..............................

Tuesday, May 3, 2011

လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်

ဧပြီ ၂၉၊ ၂၀၁၁ ရက်နေ့ အာရ်အက်ဖ်အေ အစီအစဉ်


● မေးသူ ။ ။ သန်းဝင်းလှိုင် (ထိုင်းနိုင်ငံရောက် စာရေးဆရာ)
● မေးခွန်း ။ ။ အမ နေကောင်းပါသလားခင်ဗျား။ ကျနော် ပထမဦးဆုံး မေးချင်တာကတော့ ၂၀၀၃ မေလ ဒီပဲယင်း မှာပေါ့နော် ... လူတစုပေါ့၊ အဲဒီလူတွေရဲ့ မတရားရိုက်နှက် လုပ်ကြံ သတ်ဖြတ်တဲ့ ဒီပဲယင်း အရေးအခင်းကြီးမှာ အမ ဘယ်လို လွတ်မြောက် သွားသလဲ ... ကျနော် သိချင်ပါတယ်၊ ကျေးဇူးတင်ပါတယ်။

● ဖြေ ။ ။ ဆရာသန်းဝင်းလှိုင် ပေးတဲ့ စာအုပ်တွေကို ရကြောင်း အခုမှပဲ ပြောဖို့ အခွင့်အခါကြုံလို့ ပြောပါ ရစေ။ ကျေးဇူး အများကြီး တင်ပါတယ်။ ဒီပဲယင်းတုန်းက ကိစ္စကို အသေးစိပ် ပြောဖို့ဆိုလို့ ရှိရင်တော့ အစီအစဉ် တခု သတ်သတ်ကို လုပ်မှာပါ။ အတိုချုံး ပြောရမယ် ဆိုရင်တော့ ကားမောင်းတဲ့ လူငယ်က အင်မတန်မှ ကျွမ်းကျင်လို့ ဘယ်သူလို့ မှန်းရခက်တဲ့ လူတွေက လမ်းကို ပိတ်ဆို့ တားဆီးဖို့ ကြိုးစားနေတဲ့ အထဲက နေပြီးတော့ ဖောက်ထွက် နိုင်ခဲ့တာ ဖြစ်ပါတယ်။

● မေးသူ ။ ။ဒေါ်လွင်လွင်မြင့် (အရှင်ဂမ္ဘီရ၏ အမ)
● မေးခွန်း ။ ။ အန်တီစုရေ ကျန်းမာပါရဲ့လားရှင်?။ ကျမသိချင်တဲ့ မေးခွန်းကတော့ ၂၀၀၃ ဒီပဲယင်းအရေး အခင်းနဲ့ ပတ်သက်ပြီး အန်တီ ဘယ်လို သဘောထား ပါသလဲ?..။ အဲဒီ ဒီပဲယင်း အရေးအခင်း အပြီး မှာ ညောင်နှစ် ပင်ညီလာခံ တက်ဖို့ NLD က အစိုးရနဲ့ ညှိနှိုင်း စီစဉ်ခဲ့တယ် ဆိုတာ ကျမတို့ ကြားခဲ့ရပါတယ်။ အဲဒါ ဟုတ်ပါသ လား?.. အန်တီ။ ဟုတ်မှန်တယ် ဆိုရင် ညီလာခံတက်ဖို့ ဘာကြောင့် ပျက်ပျယ် သွားခဲ့တယ် ဆိုတာကို အန်တီ့အနေ နဲ့ ပြောပြ နိုင်လားရှင်?..။ အန်တီစု ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပါစေ။

● ဖြေ ။ ။ မလွင်လွင်မြင့် RFA က ပြောတာတွေကို နားထောင်ရလို့ သိကျွမ်းပြီးသား လူတယောက်လို့ ခံစား ရပါတယ်၊ ဒီပဲယင်းကိစ္စ အပြီးမှာ အာဏာပိုင်တွေနဲ့ တွေ့ဆုံ စကားပြော သဘောတူညီမှု ယူခဲ့တဲ့ အချက်တွေက ...
၁။ ဒီပဲယင်း အဖြစ်အပျက်ကို စုံစမ်းစစ်ဆေးရန်။
၂။ အဲဒီဖြစ်စဉ်မှာ ထိခိုက်နစ်နာခဲ့သူတွေကို ထိုက်သင့်တဲ့ နစ်နာကြေးပေးရန်။
၃။ နောင်အခါမှာ ဒီလိုအဖြစ်အပျက်မျိုး ထပ်မံမဖြစ်ဖို့  နှစ်ဦးနှစ်ဖက် ပူးပေါင်း ဆောင်ရွက်ရန်။
၎။ ဒီပဲယင်းနဲ့ ပတ်သက်လို့ အဖမ်းဆီးခံနေရသူအားလုံးကို ပြန်ပြီးတော့ လွှတ်ပေးရန် …ဆိုတာတွေ ဖြစ်ပါတယ်။
NLD ဖက်ကတော့ မိမိတို့ ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေကို အမျိုးသား ညီလာခံ လွှတ်ဖို့ သဘောတူ လိုက်ပါတယ်။ ဒီအချက် အားလုံးကို နှစ်ဦးနှစ်ဖက် လက်ခံပြီးမှ အမျိုးသား ညီလာခံ စဖို့ ရက်အနည်းငယ်လေး အလို မှာ အန်တီ့ကို မလွှတ်ပေးဘူး ပြောတာက စပြီး သဘော တူညီချက်တွေကော ဆွေးနွေးတာတွေကော ပျက်သွားပါ တယ်။

● မေးသူ ။ ။ ကိုဇော်ဌေး (မလေးရှား )
● မေးခွန်း ။ ။နေကောင်းလားမေမေ?..။ သားနာမည်မောင်ဇော်ဌေး၊ မလေးရှားနိုင်ငံ ဘန်စာမြို့မှာ နေပါတယ်။ သားက အမေစု လွတ်မြောက်အောင် မလေးရှား နိုင်ငံမှာ ဆန္ဒပြရင်း ရဲ ဖမ်းမိလို့ ထောင် ၁ နှစ် ကျခဲ့ပါတယ် အမေ။ နိုင်ငံခြားမှာ ဆန္ဒပြတာ ထောင် ၁ နှစ်ပဲ ကျတယ်အမေ။ မြန်မာနိုင်ငံက သံဃာတော်၊ ညီအကို၊ ညီအမ များဟာ အမိ တိုင်းပြည်အတွက် ဒီမိုကရေစီ ရအောင် ဆန္ဒပြတာ ဘာလို့ နှစ်တွေ အများကြီး ပေးဆပ် နေရတာလဲ အမေ၊ သူတို့ကို အရမ်း သနားတယ် အမေ။ ဒီကိစ္စဟာ ဆုတောင်းရုံနဲ့ ပြီးနေမယ့် ကိစ္စ မဟုတ်နိုင်တော့ဘူး အမေ။ သူတို့ အမြန်ဆုံး လွတ်မြောက် စေချင်တယ် အမေ။ သူတို့ အမြန်ဆုံး လွတ်မြောက်အောင် သားတို့ ဘာတွေ လုပ်ကြရင် ကောင်းမလဲ မေမေ။ ဖြစ်နိုင်မယ် ဆိုရင် သားတို့ လူငယ်ထုကြီးကို နိုင်ငံချစ်တဲ့စိတ်၊ တာဝန်ယူ တတ်တဲ့စိတ်မျိုး များများ ဖြစ်လာအောင် RFA အသံလွှင့်ဌာနက ၂ ပတ် ၁ ခါလောက် နာရီဝက် မိန့်ခွန်း ပြော ကြားပေး စေလိုပါတယ် အမေ။ အမေနှင့် တကွ အမိနိုင်ငံ ချစ်သူများအားလုံး လိုအင်ဆန္ဒ အမြန်ဆုံး ပြည့်မြော က်နိုင်ပါစေ အမေ။

● ဖြေ ။ ။ သားအခုပြန်ပြီး လွတ်မြောက်နေတာကို သိရလို့ ဝမ်းသာပါတယ်။ ပြည်တွင်းက နှစ်ရှည် အကျဉ်း ကျခံနေရတဲ့ ရဲဘော် ရဲဘက်တွေအတွက် စဉ်းစား ပူပန်ပေးတာ အတွက်လည်း ကျေးဇူး တင်ပါတယ်။ ဆုတောင်း နေရုံနဲ့တော့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်လာမှာ မဟုတ်ဘူး ဆိုတာကတော့ အမှန်ပါပဲ။ သားတို့လို စွန့်စွန့်စား စားနဲ့ တတ်နိုင်သမျှ လုပ်ပေး သူတွေကြောင့်လည်း အမေ လွတ်လာတာလို့ ယုံကြည်ပါတယ်။ ဒီလိုပဲ နည်းအမျိုးမျိုး နဲ့ ဆက်ကြိုးစား နေရင်းနဲ့ နိုင်ငံရေး အကျဉ်းသားတွေ အတွက် တတ်နိုင်တဲ့ ဘက်က ကူညီ ထောက်ပံ့ စေချင်ပါ တယ်။ မလေးရှားက အကျဉ်းထောင်တွေ အကြောင်းတော့ မသိဘူး။ ဒီမြန်မာ နိုင်ငံမှာဆိုရင် ထောင်တွင်းကျွေး စာနဲ့ ဘယ်လိုမှ ကျန်းမာရေးကို ထိန်းသိမ်းနိုင်တာ မဟုတ်လို့ အစားအစာ ပို့ရတာကိုကပဲ အကျဉ်းကျ မိသားစုတွေ အတွက် ဝန်ထုပ်ဝန်ပိုးကြီးတခု ဖြစ်နေပါတယ်။ အမေလည်း အချိန်ပြည့် အလုပ်တွေ လုပ်နေရလို့ လောလော ဆယ်တော့ အသံလွှင့် ဌာနမှာ မိန့်ခွန်းပြောဖို့ မစီစဉ်နိုင်သေးတာကိုလည်း နားလည် ပေးစေချင်ပါတယ်။

● မေးသူ။ ။ မကြေးမုံ (စင်္ကာပူ)
● မေးခွန်း။ ။ မင်္ဂလာပါ အန်တီ။ အန်တီ့ကို သမီး Personal နဲ့ ပတ်သက် တဲ့ မေးခွန်းလေး တခု မေးခွင့် ပြုပါနော်။ ဒီမေးခွန်းကို သမီး တယောက်ထဲ အတွက် မေးတာ မဟုတ်ပဲ သမီးလိုပဲ ကိုယ့်ရဲ့ အိမ်နဲ့ ဝေးနေတဲ့ ကိုယ့်မိသားစုနဲ့ ဝးနေတဲ့ လူတွေရဲ့ကိုယ်စား မေးတယ်လို့ သဘောထား စေချင်ပါတယ်ရှင်။ ဒီမေးခွန်းကို အန်တီဖြေရင် လဲ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးတယောက် အနေနဲ့ နိုဘယ်လ်ဆုရှင် တယောက်အနေနဲ့ မဟုတ်ပဲ သာမန်မိခင် အမျိုးသမီး တယောက် အနေနဲ့ ကျေးဇူးပြုပြီး ဖြေပေးပါရှင်။ သမီးသိချင် တာကတော့ အခုအချိန်ကနေ စပြီး အန်တီ ရှေ့ဆက်မဲ့ ဘဝရဲ့ အချိန်တွေကို ဖြတ်သန်းချင်တဲ့ အန်တီ့ ရင်ထဲမှာ တကယ်ကို မျှော်လင့်နေတဲ့ ဆန္ဒတချို့ကို သိချင်ပါတယ် အန်တီ။ ကျေးဇူးတင်ပါတယ် အန်တီ။

● အဖြေ။ ။ ပထမဦးဆုံးကတော့ အန်တီတို့တတွေ အားလုံး တောင်းတနေတဲ့ ပြည်သူနဲ့ နိုင်ငံကို အကျိုးပြုစေ မယ့် နိုင်ငံရေး အုပ်ချုပ်ရေး စနစ် မြန်မာပြည်မှာ ပေါ်ထွန်းလာတာကို မြင်ချင်ပါတယ်။ ဒုတိယ အနေနဲ့ ဒီစနစ် ခိုင်မာလာပြီ ဆိုတာ စိတ်ချ နိုင်ချင်ပါတယ်။ တတိယက မြန်မာနိုင်ငံသားတွေ သာမက ကမ္ဘာ တဝှမ်းမှာ ဒုက္ခဆင်း ရဲ ရောက်နေတဲ့ လူတွေကို ကူညီ စောင့်ရှောက်တဲ့ လုပ်ငန်းတွေမှာ တတ်နိုင်သလောက် ပါဝင်ပြီးတော့ လုပ်ဆောင်ချင်ပါတယ်။ နောက်ဆုံး ပုဂ္ဂိုလ်ရေး အရကတော့ အန်တီ့ရဲ့ သားတွေ မိတ်ဆွေတွေအ တွက် အေးေ အးဆေးဆေး အချိန်ပေးတာမျိုး တာဝန်အရ မဟုတ်ပဲ ဝါသနာအရ ဖတ်ချင်တဲ့ စာအုပ်တွေ ဖတ်တာမျိုး လေးလေး နက်နက် တရား အားထုတ်တာမျိုးတွေ လုပ်ချင်ပါတယ်။ ထူးထူးခြားခြား ဘာမှ မပါပါဘူး။ လူသား တယောက် ရနိုင်တဲ့ အေးချမ်းမှုကိုပဲ လိုချင်တာပါ။

● မေးသူ ။ ။ ကိုဖုန်းလှိုင် (တိုကျို၊ဂျပန်)
● မေးခွန်း။ ။ ကျနော့နာမည်က ဖုန်းလှိုင်လို့ ခေါ်ပါတယ်။ ဂျပန်နိုင်ငံက မြန်မာ အလုပ်သမား သမဂ္ဂက ဒုတိယ ဥက္ကဋ္ဌ ဖြစ်ပါတယ်။ အဖွဲ့နာမည်က (FWUBC) ကျနော်တို့ သမဂ္ဂမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ပေါ့နော် အယူအဆ တခုရှိပါတယ်။ ပထမ အယူအဆ ဖြစ်တဲ့ ကျနော့် အယူအဆကတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ရဖို့က နံပါတ် ၁ ဖြစ်တယ်။ ဒီမိုကရေစီ ရပြီးမှ ဒီအလုပ်သမား သမဂ္ဂတွေ ပြန်ထူထောင်မယ် ပေါ့နော်။ ထူထောင်ပြီးတော့မှ အလုပ်သမား အခွင့်အရေးကို ကြိုးစား မယ်ပေါ့နော်။ နောက် ကျန်တဲ့ အယူအဆတခုကတော့ အလုပ်သမား သမဂ္ဂတွေ လက်ရှိ ထူထောင်ပြီးတော့မှ ဒီမိုကရေစီရဖို့ကို ဒုတိယ ကြိုးစားမှာ ဖြစ်ပါတယ်။ ပတ်သက်ပြီးတော့ ဒေါ်အောင် ဆန်းစုကြည်ရဲ့အမြင်ကို ကျနော် သိချင်ပါတယ်။

● ဖြေ ။ ။ ဒီမိုကရေစီရရှိရေးနဲ့ သမဂ္ဂတွေ ဖွဲ့ပိုင်ခွင့်စတဲ့ ဒီမိုကရေစီနဲ့ သက်ဆိုင်တဲ့ အခွင့်အရေးတွေ ရရှိရေး ၂ မျိုး လုံးကို တချိန်ထဲမှာပဲ တတ်နိုင်သလောက် လုပ်ရမယ်လို့ ထင်ပါတယ်။ ကျောင်းသား သမဂ္ဂပဲဖြစ်ဖြစ် အလုပ် သမားသမဂ္ဂပဲ ဖြစ်ဖြစ် တောင်သူ လယ်သမား သမဂ္ဂပဲဖြစ်ဖြစ် သမဂ္ဂပေါင်း အမျိုးစုံဟာ တကယ်ကို ပြည့်ပြည့်ဝဝ လှုပ်ရှားနိုင်ဖို့ ဆိုရင် ဒီမိုကရေစီ အုပ်ချုပ်ရေး စနစ်တခု လိုပါတယ်။ ဒါပေမယ့် သမဂ္ဂတွေ ထူထောင်ဖို့ ကြိုးစားခြင်း ဆိုတာလဲ ဒီမိုကရေစီအရေး ရဖို့ ကြိုးစားခြင်းဖြစ်လို့ ဒီမိုကရေစီ ရရှိရေးနဲ့ သမဂ္ဂ ထူထောင်ရေး ၂ မျိုးစလုံးကို တတ်နိုင်သမျှ ဒွန်တွဲပြီး လုပ်သွား စေချင်တယ်လို့ ပြောတာ ဖြစ်ပါတယ်။

● မေးသူ ။ ။ ဝိုင်မြင့်ချို (တောင်ကိုရီးယား)
● မေးခွန်း ။ ။ မင်္ဂလာပါ အမေ ... ကျနော် ဝိုင်မြင့်ချိုပါ။ ကိုးရီးယားကပါ အမေ။ ကျနော် သိချင်တာက ကျနော်တို့ မြန်မာ လူမျိုးတွေဟာ ကောက်ရိုးမီးလိုပဲ စိတ်အတက် အကျ မြန်တဲ့ သဘောကို လူတော်တော်များများ မှာ တွေ့ရပါတယ်။ ကိုယ်ယုံကြည်ရာကို တစိုက်မတ်မတ် လုပ်တတ်တဲ့ စိတ်အနေအထားမျိုးကို ဘယ်လို စိတ်ဓာတ် အခြေခံမျိုးနဲ့ မွေးမြူ သင့်ပါသလဲ ဆိုတာကို သိချင်ပါတယ် အမေ။ အမေ ရွှင်လန်း ချမ်းမြေ့ပါစေခင်ဗျာ။

● ဖြေ ။ ။ခံနိုင်ရည်နဲ့ ဇွဲမရှိတာဟာ ငယ်စဉ်ကထဲက ပြုစုပျိုးထောင်မှုနဲ့ ဆိုင်မယ်လို့ ထင်ပါတယ်။ စိတ်ရှည်လက် ရှည်နဲ့ ပင်ပန်းခံပြီး ကလေးတွေကို သွန်သင် ဆုံးမရမယ့်အစား အလွယ်နည်းသုံးပြီး ပြုစုပျိုး ထောင်မယ်ဆိုရင် ကလေးတွေကလည်း ခံနိုင်ရည်တို့ ဇွဲတို့ ရှိဖို့ဆိုတာ မလွယ်ပါဘူး။ ကြီးလာမှ ပုံသွင်းဖို့ ခက်တယ် ဆိုပေမယ့် တကယ်ပဲ ကိုယ့်ကိုယ်ကို ပြုပြင်ချင်ရင် ရပါတယ်။ ယုံကြည်ရာကို တစိုက်မတ်မတ် မလုပ်ခင် ခိုင်မာတဲ့ ယုံကြည် ချက်ရှိဖို့ လိုပါတယ်။ ဒီလို ယုံကြည်ချက် ရှိဖို့ ဆိုတာကတော့ ကိုယ်ကျင်လည် နေတဲ့ ဘဝကြီးကို ဆင်ခြင် သုံးသပ်ပြီး လူတယောက် အနေနဲ့ ဘယ်လို တန်ဖိုးရှိအောင် ဘယ်လို နေရမလဲ ဆိုတာကို စဉ်းစားခြင်းနဲ့ ရလာလိမ့်မယ်လို့ ထင်ပါတယ်။

● မေးသူ ။ ။ မခိုင်သီတာအောင်။
● မေးခွန်း။ ။ မင်္ဂလာပါ အန်တီစုရှင့် ကျမ မခိုင်ပါရှင်။ ကျမ ပြည်တွင်းနဲ့ ထိုင်းနိုင်ငံ တောင်ပိုင်းတွေမှာ လူမှုရေး လုပ်ငန်းတွေ လုပ်ခဲ့ပါတယ်။ အခုလက်ရှိမှာတော့ ဗမာပြည်ထဲက အမျိုးသမီးနဲ့ မူလတန်းကျောင်း ပညာရေးတိုး တက်ရေး လုပ်ငန်းတွေကို လုပ်နေပါတယ်။ တဖက်ကလည်း အမေရိ ကန်နိုင်ငံမှာ ပညာရေးနဲ့ ပတ်သတ်ပြီး သုတေသနပြု ပါရဂူဘွဲ့ယူဖို့ ကြိုးစား နေပါတယ်။ အန်တီစုကို လေးလေးနက်နက် ယုံကြည် ထောက်ခံတဲ့ သူတယောက် အနေနဲ့ ဘယ်လို အပိုင်းတွေကနေပြီး ကျမ ဘာတွေ ဝိုင်းဝန်း လုပ်ကိုင် ပေးနိုင်မယ် ဆိုတာကို သိပါ ရစေရှင်။ ကျေးဇူး တင်ပါတယ်ရှင်။

● အဖြေ ။ ။ သမီးတို့လို ပညာရေးနဲ့ပတ်သတ်လို့ အထူးလေ့လာနေတဲ့သူတွေ၊ လေ့လာ ထားတဲ့ သူတွေဟာ အန်တီတို့ နိုင်ငံကို အများကြီး အကျိုးပြုနိုင်ပါတယ်။ လက်ရှိ အင်မတန်မှ နိမ့်ကျနေတဲ့ မြန်မာနိုင်ငံ ပညာရေး စနစ်ကို ဘယ်လို နည်းတွေနဲ့ အမြန်ဆုံး မြှင့်တင်နိုင်မယ် ဆိုတာနဲ့ ပတ်သက်လို့ အကြံဉာဏ် ပေးရုံတင်မက တနေ့တချိန် တခါမှာ ကိုယ်တိုင် ပါဝင် လုပ် ဆောင် နိုင်မယ်လို့ မျှော်လင့်ပါတယ်။ အခုတော့ အန်တီတို့ ဒီမိုကရေ စီကွန်ယက်က ထူထောင်ထားတဲ့ ကျောင်းစီမံကိန်း ကလေးတွေကို ပြည်သူတွေ ဝိုင်းဝန်း ပံ့ပိုးနိုင်မယ့် နည်းတွေကို အကြံပြုနိုင်မယ် ဆိုရင် သိပ်ကို အထောက်အကူ ဖြစ်မှာပါ။

(ABMA ၀ိုင်းတော်သားများက စာဖိုင်ဖြည်ပါသည်)

Ref: မိုးမခ

0 comments:

အပေါ်သို့