနဲ့ ဒေါ်အောင်ဆန်းစုကြည်က ပုဂ္ဂိုလ်ရေးအရ ရင်းနှီးတယ်လို့ သိရပါတယ်။ ဆရာတို့ ဆုံဖြစ်တဲ့ အချိန်တွေမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေး အခြေအနေတွေ ဆွေးနွေးဖြစ်တာ ရှိလားခင်ဗျာ့။

“ဆရာနဲ့ သူနဲ့ကတော့ တွေ့ဖြစ်ပါတယ်။ ဆွေးနွေးဖြစ်တာတွေလည်း ရှိပါတယ်။ ဘာတွေ ဆွေးနွေးလဲ ဆိုတော့ စီးပွားရေးနဲ့တော့ သိပ်မပတ်သက် ပါဘူး။ တချို့ဟာတွေ ကျတော့လည်း ဆရာတို့ နှစ်ယောက်လုံးက တူရိယာ ဝါသနာ ပါတယ်လေ။ ဂန္ဓဝင်ဂီတ၊ မိုးဇက် အဲဒီ အကြောင်းလေးတွေ ပြောဖြစ် ပါတယ်။ နောက် အလ္လာပ သလ္လာပ အဲဒါလေးတွေ ပြောဖြစ်ပါတယ်”

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးဖြစ်တဲ့ စီးပွားရေးအကြောင်း သိပါရစေ ခင်ဗျာ့။

“စီးပွားရေးနဲ့ ပတ်သက်တာကတော့ ယေဘုယျပဲ ဆွေးနွေး ဖြစ်ပါတယ်။ ကျကျနန ဆွေးနွေး ဖြစ်တာတော့ မရှိပါဘူး။ ဆရာ့ အနေနဲ့ကတော့ သူ့ကို ပြောနေတာက နိုင်ငံရေးလည်း လုပ်ပေါ့၊ စီးပွားရေး လုပ်ပေါ့၊ အဲဒါမျိုး ပြောဖြစ်ပါတယ်။ နှစ်မျိုးသွားပါလို့ ပြောဖြစ်ပါတယ်။ သူကလည်း လက်ခံပါတယ်၊ အခုလက်ရှိလည်း သူ သွားနေပါတယ်”

သမ္မတရဲ့ စီးပွားရေး အကြံပေးဖြစ်သွားတဲ့ အပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်က သဘောထား မှတ်ချက်တွေ၊ ဆရာ့ကို အကြံဉာဏ် ပေးတာတွေကော ရှိလားဆရာ။

“အဲဒီတုန်းက အမိန့်စာတော့ မထွက်သေးဘူးပေါ့လေ။ ဒါပေမဲ့ ကမ်းလှမ်းတာလည်း ပြီးသွားပြီ၊ ဆရာလည်း လက်ခံလိုက်ပြီ။ အဲဒီဟာတွေလည်း ထွက်လာမယ် လို့တော့ ဆရာ့ အနေနဲ့ သိတယ်လေ။ သူ့ အနေနဲ့တော့ စောပါသေးတယ် ပြောတယ်။ စောပါသေးတယ် ဆိုတာက ဘာဆက်လုပ်ရမလဲ ဘာလဲ ညာလဲပေါ့။ အဲဒါတွေကို သူ့အနေနဲ့ လောလောဆယ်မှာ စောသေးတယ်လို့ ပြောတယ်။ သမ္မတကြီးက မိန့်ခွန်းတွေ ဘာတွေ ပြောပြီးတော့ အဲဒီတုန်းက သူနဲ့ တွေ့လိုက်တယ်”

ဒေါ်အောင်ဆန်းစုကြည်က ဘာမှ မပြောတဲ့အပေါ်မှာ ဆရာ ဘယ်လို သုံးသပ် မိလဲခင်ဗျာ့။

“သူနဲ့ ဆရာနဲ့ကလည်း နားလည်မှု ရှိပြီးသားပါ။ တော်တော်လည်း ခင်ခင်မင်မင် ရှိပါတယ်။ သူ့ကိုလည်း ဆရာက ယုံကြည်တယ်။ သူ့အနေနဲ့ တိုင်းပြည်အတွက် အကျိုးရှိတာ အများကြီး လုပ်နိုင် လိမ့်မယ်လို့ ဆရာ ယုံကြည်တယ်။ လုပ်လည်း လုပ်နေပါတယ်”

တချို့တွေက ဝေဖန်တာရှိပါတယ်။ အကြံပေးအဖွဲ့ဟာ အသုံးချခံရတာ ဖြစ်တယ်လို့ ဝေဖန် ကြပါတယ်။ ဒီအမြင်တွေ အပေါ်မှာ ဆရာဘယ်လို တုံ့ပြန် ချင်လဲခင်ဗျာ့။

“ဆရာ့အနေနဲ့ကတော့ ဝေဖန်လေ ကြိုက်လေပဲ။ သူတို့ အနေနဲ့ ပြောတာလည်း ကောင်းပါတယ်။ အဲဒါမှလည်း ဆရာ့အနေနဲ့က သူတို့ဆီက အကြံဉာဏ်တွေ ရမှာပေါ့။ ဆရာ့ အနေနဲ့ကတော့ ဒါမျိုးတွေကို ဆရာ တုံ့ပြန်မှာ မဟုတ်ဘူး၊ ဘယ်တော့မှ ဆရာ မတုံ့ပြန်ဘူး။ ဆရာ့ကို ချီးမွမ်းတာလည်း မတုံ့ပြန်ဘူး၊ ရှုတ်ချတာလည်း မတုံ့ပြန်ဘူး။ ဆရာ့အနေနဲ့ ဆက်ပြီးတော့ လုပ်နေမှာပဲ။ ကောင်းတယ် ထင်တာ၊ ပြောချင်တာ ပြောပါစေ ဆရာ လက်ခံတယ်၊ ပြောခွင့်ရှိပါတယ်။ ဒါဟာ ဒီမိုကရေစီ မဟုတ်ဘူးလား။ မပြောရင် ဘယ်ကောင်းတော့မလဲ။ အားလုံးက ကောင်းတယ်ချည်းပဲ ပြောနေလို့ ဘယ်ဖြစ်ပါ့မလဲ။ တချို့ဟာတွေ ပြောရမှာပေါ့”

ဆရာ့ကို အကြံပေးအဖြစ် ခန့်လိုက်တာနဲ့ ပတ်သက်လို့ မြန်မာ့စီးပွားရေး အတွက် ဘယ်လောက် လုပ်နိုင်မယ်လို့ ယုံကြည်ထားလဲ။ အခုလို ခေါ်ခန့်လိုက်တာ ကိုကော ဘယ်လို မြင်လဲ။

“ဆရာ့အနေနဲ့ကတော့ ဆရာလည်း မထင်ပါဘူး။ တယောက်ထဲလည်း ဘာမှ မလုပ်နိုင်ပါဘူး။ ဆရာ့ အနေနဲ့ မြင်တာကတော့ ပညာရှင်တွေကို သူ့တို့ အနေနဲ့ ပိုပြီးတော့ အသုံးချချင်တယ်။ ဆရာ့ကို ခေါ်တာလည်း ဒီသဘောမျိုးပဲ ဖြစ်မယ်လို့ ဆရာထင်တယ်။ ပညာရှင် ဆိုတာလည်း စီးပွားရေးတင် မဟုတ်ဘူး၊ ပညာရှင်က အများကြီးရှိတယ်။ တိုင်းပြည်မှာလည်း စီးပွားရေး တခုထဲ ပြဿနာ မဟုတ်ဘူး။ ပြဿနာတွေက အများကြီး ရှိတယ်။ အဲဒါတွေကို ပိုပြီးတော့ အသုံးချမယ်လို့ ဆရာ မြင်တယ်လေ”

ဟုတ်ကဲ့ အခုလို ပညာရှင်တွေကို ခေါ်ပြီးတော့ တိုင်းပြည်တာဝန်ကို ထမ်းဆောင် စေတဲ့ အပေါ်မှာကော ဆရာ ဘယ်လို သုံးသပ် မိလဲခင်ဗျာ့။

“အခုလိုခန့်တာလည်းပဲ ကောင်းတယ်လို့ ဆရာမြင်တယ်။ ဒီကြားထဲမှာ ဒါတွေ လုပ်လို့ ဘာမှ အကျိုး မရှိဘူးလို့ ပြောရင်လည်းပဲ ပြောနိုင်ပါတယ်။ အကျိုး ရှိအောင် ဘယ်လို လုပ်ရမလဲ ပြောပါ၊ ဒါပဲ။ အဲဒါလေးပဲ သိချင်တယ်။ ခင်ဗျားလုပ်တာ အကျိုးမရှိဘူး ဆိုရင် အကျိုးရှိအောင် ဘာလုပ်ရမလဲ ပြောပါ။ ဒီလိုပဲ အကျိုးမရှိဘူး ပြောရင်တော့ ပြောလို့ ရတာပေါ့။ ဒါပေမဲ့ ဆရာ့အနေနဲ့ ဘာမှ တုံ့ပြန်မှာတော့ မဟုတ်ဘူး။ ငြင်းမှာလည်း မဟုတ်ဘူး။ ပြောချင်တာ ပြောလို့ရတယ်။ ဆရာ့အနေနဲ့က ဘယ်သူ ဘာပြောပြော စိတ်တိုတာ မရှိပါဘူး။ ဆရာထင်တာတော့ သူတို့အနေနဲ့ တိုင်းပြည် ကောင်းဖို့အတွက်ပဲ သူတို့ ပြောတာပါ။ အားလုံးကလဲ တိုင်းပြည် ကောင်းအောင် လုပ်နေတာပဲ။ အမြင်ချင်းကတော့ မတူဘူးပေါ့၊ အဲဒီလို မြင်ပါတယ်။ အဲဒီတော့ အဲဒီလို ပြောမှလည်း အကျိုးရှိမှာပေါ့။ အားလုံးက ဝိုင်းပြီးတော့ တမျိုးထဲချည်း ဝိုင်းပြီးတော့ ပြောလို့ မကောင်းဘူး။ အားလုံး ဝိုင်းပြီးတော့ ပြောမှလည်း ဒါတွေက အဖြစ်မှန်ကို သိမှာပေါ့”


Ref: မဇ္ဈိမ

0 comments:

အပေါ်သို့