..............................

Friday, May 6, 2011

လေမဟုတ် အလုပ်နဲ့ ပြဖို့လို

လူထုစိန်ဝင်း
Monday, 02 May 2011

ခွင့်မပန်ဘဲ ရုတ်တရက် တစ်လလုံးလုံး စာရေးဖို့ ပျက်ကွက်ခဲ့တဲ့ အတွက် စာဖတ် ပရိသတ်များကို တောင်းပန် ပါရစေ။ စိတ်စေတနာနဲ့ တစ်နယ် တစ်ကျေးက၊ နိုင်ငံရပ်ခြားက ဖုန်းဆက်ကြ စာရေးကြပြီး စုံစမ်း မေးမြန်း ကြသူများနဲ့ အိမ်အရောက်လာပြီး ကြည့်ရှုကြသူ အားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ဦးစွာပထမ ပြောကြား လိုက်ရပါစေ။

ပူလိုက်အေးလိုက်
အားလုံး စိတ်ပူကြတဲ့အတိုင်း နည်းနည်း နေထိုင်မကောင်း ဖြစ်သွားလို့ပါ။ ဒီနှစ် မတ်လက ရာသီဥတု တော်တော် ဖောက်ပြန်တယ်။ ပူလိုက် မိုးရွာချလိုက်၊ အေးချင် အေးလာလိုက်နဲ့ ခုတစ်မျိုး တော်ကြာတစ်မျိုး အစိုးမရ ဖြစ်ချင်တိုင်း ဖြစ်နေတာ။ အိန္ဒိယ သမုဒ္ဒရာထဲ မုန်တိုင်း ဖြစ်ပြီး မြန်မာပြည်ထဲ ၀င်မလိုလို သတင်းတွေကလည်း ဖြစ်နေသေးတယ်။ နောက်တော့ မတ်လထဲမှာ မြန်မာပြည်ကို မုန်တိုင်းဝင်တဲ့ ထုံးစံ မရှိဘူးလို့ ရဲရဲပြောခဲ့တဲ့ မိုးလေ၀သ ဦးထွန်းလွင်ရဲ့စကားမှန်လို့ တော်သွားတာပေါ့။ ဒါတောင် အယ်လ်နီညိုနဲ့ လာနီညာ ကလိတဲ့ ဒဏ်ကတော့ မလွတ်ဘူး။ လမ်းပေါ်မှာ တံလျပ်ငွေ့တွေ တလူလူပျံပြီး ကျောကော့အောင် ပူနွေးနေရာက ရုတ်တရက် လေတွေတိုက်ပြီး မိုးတွေ ရွာချင်ရွာချပြန်ရော၊ အပူ သက်သာသွားလို့ ၀မ်းသာမလို ဖြစ် ခါရှိသေး နောက်နေ့ မိုးလင်းတော့ ခြစ်ခြစ်တောက် လာပြန်ရော၊ အစိုးရတာ တစ်ခုမှ မရှိဘူး။ ဖောက်ပြန်ချင်တိုင်း ဖောက်ပြန် နေတော့တာပဲ။

ရောဂါသည်က သိတယ်
မတ်လကုန်ခါနီး တစ်ရက်ကတော့ တစ်သက်မှာ တစ်ခါမှ မကြုံဖူးတဲ့ ရာသီဥတု ဖောက်ပြန်မှု တစ်ခုကို တွေ့ရတယ်။ ထူးဆန်း အံ့သြဖွယ်လို့ ပြောရမလား၊ ပြောမယုံ ကြုံဖူးမှသိလို့ ပြောရမလား ဆိုတာတောင် မဝေခွဲ တတ်တော့ဘူး။ ထူးဆန်းတာတော့ ထူးဆန်းတယ်။ အဲဒီနေ့ကို လူကောင်းတွေ ကတော့ သတိ ပြုမိချင်မှ ပြုမိကြမယ်။ ရောဂါသည်ကတော့ ကောင်းကောင်း မှတ်မိနေတယ်။ အဲဒီနေ့က မိုးလင်း ကတည်းက ပူတာ လူကို ဟောဟဲ လိုက်နေတယ်။

နည်းနည်းလေး လှုပ်မိတာနဲ့ ငါးလိုပါးစပ် ဟပြီး ဖုတ်လှိုက် ဖုတ်လှိုက် အသက် ရှုနေရတယ်။ ထမင်း ၀ါးရတာတောင် မောတယ်။ ညနေစောင်းတော့ လေပြင်း တိုက်ပြီး မိုးတွေ ရွာချလိုက်တယ်။ မိုးက သိပ်များတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ တော်တော် အေးသွားလို့ ညဖက် စောင်ခြုံ အိပ်ရတယ်။

နွေမိုးဆောင်း တစ်ပေါင်းတည်း
မနက်ကျတော့ မိုးမရွာဘူး။ အုံ့ရုံပဲ အုံ့တယ်။ ဒါပေမဲ့ ဆောင်းလို ချမ်းနေတယ်။ တစ်နေ့လုံး မိုးအုံ့လိုက်၊ လေပြင်း တိုက်လိုက်နဲ့ စောင်ခွာလို့ မရဘူး။ မတ်လ နွေခေါင်ခေါင် နေ့လယ်ခင်းကြီးမှာ စောင်ခြုံပြီး ကွေးနေရတယ် ဆိုတာ ယုံနိုင်စရာ မရှိဘူး။ အညာသား တစ်ယောက် အနေနဲ့ ရန်ကုန် ဆောင်းရာသီ မှာတောင် နေ့လယ်ကြီး တစ်ခါမှ စောင်ခြုံ မကွေးခဲ့ဖူးဘူး။ အခုမှ ကြုံဖူးရတယ်။ သဘာဝ တရားရဲ့ ဆန်းကြယ်မှုတွေ အမျိုးမျိုး ကြားဖူး၊ ကြုံဖူးပါရဲ့။ နေ့ရဲ့ သင်္ကေတ နေမင်းကြီးနဲ့ ညရဲ့ သင်္ကေတ လမင်းကြီးတို့ ကောင်းကင်ထက်မှာ နှစ်ပါး ဆိုင်ပြီး အပြိုင် ထွက်နေတာ မြင်ဖူးပါတယ်။ နွေခေါင်ခေါင် မိုးကြိုးပစ်တာ ကြားဖူးသလို၊ ဆောင်းတွင်းကြီး မိုးရွာတာလည်း ကြုံဖူးတယ်။ ဒါပေမဲ့ မနေ့ကလို တစ်နေ့တည်းမှာ နွေမိုးဆောင်း သုံးရာသီ တစ်ပြိုင်တည်း ကျရောက်တာ မျိုးတော့ တစ်သက်နဲ့ တစ်ကိုယ် တစ်ခါမှ မကြုံဖူးဘူး။ ကြားလည်း မကြားဖူးဘူး။

တင်စားတာမဟုတ်
ဥတုသုံးမျိုး တစ်ပေါင်းတည်းကျတယ် ဆိုတာက သဘောလောက်သာ မဟုတ်ဘူး။ တင်စား ပြောတာ မဟုတ်ဘူး။ တကယ် ပီပြင်တာ။ နွေကနွေလို ခြစ်ခြစ်တောက် ပူသလို၊ မိုးကလည်း မိုးပီပီသသ အုံ့ဆိုင်း မှုန်မှိုင်းပြီး ရွာချတာ။ မိုးရပ် သွားတာတောင် အုံ့မှိုင်း နေတုန်းပဲ။ ချမ်းတဲ့ နေရာ ကျတော့လည်း ရန်ကုန် ဆောင်းနဲ့ မတူဘဲ အညာဆောင်းလို စောင်ခြုံထဲက မထွက်နိုင်တဲ့ အချမ်းမျိုး။ ထူးထွေ တည့်အံ့ရာသောဝ်လို့ ဆိုရမယ့် အခြေအနေပဲ။ နောက်နေ့ ရောက်တော့ ချမ်းတယ်ဆိုတာ ဘယ်ရောက်သွားမှန်း မသိတော့ဘူး။ ချက်ချင်းပဲ ပူလာလိုက်တာ ကိုယ့်အသား ကိုယ်ထိရင်တောင် အငွေ့ ထွက်လာသလို ခံစားရတယ်။ ရာသီဥတုက လူတွေကို ကျီစားနေသလို အောက်မေ့မိတယ်။

ကျေးဇူးတင်ကြောင်းပြောချင်လို့
နွေမိုးဆောင်း တစ်ပေါင်းတည်းကျတဲ့ ဒဏ်ကို မကျန်းမာတဲ့ ခန္ဓာကိုယ်က မခံနိုင်ဘူး။ အသက်ရှု ကြပ်ပြီး မောလာတယ်။ ခါတိုင်းလို ရှုဆေး ရှုလိုက်တာနဲ့ သက်သာ မသွားဘူး။ ဗင်တိုလင် ရှုဆေးကို စက်နဲ့ မှုတ်သွင်းပြီး ရှုလည်း ခဏပဲ သက်သာသွားတယ်။ ပြီးတော့ ကြပ်မြဲကြပ်ပြီး မောမြဲ မောနေတော့တယ်။ နည်းနည်းလေးမှ အလှုပ်မခံတော့ ဆေးရုံလည်း မသွားနိုင်ဘူး။ အနီးကပ် စောင့်ရှောက် ပေးနေတဲ့ ဆရာလေးကိုပဲ အကြောင်းကြား ရတယ်။ ဆရာလေးရဲ့ ဂရုစိုက်မှုကြောင့် သေကောင် ပေါင်းလဲတော့ မဖြစ်လိုက်ဘူး။ ခံတော့ တော်တော် ခံလိုက်ရတယ်။ တစ်လလုံး စာမရေးဘဲ နားလိုက်တယ်။ အခုတော့ သက်သာလာပြီ ဖြစ်တာက တစ်ကြောင်း၊ စိတ်ပူကြတဲ့ စာဖတ် ပရိသတ်များကို ကျေးဇူးတင်ကြောင်း ပြောချင်တာက တစ်ကြောင်းကြောင့် ဒီစာကို ရေးလိုက်ရတာ ဖြစ်တယ်။

ကွန်ကရစ်ဖုန်းဆိုးတောကြီး
ရှိတုန်းက တန်ဖိုးမထားဘဲ မရှိတော့မှ အဖိုးတန်မှန်း သိတာ လူ့သဘာဝပဲ။ အညာသား ဖြစ်လို့ တော်ရုံ အပူလောက်ကို မမှုပါဘူး။ အခု ရောဂါ ရတော့မှ အပူကို ကြောက်ပြီး သစ်ရိပ် ၀ါးရိပ်တွေကို တမ်းတမိတယ်။ ဒါပေမဲ့ အချိန်က အများကြီးနှောင်း သွားပြီ။ ကျောင်းသား ဘ၀က နေပြောက် မတိုးတဲ့ ရန်ကုန်-မန္တလေး မီးရထားနဲ့ ကားလမ်း တစ်လျှောက်က ကျွန်းတောကြီးတွေ မရှိတော့ဘူး။ ၀ါဆိုပန်းခူး ထွက်ကြတဲ့၊ မင်္ဂလာဒုံနဲ့ ထောက်ကြန့် ဘက်က တောအုပ်တွေ ပျောက်ကွယ် သွားပြီ။ ည ၉ နာရီခွဲပွဲ ရုပ်ရှင်ကြည့်ပြီး အပြန် ပန်းဆိုးတန်း တစ်လျှောက်မှာ ကလေးတွေနဲ့ အလုအယက် ပန်းကောက် ခဲ့ကြတဲ့ ခရေပင်ကြီးတွေ မရှိတော့ဘူး။ စိမ်းညို့နေတဲ့ ခရေပင်ကြီးတွေ၊ မန်ကျည်းပင်ကြီးတွေနဲ့ ကုက္ကိုပင်ကြီးတွေ နေရာမှာ ခုတော့ ကွန်ကရစ် ဖုန်းဆိုး တောကြီးပဲ ရှိတော့တယ်။

တိုးတက်မှုနဲ့ ဆုတ်ယုတ်မှု
ဒါကိုပဲ မြို့ပြဖွံ့ဖြိုး တိုးတက်မှုလို့ ခေါ်နေကြသေးတယ်။ တိုးတက်မှုနဲ့ ဆုတ်ယုတ် ပျက်စီးမှုကို လူတွေ ခွဲခြား မသိကြဘူး။ ရောဂါရမှ သိကြရတယ် ဆိုရင် ဘယ်ကောင်းမှာလဲ။ အခု ဆယ်စုနှစ် တစ်ခုလောက် အတွင်းမှာ
သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ရေးဆိုင်ရာ ပညာပေး လှုံ့ဆော်မှုတွေ တော်တော်လေး လုပ်ကိုင် လာကြတာ တွေ့ရလို့ စိတ်သက်သာ ရသေးတယ်။ အနယ်နယ် အရပ်ရပ်မှာ သစ်ပင်စိုက်တဲ့ သတင်းတွေလည်း ကြားသိ တွေ့မြင် နေရတယ်။ အခုစိုက်တဲ့ အပင်တွေ သစ်ပင်ကြီး ဖြစ်လာဖို့က ကိုးနှစ်၊ ဆယ်နှစ် အချိန် ယူရဦးမယ်။ လောလောဆယ် သက်တမ်း လေးငါးဆယ် ရှိနေတဲ့ သစ်ပင်ကြီးတွေကို ခုတ်လှဲခြင်း မပြုလုပ်ဖို့လည်း တားဆီး ကာကွယ်ဖို့ လိုပါတယ်။ လမ်းဖောက်လို့ အဆောက်အဦဆောက်လို့ ဆိုပြီး သက်တမ်းရင့် သစ်ပင်ကြီးတွေကို လက်လွတ်စပယ် ခုတ်လှဲခြင်း မပြုဖို့ လိုပါတယ်။

သက်သေပြပါ
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့၊ ပတ်ဝန်းကျင် စိမ်းလန်း စိုပြည်ရေးတို့၊ သစ်ပင် စိုက်ရေးတို့ လှုံ့ဆော် ဟောပြောနေကြတာ အလွန်ကောင်းတယ်။ လက်တွေ့ များများ စိုက်ကြရင် ပိုကောင်းတယ်။ အခုတော့ အစိုက်နဲ့ အခုတ် တစ်ဖက်စောင်းနင်း ဖြစ်နေတယ်လို့ ထင်တယ်။ များများစိုက်ပြီး နည်းနည်းပဲ ခုတ်ကြပါလို့ တောင်းပန် ချင်တယ်။ ဖုန်းဆိုးတော ဖြစ်ပြီးမှ အိုအေစစ် ပြန်ဖြစ်အောင် လုပ်ဖို့ မလွယ်ပါဘူး။ Action speak louder than word အပြောထက် လက်တွေ့က ပို အရေးကြီးတယ် ဆိုတဲ့ စကားအတိုင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စကို လေမဟုတ် အလုပ်နဲ့ သက်သေပြကြပါလို့ နှိုးဆော် လိုက်ရပါတယ်။

Ref: EMG News

0 comments:

အပေါ်သို့